Thursday, March 18, 2010

ပြောပြလိုက်ပါ..အမေ




မှတ်မိသေးတယ်...အမေ
အမေက..အမေ့အမျိုးတွေဆို
စားစရာ မရှိရင်တောင် အန်ကျွေးတက်တဲ့..လူ

လက်ထဲမှာ ၁၀၀၀ ရှိရင်
 အမျိုးအတွက် လမ်းစရိတ်ချန်ပြီး
၉၀၀ ဖို့လောက် ၀ယ်သွားခဲ့ပေမယ့်

အမေ့အမျိုးတွေက
အမေ့အတွက်ဆို ရွှေမျက်နှာနဲ့မှ
လာပါ..ထိုင်ပါ ခုံခင်းပေးတက်..သူတွေပါ

ခေတ်ပျက်ကြီးမှာ
သူတပါး ထမင်းကို
အချောင်လုစားတဲ့ ငွေတိုးချေးအလုပ်နဲ့
အဆင်ပြေလာတဲ့ ..အမေ့အမျိုးတွေက

အမေ ပိုက်ဆံရှိတုန်းက
အတိုးမဲ့ ပိုက်ဆံကို
ပြန်မဆပ်ဘဲ ချေးကြပေမယ့်

အမေ အခုပိုက်ဆံမရှိတော့
လူကြုံနဲ့တောင်
အမေ့ ကျန်းမာရေးအတွက်
မေးဖော်မရကြဘူး
 
ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က
အမေ...ထောင်ကျတော့
အမေ့..သားသမီးတွေအတွက်
ဘယ်အမျိုးကမှ
လာမကြည့်ခဲ့ပါဘူး...အမေ
ဒါကိုလည်း အမေမသိဘူး...

အမေ့သမီး...အကြီးမ
ဈေးရောင်းကျွေးတဲ့...ထမင်းနဲ့ ဟင်းကို
ကျနော်တို့ မ၀ရေစာ စားရင်း
၁၆ နှစ်သား ကျနော် သွားနှဲ့အောင် အံကြိတ်တက်ခဲ့တယ်

အမေ့သမီးအလတ်မကို
ခါးထစ်ခွင်ရင်း...အမေခဏမဲ့နေတဲ့
ကျနော်တို့ မောင်နှမတွေကို
အမေ့အမျိုးတွေက ဆူလားဟောက်လားနဲ့

မမေ့ဘူး....အမေ
ကျနော် ဆယ်တန်းစာမေးပွဲအတွက်
ထောင်ထဲက..အမေ့ လက်ရေးတိုလေးတွေဟာ
ဒီဘ၀ ဒီအထိ တက်လှမ်းထားနိင်ခဲ့တဲ့
အားဆေးတွေပါ

အခု..အမေ့အမျိုးတွေကို
ကျနော်က စကားမပြောတော့
အမေ့အမျိုးတွေက...ကျနော့်ကို မာနကြီးတယ်တဲ့လား
တော်ကြာ
ပခုံးပေါ်က ဟာတွေကြောင့်လို့
အမေ့အမျိုးတွေက အတင်းပြောနေဦးမယ်

ကျနော် တောင်းစားရရင်တောင်
သူတို့ကို အမေအတွက်နဲ့ ထာဝရ
ခေါင်းမငုံဘူးဆိုတာရယ်
အမေ့ ရွှေမျိုးတွေနဲ့ပက်သက်လို့
ကျနော် ဆွံအသွားတဲ့ အကြောင်း

အမေ့သားက...အာဏာမရူးပေမယ့်
မာနတော့ ရူးတယ်ဆိုတာ
သူတို့သိအောင်
ပြောပြလိုက်ပါ....အမေ

7 comments:

ကျောပိုးအိတ် said...

ဆွေမျိုးဆိုတာ ဒီလိုပါဘဲ ဆိုးသွမ်းရ။ ရေရှိမှ အမျိုးတော်ချင်ကြတာ။

ကောင်းတယ်ဆိုးသွမ်း။ နောက်ဆုံးစာကြောင်းလေးကို ကြိုက်တယ်။

အာဏာမရူးပေးပေမယ့် မာနတော့ ရူးတယ်တဲ့။
း)

ငွေတိုးချေးစားတာ တကယ်တော့ အကုသိုလ် အလုပ်သိလား။ အတိုးရလာတဲ့ ပိုက်ဆံတွေက သူ့ အလိုလို အပေါက်ရှာပြီး ပြန်ပြန်ကုန်တာ။
း)

မေဦးခင် said...

ဆိုးသွမ်းရေ
ဖတ်ပြီးစိတ်မကောင်းဖြစ်မိတယ်.
ရင်ထဲမှာနင့်သွားအောင်
ကိုရေးတတ်လိုက်တာ

ဆိုးသွမ်းရဲ့ဖြစ်ရပ်မှန်
ဆိုရင်ပိုပြီးတောင်စိတ်မကောင်းဖြစ်မိတယ်..

ကြယ်ပြာ said...

ကဗျာလေးကောင်းတယ် ... ပြောချင်တာကို ရိုးရိုးရှင်းရှင်းနဲ့ ထိအောင်ပြောထားတာ ... ခြွေမှရံတဲ့ အခြွေအရံနဲ့ ရွှေရှိမှအမျိုးတော်ချင်တဲ့ ရွှေမျိုးတွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ ...

အဲ့လို အတွေ့အကြုံမျိုး ခပ်နက်နက်လေးရဖူးသား ...း)

flowerpoem said...

ကဗျာလေး လာဖတ်ပါတယ် ဖတ်ရင်းစိတ်မကောင်းဖြစ်မိပါတယ်

ကျော်ညိုသွေး said...

ရေးထားတာ သဘောကျတယ်။
ဖတ်ရတာ ကောင်းတယ်။

ကျော်ညိုသွေး said...

ရေးထားတာ သဘောကျတယ်။
ဖတ်ရတာ ကောင်းတယ်။

ကျော်ညိုသွေး said...

ဒီကဗျာလေးကြိုက်လို့ ကျနော့်ဆိုဒ်ဘားမှာ တင်ထားတယ်ဗျ ခွင့်ပြုပါနော။