Thursday, January 31, 2008
သူမ၏ မျက်နှာဖုံးကို ချွတ်ခွာလျက်
တိတ်ဆိတ်သော မေတ္တာခြေလှမ်းများဖြင့်
အလင်းနောက်သို့
လျိုဝှက်ညင်သာစွာ
လိုက်လာ၏
Labels: ရာဘန္ဒြာနတ်(သ်)တဂိုး
အစစ်အမှန်၏ အဓိပါယ်ကို
လွဲမှားစွာကောက်ယူ
တက်ကြသည်။
ပြီးနောက်
နေရာထားမှားသဖြင့်
မစစ်မမှန် ဖြစ်လာရသည်။
ရာဘန္ဒြာနတ်(သ်)တဂိုး
Labels: ရာဘန္ဒြာနတ်(သ်)တဂိုး
ကဗျာရေးဖို့အတွက်
ကျွန်တော်လူလုပ်နေတာပါဆိုတော့
တချို့ကမေးငေါ့ကြတယ်…အမေ
မွဲချင်တဲ့ခွေးပြာပုံကိုပဲရွေးတယ်လို့
ပြာပုံထဲက အနွေးဓါတ်က
သိုးမွေးထည်ယဉ်ကျေးမှုမြင့်မြတ်တာ
ဘယ်သူတွေသိတတ်မလဲ…..။
ကိုယ်ဟာကိုယ်တောင်
လူမွေးလူတောင်မပြောင်လို့
ကြွေးဟောင်းတွေမကြေခဲ့ဘူး…။
အမေ့ ကျေးဇူးဘန်းပြပြီး…
တခြားမိသားစုတွေရဲ့မျက်ရည်တွေကို
အဖိုးတန်တဲ့အရာတွေဖြစ်အောင်
ကျွန်တော်အသွင်ပြောင်းမပေးတတ်ဘူး…အမေ
ကျွန်တော်ရိုးသားခဲ့ပါတယ်…
ကျွန်တော်ကြိုးစားခဲ့ပါတယ်…
ကျွန်တော်ရင်ဆိုင်ရတဲ့ခေတ်က
အဲဒီလောက်နဲ့မလုံလောက်ဘူးတဲ့…အမေ
အမေ့သားက ကဗျာရေးရုံပါ
ဘာမှမဟုတ်ခဲ့ဘူး ဘာမှမရှုပ်ခဲ့ဘူး
အမှန်တရားအတွက်ဆို
သားဖွားပြီးစ ကျားသစ်မလို
ရန်လိုနေတတ်တာတစ်ခုပါ…
ကျွန်တော်ဆီမှာဗျူဟာမရှိဘူးလို့
ကောက်ကျစ်သူတွေကဝေဖန်ကြတယ်
ကျွန်တော်ကအရိုင်းဆန်ရုံသက်သက်ပါ
မယုတ်မာခဲပါဘူး…အမေ
ဒီဘ၀မှာမကြေခဲ့တဲ့အမေ့အကြွေးတွေအတွက်
သံသရာမှာကျွန်တော့်အမေ ထပ်လုပ်ပါ…
အခုတော့သားကဗျာရေးပါရစေ
စာနာမှုတွေဆီ
လောကလှည်းအိမ်ကို
မြင်းအိုကြီးတစ်ကောင်လိုဆွဲယူနေပါရစေ..အမေ
မိုးလှိုင်ည
Labels: ကျွန်တော်ကြိုက်သောကဗျာများ
သိပ်မိုက်ခဲ့တာပေါ့ ..
အကြင်နာနဲ့ ညင်ညင်သာသာ ပြုံးပြခဲ့တဲ့
အမေ့ရဲ့ အပြုံးတွေကိုပဲ မြင်ခဲ့မိတယ်
ရင်ဗလာနဲ့ နွမ်းလျညှိုးငယ်နေမဲ့ အမေ့ကို မမြင်ခဲ့မိဘူး
အမေ့ရင်ကို အလိုဆန္ဒတစ်ခုတည်းနဲ့ တူးဖော်ခဲ့တဲ့ ကျွန်တော်
ဘ၀မှာ လမ်းချော်သွားမှာစိုးလို့
အမေပေးခဲ့ရတဲ့ အလျော်အစားတွေ
အမေစတေးခဲ့ရတဲ့ သိမ်ငယ်မှုတွေ
အမေကျော်ဖြတ်ခဲ့ရတဲ့ မပြည့်စုံမှုတွေ
ဘာဆိုဘာမှ မသိခဲ့ရပါဘူး
အမေရယ်လေ..
သူ့ရဲ့ ..တစ်ကိုယ်ရေတစ်ကာယ သောကရိပ်မြုံလေးထဲမှာပဲ
ရင်နင့်ရခြင်းတွေကို စုဆောင်းသိုဝှက်လို့ပေါ့ ..
မေတ္တာရေ အေးမြမြနဲ့
အမေ့ဘ၀ ကန္တာရမှာ
ကျွန်တော့်အတွက် အလှဆုံးပန်းတွေ ပွင့်ပြခဲ့တာ
မိုးအောက်မြေပြင်အနှံ့
ခမ်းနားပြည့်လျှံလို့လေ ..။
Labels: ကျွန်တော်ကြိုက်သောကဗျာများ
မင်းထင်သလို.... မခမ်းနားဘူး
ကောင်မလေးရယ်....
ပခုံးနှစ်ခုကြား ခေါင်းပေါက်တာချင်းတူတယ်
ခြေဖ၀ါး လက်နှစ်လုံး
စခဲ့တာ....ချင်းလည်းတူတယ်...ဆိုပေမယ့်
အကျိုးပေး မကောင်းတော့လည်း
သူများတွေ နှိမ်ရာဖြစ်ခဲ့တယ် ။
နင် သိပ်ချစ်ပါတယ် ဆိုတဲ့
ငါဟာ...ယိုင်တိုင်တိုင်နဲ့
ချိနဲ့နေတဲ့ ကဗျာတွေ ရေးတက်ရုံကလွဲလို့
နင့်အတွက် ဘာအဆင်အရောင်အသွေးမှ ဆင်ပေးနိင်သူ
မဟုတ်တော့လည်း...ခက်တယ်ကွယ်
အနွေးဓတ် မပေးနိင်တော့တဲ့ တစ်ချိန်
အိမ်မက်ထဲက နင်...နိးထလာခဲ့မှာတော့
ငါ....ကြောက်တယ်
Labels: ကဗျာ
Tuesday, January 29, 2008
စနစ်တကျ တွက်ထုတ်ထားတဲ့
ပုံသေနည်း တွေ
သေရည်စက်ရုံက....ပုံစံအမျိုးမျိုးနဲ့ ဖြစ်လာတဲ့
ဘီယာ အရက်ပုလင်း ခွံတွေလောက်
စမက်ကျကျ မရပ်တည်နိင်သလို...အရောင်အသွေးလည်း
စိုပြေနေဖို့ ခဲယဉ်းခဲ့တယ်
ငါကလည်း ငါပဲ
လက်နစ်ဖက် ဖြန့်ထုတ်ဖို့ထက်
စိတ်ကူးနဲ့ ဖဲရိုက်နေတက်တဲ့ကောင်ဆိုတော့
ငါကို ငါလည်း မုန်းတယ်
ကိုယ်ချကျွေးတိုင်း....စားသွားကြတာပဲရှိတယ်
ဘယ်တော့မှ အရောင်းပြောင်းဖို့
သူတို့မကြိုးစားကြဘူး
ထူးခြားမလာတဲ့ မျက်နှာဖုံးစွပ်တွေကို
အရောင်ပြောင်းချယ်လှယ်ဖို့ ကြိုးစားနေမဲ့အစား
လောကကြီးရေ.....လို့အော်ခေါ်ရင်း
ငါ့ကိုယ်ငါ မိုက်ပစ်ပေးပြီး
အဆုံးစီရင် လိုက်တော့မယ် ။ ။
Labels: ကဗျာ
Monday, January 28, 2008
ဘဝဆိုတာ ဆန်းကြယ်သား ... လိုချင်တာရ ၊ ဖြစ်ချင်တာတွေ အားလုံးသာ ဖြစ်မယ် ဆိုခဲ့ရင် ဘဝကို ခရောင်း လမ်းလို့ ဘယ်မှာဆိုကြမှာလဲ။ ဘဝက ထင်သလို ဖြစ်မလာတဲ့ အခါမှာ တစုံတရာကို အပြစ်ရှာ ချင်လာကြတယ်။ ကျုပ်ကတော့ တွေ့ကြုံ ခဲ့သမျှ ၊ ဖြစ်ပျက်သမျှကို ဘယ်သူ့ကိုမှ အပြစ်တင်ဘူး။ ကုန်ကုန်ဗျာ ကံကြမ္မာ ကိုတောင် ယောင်ယမ်းလို့ယိုးမယ် မဖွဲ့ဘူး။ ကံကြမ္မာကို လူက လုပ်တယ်လို့ လက်ခံ ထားလို့ပါ၊ အရာရာကို အကောင်းဘက်က ကြိုးစားလက်ခံတဲ့ အကောင်းမြင် ဝါဒီသမားလို့ ကျုပ်ကိုထင်မှတ်ရင် အမှားကြီး မှားလိမ့်မယ်နော်။ ဒါပေမဲ့ ဘဝရဲ့တကွေ့ တွေ့ကြုံရတာနဲ့ ပြောပြရရင်တော့ ကျုပ်ဘဝခရီလမ်းကြောင်းပေါ် လျှောက်ရင်း ခလုပ်တိုက်ဘူး ပါတယ်။ လမ်းချိုးမှာ လို့ဘဲပြောပြော၊အကွေ့တနေရာဘဲ ပြောပြော၊ ဒေါင့်တဒေါင့်မှာပဲ ပြောပြော တိုက်တာကတော့ တိုက်မိ လိုက်တာဘဲ။
ကျောက်တုံးသေးသေးပဲ ဆိုဆို၊ ချိုင့်သေးလေးမှာ ခြေချော်ကျတာလို့ပဲ မှတ်မှတ်၊ ခလုပ်တိုက်ရင်း ချော်လဲတယ်ပဲ ပြောပြော ဒူးပြဲဖူးပါတယ်။ ဖင်ထိုင်ကျလို့ ရင်ဘတ် တခုလုံးလဲ ကြေမွ၊ အကန်ခံလိုက် ရသလိုပဲဗျာ၊ လူကို စုတ်ပြတ်သတ်သွားတာ ရစရာကို မရှိလိုက်တာဗျာ။ ကျုပ်ဦးနှောက်ကတော့ တော်တော် အလုပ်များသွားတာပေါ့။ ဆွဲထူတဲ့သူကို ဦးဆုံးရှာ။ စောင့်တာ မျိုးကတော့ ဓမ္မတာပေါ့။ ဒူးထောက်ထမလား၊ လက်ထောက်ပြီး ကုန်းထမလား အမျိုးမျိုးဆိုပေမယ့် ။ ပြန်ထဖို့ကအဓိက မဟုတ်လား။ ဘယ်လို ပြန်ထခဲ့တာလည်း ဆိုတာ မမှတ်မိပေမဲ့ ဆွဲထူသူ ရောက်မလာတာက သေချာတယ်ဗျာ။ ပြန်တော့ ထဖြစ်တယ် မတ်မတ်ကြီးဗျ။ နောက်ထပ် လမ်းသွားရင်း ခလုပ်မတိုက် မိအောင် လမ်းကြည့်လျှောက်ဖို့ သင်ခန်းစာလို့ အကောင်းဘက်က မှတ်ယူလိုက်တယ်။ ကျုပ်ပြောမိပါရဲ့ အကောင်းမြင်ဝါဒီသမား မဟုတ်ဘူးလို့။ ဒါပေမဲ့ ဒီလိုခံယူလိုက်တော့ ခလုတ်ကို အပြစ်မတင်မိတော့ဘူးပေါ့။
ဒါကြောင့်ဗျာ…ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်သလို ဆူးခလုတ်တွေချည်း ပြည့်နေတာ မဟုတ်ဘူးဗျ။ လမ်းကောင်းတွေ အများကြီးပါ။ ရွေးချယ်လို့ ရသေးတယ်။ ရှောင်ပေါ့၊ ရွေးပေါ့၊ လျှောက်ပေါ့၊ အဓိက ကတော့ မားမားမတ်မတ် နဲ့ တန်းတန်းရောက်ဖို့ပဲ မဟုတ်လား။ ကျောက်တလုံးကိုပဲ ဖြစ်ဖြစ်၊ ချိုင့်ကလေးကိုဘဲ ဖြစ်ဖြစ် ငါ့မတွေ့ရကောင်းလား မဆဲမိအောင် လမ်းလျှောက်ရင် ခေါင်းမမော့နဲ့ပေါ့။ ခေါင်းငုံလွန်းလို့လည်း တိုင်ကိုမ မြင်ဘဲ တိုက်မိတာကြောင့် ကျိန်ဆဲတာမျိုးလည်း မဖြစ်စေနဲ့။ ကျီးကန်းတောင်မှောက် လျှောက်ကြည့်နေလို့ မျက်လုံးလည်း မလည်စေနဲ့။ တိုက်မိလို့ ဖင်ထိုင်လဲကျ ပြန်မထတာမျိုးလည်း မဖြစ်စေနဲ့။ ထပါ မတ်မတ်လျှောက်ပါ။ အဓိက ပန်းတိုင်ရှေ့မှာ ရှိတယ်ဆိုတာ မမေ့ဖို့ဘဲ။ ကဲဗျာ အကောင်းမြင်ဝါဒီသမား မဟုတ်ပေမဲ့ စေတနာနဲ့ စကားလေး ချန်ခဲ့တာက ကျဆုံးတာ မမြင်ချင်လို့ပါဘဲ။
လားခူဖော
Labels: ကျွန်တော်၏...အတွေးများ
Sunday, January 27, 2008
အဲဒီရွာကလေးရဲ့ အဓိက အသက်မွေးဝမ်းကျောင်း အလုပ်ကတော့ ဆေးရွက်ကြီး စိုက်ပျိုးခြင်းပါ။ ဆေးလိပ်သောက်တဲ့ အခါ ထည့်သောက်တဲ့ ဆေးရွက်ကြီးတွေပါ ။ အစိမ်းရောင်အရွက် ဖားဖားတွေနဲ့။ အဝေးကကြည့်ရင် သိပ်ကိုကြည့်လို့ ကောင်းတယ်။ အနားသွားရင်တော့ ဆေးနံကတော့ မူးနောက်နေတာပဲ။ ဒါပေမယ့်လည်း တပင်လုံး လွှင့်ပစ်စရာ ဘာမှ မရှိလောက်အောင် အဖိုးတန်ပါတယ်။ အမြှစ်က အစ အချိန်နဲ့ရောင်းစားလို့လည်း ရတယ်။ နွေရာသီဆို ဆေးရွက်တွေကို ခူး ၊ ပြီးတဲ့ အခါ လှီးပြီး ၊ အခြောက်ခံ ။ ဆေးလှီးဓါးတွေကလည်း ပြက်သလား မမေးနဲ့ ။ နဂါးနိင်ဓါးလိုမျိုးတွေ ။ လက်ကိုင်နေရာမှာ အ၀တ်တွေပတ်ထားပြီး ဆေးဂျီးတွေကြောင့် မဲနေတက်တယ်။ အဲဒီဓါးနဲ့ ကိုယ်ပေါ်ကို သပ်လိုက်ရင်...ရှိသမျှ အမွှေးအမှင် အကုန်ကျွတ်လို့ အခုနာမည်ကြီး တံဆိပ် Gillette တောင် လက်ဖျားခါသွား လောက်အောင် ထက်ပါတယ်။ အရွက်ကိုလှီး ရိုးတံနဲ့ အမြှစ်ကို ခုတ်ထစ်ပြီး အခြောက်ခံ ပြီးတဲ့နောက်မှာတော့ အဓိက အများဆုံး
တင်ပို့တဲ့ နေရာကတော့ ကရင်ပြည်နယ် ဖားအံကိုပါ။ ရွာကို ကိုယ်တိုင် လာဝယ်တဲ့ အ၀ယ်တော် တွေလည်းရှိပါတယ် ။ ဈေးကျတော့ သူတို့ပေးသလောက်ပဲ ရတာပါ။ ကိုယ်တိုင် တက်ရောင်းမယ် ဆိုရင်တော့ ပိုရတာပေါ့။ ဒါပေမယ့် လူပင်ပန်း ၊ လမ်းစရိတ်ကြီးလွန်းပါတယ်။
၁၉၉၉-၂၀၀၀ ခုနှစ်တုန်းက ဆိုရင် အချိန် (၁၀) ကို ခုနှစ်သောင်း ရှစ်သောင်းလောက်ရပါတယ်။ ဆေးပေါ်ချိန်ဆို လက်ဖျားမှာ ငွေသီးကြပါပြီ ။ အလှူဒါနပြုကြ ၊ ရှင်ပြု ရဟန်းခံ နားထွင်း စုံနေတက်ပါတယ်။ မိုးတွင်း ဆိုရင်တော့ ကိုင်းတွေက ရေမြုပ်တော့ ပိုက်ဆွဲ ၊ ကွန်ပစ် ၊ ကျူဖျာရက် ၊ မြှုံးထောင် စတဲ့ အလုပ်တွေနဲ့ အသက်မွေး ၀မ်းကျောင်း ပြုကြတယ်။ ငရုတ် ၊ မြေပဲ ၊ ဖရဲသီး ၊ ပြောင်း ၊ စတဲ့ ကိုင်းမှာ စိုက်လို့ရတာ အကုန်စိုက်ကြတယ်။ မြစ်ဝကျွန်းပေါ် ဆိုပေမယ့် စပါးကတော့ လက်ချိုးရေလို့ရအောင်ကိုစိုက်ပျိုးမှု့ နည်းပါးတယ်။ နွား ၊ ၀က် ၊ ကြက် ၊ ဘဲ စတဲ့ အိမ်မွေး တိရိစ္ဆာန်တွေ မွေးမြူကြတယ် ။ နွားစာက လွဲလို့ကျန်တဲ့အကောင်တွေက ဒီအတိုင်း လွတ်ထားလို့ ရပါတယ်။ နွေဆို နွားကို လွတ်ထားလို့ ရပေမယ့် မိုးတွင်း ဆိုရင်တော့ လူက နွားကို ပြန်ရှာကျွေးရတယ်။ မြက်တွေက အနီးအနားမှာ မရှိတော့ လှေနဲ့ တကူးတက သွားရိတ်ရတယ်။ မြှုံးထောင်တဲ့ အခါကျတော့ ကြောက်လည်း ကြောက်တယ် ပျော်လည်းပျော်ဖို့ကောင်းတယ်ဗျ။ ကိုင်းပင်တွေ ကြားထဲမှာ မြှုံးထဲကို ဖွဲနလေးတွေထည့်ပြီး ကိုယ့်အရပ်ထက် ၁ ပေလောက်ကျော်တဲ့ ရေအောက်ကို ငုပ်ပြီး မြေပေါ်ကို ထိုးစိုက်ရတာ။ ၆ နာရီခြားတစ်ခါ ပြန်ဖော်ရတယ်။ ကိုင်းပင်တွေကြားထဲမှာ မြွေကလည်း ကြောက်သေးတယ်။ ပြန်ဖော်တဲ့အခါ အများဆုံး မိတက်တာက ပုဇွန်ပါ။ တခါတလေ ငါးမြွေထိုး နဲ့ ငါးအနေတော်လေးတွေ မိနေတက်ပါတယ်။ လူတိုင်းထောင်ကြတယ်ဆိုပေမယ့် ကိုယ့်နေရာနဲ့ ကိုယ့်အမှတ်အသားနဲ့ ကိုယ်ပေါ့။ ပြန်ဖော်တဲ့ အခါ မြွေသာဝင်နေခဲ့ရင်ဆိုတဲ့ အတွေး နဲ့ ကျွန်တော်ဆို ကြောက်၂ နေခဲ့တာ။ သာကီနွယ်သွေးဆိုတော့လည်း အဲဒီလိုပဲ။ တခါ မြှုံး ပြန်ဖော်လိုက်တော့ လက်မောင်းလောက် ရှိတဲ့ ငါးမြွေထိုးကြီး ပါလာတာ။ သူက အကွက်အကွက်တွေနဲ့ ပြီးတော့ သွားတာကလည်း မြွေလိုပဲ တွန့်လိမ် ကောက်ကွေးနေတော့။ အားပါးပါး ဘာပြောကောင်းမလည်း လန့်ပြီးရေထဲ ခုန်ချပစ်တာ။ အဲဒီအကောင်ကို တောင်းထဲထည့်ပြီးမှ လှေပေါ်ပြန်တက်ရဲတယ်။
အထက်တန်းကျောင်း ၊ မူလတန်းကျောင်းတွေ ရှိပေမယ့် ရွာက ( ၃ ) ခြမ်းကွဲသွားတာကြောင့် အရှေ့ဘက်ကမ်းမှာရှိတဲ့ အထက်တန်းကျောင်းကို လှေစီးပြီးသွားတက်ရတယ်။ ညညဆို မြ၀တီကပြတဲ့ ကိုရီးယားကားတွေကြည့် လူငယ်တွေက လူပျိုလှည့်နဲ့။ အခုထိ တော့ဓလေ့ ကို ခုံမင်စွာ ထိန်းသိမ်းထားဆဲပါ။ နောက်ပြီး တောသူတောင်သား ဆိုတဲ့အတိုင်း အလွန်ကို ရိုးသား ဖော်ရွေတဲ့ အပြင် အပူအပင်မရှိ ။ တစ်နေ့တစ်နေ့ မြို့တက်တဲ့သူ ၊ ကိုင်းလုပ်တဲ့သူ ၊ ကွန်ပစ် ၊ ပိုက်ဆွဲ စတဲ့သူတွေနဲ့ ရွာက စည်းကားလှပါတယ်။ ဒါ့အပြင် ရွာမှာ လူမိုက်ဆိုတာ မရှိဘူး ။ အရက်သမားတော့ ရှိတယ်။ ဒါပေမယ့် အဲဒီအရက်သမားဆိုတာကလည်း တရွာလုံးချစ်တဲ့ အရက်သမားမျိုး ဖြစ်နေကြတော့လည်း သိပ်ကိုငြိမ်းချမ်းပါတယ် ။ ကျွန်တော်က ရန်ကုန်မှာမွေး ၊ ရန်ကုန်မှာကြီးပြင်းလာပေမယ့် ရွာမှာရှိတဲ့ အမေ့အမျိုးတွေဆီသွားမယ်ဆိုရင် သိပ်ကိုတက်ကြွနေခဲ့တယ်။ အမှန်က တောဆိုတာ မြို့မှာလို နေရာကျယ်ကျယ် ကစားလို့ရတာကလွဲလို့ ဘာမှ စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဒါပေမယ့် အားတဲ့အချိန်လေးရှိတာနဲ့ ဘယ်မှမသွားဖြစ်ဘူး ။
အမေ့ရွာကိုပဲ သွားလည်ဖြစ်တယ်။ ဟိုမှာက ဆွေးမျိုးတွေလည်း ရှိတာကိုး ။ ကျွန်တော့် အစ်ကိုအမတွေနဲ့ ကိုင်းထဲသွားလိုက် ၊ မြှုံးလိုက်ထောင်လိုက်နဲ့ ပျော်ဖို့တော်တော် ကောင်းပါတယ်။ တခါ ရန်ကုန်က သူငယ်ချင်းတွေ ၁၅ ယောက်လောက် ခေါ်ပြီး ရွာမှာ သွားသောင်းကျန်းလိုက်တာ ။ တရွာလုံးက အိပ်မောကြနေတဲ့ အချိန် သောင်ပြင်ဆင်း ၊ မီးပုံပွဲလုပ်ပြီး သီချင်းအော်ဆိုကြတာ တစ်ရွာလုံးနီးပါး ညက အိပ်မရဘူးလို့ သတင်းပြန်ကြားရတော့ မနည်းထိန်းလိုက်ရတယ်။ အဲဒီလိုကို ပျော်ဖို့ကောင်းတာပါ။ တခါတလေ အမေက အဖေနဲ့ စိတ်ကောက်ရင် ရွာပြန်မယ်ကြီးပဲ လုပ်နေတက်တယ်။ သူ့အမေနဲ့ မောင်နှမတွေရှိတယ်လေ။ မယားတောသူဆိုတဲ့ အတိုင်း အဖေကလည်း ရန်ကုန်သားဆိုပေမယ့် အမေနဲ့ အကြောင်းပါတာ အဲဒီလို ။
အခြေအနေပေးရင် အလည်လာဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော့် အမေရွာလို ပျော်ဖို့ကောင်းတဲ့ ရွာတွေလည်း ရှိမှာပါ။ ဒီပို့စ်ကိုရေးချင်တာက အမေ့အတွက် သူ့ရွာလေးကို ဂုဏ်ယူစေချင်လို့ ရည်ရွယ်ပြီး အမေ့ကိုရေးပေးတာပါ။
Labels: ကြော်ငြာချက်များ
Thursday, January 24, 2008
အချစ်မှာ.....
ကိုယ်ရေးရာဇ၀င် သိစရာမလိုဘူး
အချစ်မှာ....
အရှုံးအမြတ်လည်း တွတ်စရာမလိုဘူး
အပေါင်း အနှုတ် အမြှောက် အစား တွေနဲ.
ညီမျှချင်းတွေချနေရင်
အဲဒါအချစ်မဟုတ်တော့ဘူး
ရောင်းကုန်ဖြစ်သွားမှာ
ဘယ်သူပြောခဲ့လည်းတော့ မသိဘူး။ ဒါပေမယ့် ကျွန်တော် မပြောတာတော့ သေချာတယ် ။
နှစ်သက်လို့ တင်ပေးလိုက်တာပါ။ အခုတော့ ကျွန်တော် ပြန်လာခဲ့ပါပြီ။ တ၀က်တပျက် အောင်မြင်မှုတွေနဲ့ပေါ့။
Labels: ကဗျာ
Tuesday, January 22, 2008
သြော် လူ့ပြည်လောက ၊ လူ့ဘ၀တည်း
အိုရ နာရ ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့ပြီးတကား သင်သေသွားသော်........
သင်ဖွားသောမြေ ၊ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ အမျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ညဏ်တန်ဆောင်လည်း
ပြောင်လျက်…၀င်းလျက် ကျန်စေသတည်း ။
Labels: ကဗျာ
Friday, January 11, 2008
ဘယ်ဘက်ရင်အုံအောက်
တဒိတ်ဒိတ်ခုန်နေတဲ့ အရာက
မင်းကို ရူးသွားအောင်....လုပ်နိင်တာ
ဘယ်သူတွေးခဲ့ဘူးလဲ
မင်း..ရင်ခုန်သံရဲ့ ရှင်သန်ခြင်းက
မင်းအတွက် မဟုတ်ဘဲ...တစ်စုံတစ်ယောက်ကို ရည်ညွှန်းတာ
ဘယ်သူငြင်းခဲ့ဘူးလဲ
အိပ်မပျော် တပျော်အချိန်ဆို
မင်း..အမိန့်မပါဘဲ
နာမည်တစ်ခုတည်းကို မင်းပါးစပ်က ရွတ်ဆိုနေတက်တာ
ဒီလိုသာ ဖြစ်ပြီဆိုရင်
မြေမြုပ်ဖို့နေရာ ရှာထားတော့
သိပ်မကြာဘဲ
မင်း...နှလုံးသားက ကြွေးကြော်လိမ့်မယ်
သူသေဆုံးဖို့ အသင့်ဖြစ်နေပြီလို့ ။
Labels: ကဗျာ
Thursday, January 10, 2008
နင်ဟာ...ငါ့သမိုင်း
ရာဇ၀င်ထဲက...ထာဝရရှင်သန်နေတဲ့
နတ်သမီးပါ
နင့်ရဲ့....ရယ်သံလွင်လွင်နဲ့ နီးဖို့ဆို
ဘာမဆိုပေးဆပ်ဖို့
အဆင်သင့် ဖြစ်နေခဲ့တာ...ငါ့ကိုယ်ငါ
တည်ဆောက်ဖို့တောင် သတိမရချင်ဘူး
အဆုံးမဲ့ ချစ်ခြင်းတရားအတွက်
ယောင်လို့တောင်...သံသယမဖြစ်ပါနဲ့
အလိုက်ပေးရင်တောင်..ငါ့ကိုဝယ်မဲ့သူ မရှိခဲ့ဘူး
အိပ်စက်ခြင်းကိုတောင် အံတုလို့
ငါ့ညတွေ မီးမပိတ်ဘဲ....
မိုးလင်းခဲ့ရပေါင်းများလေရဲ့
အချိန်တန်ရင်...သာ အိမ်ပြန်လာခဲ့ပါတော့ ။
Labels: ကဗျာ
Wednesday, January 9, 2008
ဝန်တိုမှု မကင်းတဲ့...ငါ့ချစ်ခြင်းက
မင်းအတွက်...
ဘယ်လိုမှ... .....မလင်းလက်နိင်ဘူးဆိုတာ
ငါကိုယ်ငါလည်းသိတယ်...မျက်မှန်းတမ်းမိသူ အပေါင်းလည်းသိတယ်
ဒါပေမယ့်
အပြစ်ကင်းတဲ့...ချစ်ခြင်းအတွက်
ကျေးဇူးပြု၍တော့.....စကားလုံးတွေ မရွာပါနဲ့
မင်း...မပြောပေမယ့် ငါမြင်တယ်
မင်း...ကြည့်နေရုံနဲ့ ငါကြားတယ်
ငါက....
စိတ်ပျော်ရွှင်ဖို့...မင်းအတွက် လိပ်ပြာလိုက်ဖမ်းရင်း
မုဆိုးဖြစ်မှန်းမသိ...ဖြစ်လာခဲ့တာ
ခဏခဏ...မင့်အတွက် ထောင်ချောက်တွေ ချထားမိသလိုပဲ
ရင်ဘတ်ခါးခါးဟာ..ဘယ်လိုမှ မချိုမြိန်နိင်ဘူးဆိုတာ
ဆရာဝန်မကုနိင်ပေမယ့်...ငါ့ရောဂါ
ငါသိတယ်လေ
နှလုံးသားကို...အသက်ဝင်နေချင်မှ
ခဏခဏ....လွှင့်ပစ်ခံရအောင်
ငါ့ကိုယ်ငါပဲ လုပ်မိတယ်.....
ငါ့အတွက် ဆောင်းကို...ငါ့ဘာသာ ပြန်ဖန်တီးနေမိတော့လည်း
ငါပဲ ပြန်ပြန်ပြီး....ခံနေရတာ
မသက်သာပါဘူး....
သေချာတယ်
ဒီတစ်ခါ နှင်းကျရင်တောင် ငါမချမ်းတော့ဘူး
ငါ့အတွက်....အနွေးထည်မယူလာပါနဲ့ ။
Labels: ကဗျာ
Monday, January 7, 2008
မင်းက...မွေးကတည်းက
မျက်ရည်ကျဖို့ လူဖြစ်လာခဲ့တာ
မင်း...ငိုတာ
သူများတွေ အတွက်...နေ့စဉ်လာနေကြ
ရုပ်သံသတင်းတွေလိုပဲ
ရင်လည်း မခုန်ဘူး...ထူးလည်းမထူးဆန်းဘူး
သမားရိုးကျ.....စိတ်ဝင်စားဖို့ မကောင်းတဲ့ ဖြစ်စဉ်ကြီး
မင်း...ကသာ
စိတ်ညွှန်ကြားရာ....ခံစားမှုခွက်ထဲ
ဝေဒနာတွေ ထည့်ထည့်သောက်ပြနေတာ
သူတို့က...သူတို့အိမ်က
အိမ်မွေးတိရိစ္ဆာန်လောက်တောင်...မင်းကို ဂရုမစိုက်ဘူး
လာမရပ်နဲ့ကွာ
ဖြစ်နိင်ရင်....ငါနဲ့လည်း ဝေးဝေးသွားနေ
မင်းကို နှစ်သိမ့်ဖို့အတွက်....ငါရင်ဘတ် ငါသနားတယ်
မင်းဘ၀တော့...မင်းနာလည်သင့်တယ်
မင်းဘယ်သူလည်း...မင်းဘာလုပ်လည်း
မင်းဘယ်က လာသလည်း...မင်းဘာတွေ လုပ်ဦးမလည်းဆိုတာ
သူတို့အတွက်....ရေသောက်တာလောက်တောင် သတိမရဘူး
ဘာလည်း...ငိုချင်သေးတယ် “ဟုတ်လား”
အင်း....ကောင်းပြီလေ
ဒီတစ်ခါလည်း ငါမကြားချင်ပေမယ့်
မင်းက ငါ့ကို ပိုင်တော့..ငါဆိုတဲ့ ဒီကိုယ်ကြီးက
“ မင်း ” ဆိုတဲ့ စိတ်ညွှန်ကြားတဲ့ အတိုင်း
မျက်ရည်တွေ ကျပြရဦးမှာပေါ့
ဒါပေမယ့်
ဒီတစ်ခါတော့ နောက်ဆုံး ဖြစ်ပါစေကွာ
နားလည်ပေးနိင်ပေမယ့်...ငါ့ကိုယ်ငါလည်း သနားတယ်
ကဲ...နောက်ဆုံးအကြိမ် ရှိုက်လိုက်ဦး
နောက်တစ်ကြိမ်တစ်ခါတော့
မင်းအတွက်..ငါဘယ်တော့မှ မရှင်သန်စေရဘူး
Labels: ကဗျာ
Friday, January 4, 2008
မင်းက သွားတဲ့ဇာတ်...ငါ့ကိုငါ
ဘယ်နေရာမှန်းမသိအောင်
ဈာန်ဝင်လို့...ဖျော်ဖြေနေခဲ့တာ
ကန့်လန့်ကာ..မကျခင်
ဇာတ်သိမ်းခန်း ရောက်တော့မှ
ငါက...မင်းတို့ဇာတ်လမ်းထဲ
ရှိစေတော့.....ရှိစေတော့
ရှိတ်စပီးယားပဲ စခဲ့တာလား
ဦးပုညပဲ ရေးခဲ့တာလား မသိတဲ့
ဇာတ်သိမ်းမှာ လူကြမ်းပဲ အသည်းကွဲရမယ်ဆိုတာ
ပြောလို့လည်း ....မထူးဆန်းတော့ပါဘူး
အသုံးကျလို့ ခေါ်သုံးပြီးရင်တော့
ညကြေးလည်း ပေးစရာ မလိုဘူး
ထမင်းလည်း ကျွေးစရာ မလိုဘူး
ဇာတ်လမ်းဆုံးရင်...အမောပြေ
မေ့ဆေးတစ်ခွက်တော့ တိုက်
ဒါဆို...အချိန်တန်
ငါအိမ်ပြန်တော့မယ်
ရွာအပြန် မျက်နှာပန်း မလှလည်းနေပါစေ
ဖြေစရာ ဝေဒနာမရှိရင် ကျေနပ်ပါပြီ
နုတ်ဆက်တယ်...ကောင်မလေးရေ
နင်ကမလှပေမယ့်..ငါက အ ခဲ့တော့လည်း
ငါ့ထိုက်နဲ့ ငါ့ကံလို့သဘောထား
နေရာမှန် ငါ ပြန်တော့မယ်
ငါ့ကို လက်မပြပါနဲ့....။
Labels: ကဗျာ