Friday, July 31, 2009

ချစ်သူ

မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
( ငါ့ ) ချစ်သူသာဖြစ်ပါသည်။



မောင်စိန်ဝင်း (ပုတီးကုန်း)

Monday, July 27, 2009

အဘိုးပညာ




သူငယ်ချင်း...
ပညာရွှေအိုး ၊ လူမခိုးလို့
အဘိုးနှုတ်က ၊ ဆုံး အမကို
အစက ငါ ၊ မယုံပါ၍....။

ဆယ်တန် တစ်ထုပ်
စာအုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံအလယ်မှာ ၊ ငါထားပါ၏
စာအုပ်မခိုး ၊ ငွေထုပ်ခိုး၏

ကျပ်တန်တစ်ထုပ်
ပေထုပ်တစ်ပုံ ၊ အတူပုံ၍
လူပုံလယ်ဗွေ ၊ ငါထားလေ၏
ပေထုပ်မခိုး ၊ ငွေထုပ်ခိုး၏

အကြွေတစ်ထုပ်
ပုရပိုက်ထုပ်နှင့်
နှစ်ထုပ်တစ်စုံ ၊ တတူပုံ၍
လူပုံအလယ်၌ ၊ ငါထားလိုက်၏
ပုရပိုက်မခိုး ၊ ငွေထုပ်ခိုး၏

ပညာရွှေအိုး ...လူမခိုးလို့
အဘိုးနှုတ်က ၊ အဆုံးမကို
ခုမှယုံတယ်... သူငယ်ချင်း။



တက္ကသိုလ်ဝင်းမော်
( ၁၉၅၈ ၊ ဖေဖော်ဝါရီ ၊ ဒဂုန် )

Monday, July 20, 2009

အနာဂတ်




ကျွန်တော် ထင်တာ
ဒါမဟုတ်ဘူး......

ကျွန်တော် မျှော်လင့်ခဲ့တဲ့ အထဲမှာ
ဒီအရာတွေ မပါဘူး

ကျွန်တော် တည်ဆောင်ချင်တဲ့ ယုံကြည်မှုဟာ
ဒီအချက်တွေနဲ့ လုံးဝ လွဲနေခဲ့တာပဲ
အခုတော့ လှလှပပ ပျက်သုန်းလို့

ကျွန်တော်က အတော်ကြီး...အတော်ကြီး
ဖြစ်စေချင်ခဲ့တာ
ထွန်းလင်းစေချင်ခဲ့တာ

အခုတော့
အရှက်တရားတွေ ၊ ရွံရှာမှုတွေ ၊ အားငယ်မှုတွေက
အကြည့်တွေတိုင်း ၊ အကြည့်တွေတိုင်းမှာ
မသက်ဆိုင်ပေမယ့် ၊ ဒါကို ကျွန်တော် လက်ခံယူလိုက်တယ်


အမေ.....
ကျွန်တော့် လမ်းကို ပြန်မကွေ့ချင်ဘူး

အမေ.....
ကျွန်တော် ဒီလမ်းကို လှပအောင် ပြန်လျှောက်ပြမယ်

ဒါကြောင့်...အမေ
ကျွန်တော်တို့ အချိန်ခဏတော့ .....စောင့်ရမှာပေါ့




Tuesday, July 14, 2009



ရင်ထဲမှာ ပြောချင်နေတဲ့ စကားတွေကတော့ အများကြီးပါ။ တကယ့်ကိုမှ အများကြီး။ နုတ်ဆက်မယ့် ပို့စ်လေးအတွက် ၂ ပတ်တိတိ အချိန်ယူပြီး စဉ်းစားရေးထားပေမယ့် တကယ်တမ်း မတင်ဖြစ်ခဲ့ဘူး။ လေးစားရပါသော ဘလော့ဂ်လောကကြီးက အစ်ကိုတွေ ၊ အစ်မတွေ ၊ သူငယ်ချင်းတွေ ၊ ညီတွေ ၊ ညီမတွေ အားလုံးကို နုတ်ဆက်ပါတယ်။ အားလုံးလည်း အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်။ တစ်နေ့တော့ အမိမြန်မာနိင်ငံတော်ကြီးမှာ ကျွန်တော်တို့ အားလုံး ချစ်ချစ်ခင်ခင်နဲ့ ပြန်လည် ဆုံတွေ့နိင်ကြပါစေလို့လည်း ထပ်မံဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

“ ကျန်းမာချမ်းသာကြပါစေ ”

“ အလုပ်အကိုင်များလည်း အဆင်ပြေကြပါစေ ”

“ အချင်းချင်း မေတ္တာထားနိင်ကြပါစေ ”

“ စိတ်ကူးနဲ့လက်တွေ့ တထပ်တည်း ကျရောက်ကျပါစေ ”

ဆိုးသွမ်း


Friday, July 10, 2009



ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ.....အရင်လိုပဲ င့ါစိတ်နာတယ်
ဒီအချိန်ပဲ ငါကြေကွဲခဲ့

ဝန်ခံချင်လည်း.......ဆွံအနေတယ် ငါဟာ မင်းစွန့်ပစ်ခံလည်း
မြူမှုန်အချစ်တောင် ပြန်မရခဲ့

( လမ်းကြုံရင် ပြောပေးကြပါ....ကျွန်တော့်ရဲ့ အိမ်မက်တွေမှာ
သူ့ရဲ့ပုံရိပ်တွေ...အို အမြဲတမ်း ခြောက်လှန့်လို့နေတယ်
ပြောပြလိုက်ပါ ကျွန်တော့်ရဲ့ စိတ်ကူးတွေမှာ
သူ့ရဲ့ ပိုရိပ်တွေ....အို အမြဲတမ်း ခြောက်လှန့်လို့နေတယ် ) ၂


Download


ဘာမှတော့ မဟုတ်ပါဘူး။ အဲဒီလို ဘာမှ မဟုတ်တာလေးတွေကိုပဲ ဝေမျှရတာ ကြိုက်တာပါ။ လမ်းကြုံရင် ဒေါင်းလုပ်ချပြီး နားထောင်သွားပါဦး။ သီချင်းဟောင်းလေး တပုဒ်ပါပဲ။ ဒါပေမယ့် သီချင်းကောင်းလေး ဖြစ်နေတာမို့ ဘယ်သူတွေများ နားထောင်ချင်မလဲ ဆိုတဲ့ စိတ်နဲ့ ပြန်တင်ပေးလိုက်တာပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday, July 9, 2009

ဖောမရ ဓမ္မဆုံး


ကဗျာရေးလိုက် ၊ နောက်တော့ သီချင်းလိုင်းရောက်လိုက် ၊ ရုပ်ရှင်ကြော်ငြာလိုက် ၊ ဘလော့ဂ်ရေးရတာ ကိုယ့်ကိုကိုယ် ဘယ်လိုင်း ရောက်နေတယ် လို့တော့ မသိတော့ပါဘူး။ ဒါပေမယ့် စာဖတ်သူအတွက် တခုခုတော့ ပေးစွမ်းနိင်မယ်လို့ ယူဆပြီး တင်ပြခွင့်ကို ကြိုးစားနေရတာနဲ့ပဲ ကြေနပ်ပါတယ်။ အခုလည်း တရားတွေ နားထောင်နေလို့ တရားရနေတာလည်း မဟုတ်ပါဘူး။ ရှေးက လူပြက်တွေပြောသလို “ နိဗ္ဗာန်ကို လာခေါ်ရင်တောင် ဒကာမလေး မပါသေးလို့ နောက်မှ လိုက်ပါမယ် ဘုရားလို့ပဲ ” ပြန်ထူးရမှာပဲ။ အကျွတ်တရား မရသေးတဲ့ လောကီလူသား ပီပီ သံသရာကို ခုံမင်ပါတယ်။ တရားသဘောကို နားလည်သဘောပေါက် သလို ထင်ရပေမယ့် မလုပ်နိင်သေးပါဘူး။ ဆရာတော် တပါးက ဟောပြောဖူးတယ်။ “ သိတယ်ဆိုပြီး မလုပ်ဘဲနေရင် တကယ်မသိသေးလို့ပဲတဲ့ ” အဲ ပြောရင်းနဲ့ ပြန်ရှုပ်လာပြီ။ နောက်တခုထဲကလို “ တစ်ဘ၀လုံးစာ အတွက် တချိန်လုံး စီးပွားရှာ ၊ ပညာရှာ နေရင် ၊ တစ်သံသရာ လုံးစာအတွက်တော့ အနည်းငယ် ၀ိပဿာနာ ရှာသင့်ပါတယ်တဲ့ ” ။ ပြောချင်တာနဲ့ ရောနေပြီ။

ကျွန်တော်တို့ အရပ်ထဲမှာ စကားပုံ တခုရှိတယ်။ ဘာတဲ့ “ ဖွတ်မရ ဓါးမဆုံး ” သူ့ဆိုလိုချက်နဲ့ သူတော့ မှန်သလိုလိုတော့ ရှိတယ်နော်။ သေချာစဉ်းစားကြည့်။ ဖွတ်တစ်ကောင်တွေ့တယ်။ လိုက်တယ် ။ လမ်းမ ဓါးမကျပျောက်တယ် ၊ ဒါမှမဟုတ် ဖွတ်က ရေကန်ဘေးနားနေလို့ ဓါးနဲ့ လှမ်းပစ်တာ ဖွတ်မထိပဲ ဓါးရေထဲကျတယ်။ ကြိုက်သလိုပေါ့ဗျာ။ ဆိုလိုရင်းက “ ဟိုဟာကိုလည်း မရဘူး ၊ ကိုယ့်ဟာလည်း ဆုံးရှုံးတယ် ” ။ ဒီစကားပုံက အရပ်ထဲက စကားပုံ။

တကယ့်အစစ်အမှန် စကားပုံက “ ဖောမရ ဓမ္မဆုံး ” ၊ ဘာကိုပြောတာလဲ ။ ဘုန်းကြီးတွေကို ပြောတာပါ။ အဓိပ္ပာယ်ကတော့

ဖော = ဖောဋ္ဌဗ္ဗာ

( အထိအတွေ့ ၊ အထူးသဖြင့် လောကမှာ အနူးညံဆုံးဖြစ်တဲ့ မိန်းမနှင့် အထိအတွေ့ ၊ မြန်မာဘုန်းကြီးတွေဟာ မိန်းမနှင့် ထိတွေ့ဆက်ဆံခြင်း မရှိရပါဘူး ၊ )


ဓမ္မဆုံး = တရားဓမ္မ ဆုံးရှုံးခြင်း

( မြန်မာလူမျိုးတွေမှာ ဘုန်းကြီးအဖြစ် ခံယူပြီးတဲ့နောက်မှာ တချို့ တချို့သော ဘုန်းကြီးများသည် မနက်မိုးလင်း ဆွမ်းခံထွက် ၊ နေ့လည်ပြန်လာ ၊ ဆွမ်းစား ၊ ကျောင်းမှာနေ ၊ နောက်တစ်နေ့ ပြန်ဆွမ်းခံ ၊ ဒီလိုနဲ့ တရား ဓမ္မမရှာမှီး ၊ မကျင့်ကြံကြပါဘူး။ ဒီတော့ သာသနာအတွက် တရားဓမ္မလည်း မရှာ ၊ ပုထုဇဉ်လူသားတွေလို မိန်းမနှင့်လည်း မနေရဆိုတော့ နစ်နာပါတယ်။

ထိုဘုန်ကြီးမျိုးတွေဟာ ဘုန်းကြီးဖြစ်တာကြောင့် မိန်းမနှင့်ထိတွေ့ခွင့် ဆုံးရှုံးရသလို ၊ ဓမ္မလည်း မရှာမှီးတာကြောင့် ဆုံးရှုံးရပါတယ်။ ဒီတော့ ထိုကဲ့သို့သော ဘုန်းကြီးမျိုးကို “ ဖော့မရ ဓမ္မဆုံး ” လို့ ခေါ်ပါတယ်။ အရပ်စကားကတော့ “ ဖွတ်မရ ဓါးမဆုံး ” ပါတဲ့။

တဆက်တည်းမှာပဲ နောက်တခု တင်ပြချင်ပါတယ်။ ဒါကို ကျွန်တော် တွေ့တိုင်း သူငယ်ချင်းတွေ ဖြစ်ဖြစ် ၊ ကိုယ့်ထက် ကြီးတဲ့လူတွေ ဖြစ်ဖြစ် ပြောပါတယ်။ သူတို့ကိုယ်တိုင်ကိုက လက်မခံကြဘူး။ အဓိပ္ပာယ်ကလည်း မှန်သလိုလို ဖြစ်နေတာကိုး။

မုတမပါ လင်္ကာမချော


မုတ = စိတ်ခံစားချက်

မည်သည့်စကားမဆို စိတ်ခံစားချက် မပါဘဲ ပြောပါက တဖက်လူအတွက် အကျိုးမရှိ ၊ နားထောင်ချင်စရာ မကောင်းပါဘူးတဲ့။ အဲဒါကို တဖြည်းဖြည်းနဲ့ လူတွေက ကိုယ်လုပ်ချင်တဲ့ လိမ်လည်မှုကို ဖုံးကွယ်ချင်တာနဲ့ “ မုသား မပါ လင်္ကာမချော ဖြစ်ကုန်ကြတာပါ။ တကယ်လည်း စဉ်းစားကြည့်ရင် ဟုတ်သလိုလို တော့ရှိပါတယ်။

ဥပမာ - အိမ်က ကျောင်းတက်ခိုင်းတယ် ၊ ကိုယ်က ကျောင်းပြေးပြီး လျှောက်လည်တယ်။ ပြန်ရောက်တော့ အမေက မေးတယ်။ ကျောင်းမှာ စာလိုက်နိင်လား။ ဟုတ်ကဲ့ အမေ - လိုက်နိင်ပါတယ်။ ပြီးသွားပြီး။ လိမ်ဖြေလိုက်တာ။ မုသားသုံးလိုက်တာ။ အေးအေးဆေးဆေးပဲ။ အဲ တကယ်လို့များ သားကျောင်းမသွားဘူး အမေ။ လျှောက်လည်နေတာ ဖြေကြည့်။ ဗျင်းခံလိုက်ရမည့် ဖြစ်ခြင်း။

အဲဒီလို ဥပမာကဲ့သို ကိုယ်ကြိုက်သလို ၊ ကိုယ်တွေးနိင်သလောက် ဆက်စပ်တွေးခေါ်နိင်ပါတယ်။ လူတွေက မိမိတို့လိမ်လည်ချင်တာကို အကြောင်းပြပြီး မုတမပါ ဆိုတဲ့ နေရာမှာ ၊ မုသားပြောင်းပြီး လုပ်လာကြတာပါပဲ။

ရွှင်လန်းချမ်းမြေ့ပါစေ....။






Wednesday, July 8, 2009

Enrique Iglesias


စီဘောက်စ်မှာ လာတောင်းတဲ့ ကို Xeno ရေ ကျွန်တော်ဆီမှာတော့ တော်တော် များများရှိပါတယ်။ အကြိုက်ဆုံးရယ်လို့ ထင်ရတဲ့ သီချင်း ၁၀ ပုဒ်ကို မီဒီယာဖိုင်းယား အားကိုးနဲ့ တင်ပေးလိုက်ပါတယ်။ တကယ်လို့များ အခွေလိုက် လိုချင်ရင်တော့ www.katz.cd ၀က်ဘ်ဆိုဒ်မှာ သူ့နာမည်သာ ရိုက်ပြီး ရှာလိုက်ဗျာ။ ဒါကတော့ သူ့ ၀က်ဘ်ဆိုက်ဒ် လေးပါ။ http://www.enriqueiglesias.com




Addicted


Say It


Escape


Don`t turn off the lights


Bailamos


California Callin


Sad Eyes


Maybe


You No_1


don`t you forget about me baby




Tuesday, July 7, 2009


“ အရိန္နမာ မသိ ၊ အနော်ရထာသာ သိခဲ့သည် ”


တခါတုန်းကလည်း ကျန်စစ်မင်းအကြောင်း ရေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အင်မတန်လေးစားရတဲ့ ကျန်စစ်မင်းကြီးဟာ ကိုလူမင်းရဲ့ ရိုက်ချက်အောက်မှာ အခြေအနေအရ မယားတွေပဲ ယူပြနေရလို့ နှာဘူးကြီး လို့တောင် ထင်ကုန်ကြပါတယ်။ ယခုလည်း ကျန်စစ်မင်းနဲ့ အနော်ရထာ အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ အထူးသဖြင့် အနော်ရထာပေါ့။ သမိုင်းမှာထက် ၊ လူတွေရဲ့ ပါးစပ်ဖျားမှာ

(၁) - ကျန်စစ်သားက သူ့မယားကိုထိလို့ လှံနဲ့ပစ်သတ်ပေမယ့် ကျန်စစ်သား သစ္စာတရားကို လှံက သိတာကြောင့် မထိပဲ လွဲချော်ခဲ့ရပုံ

(၂) - အနော်ရထာမင်းကြီး ကို ထိန်ပင်စောင့်နတ်က ဘ၀ဟောင်းက အကြွေးကြောင့် ကံနိမ့်နေချိန်မှာ ကျွဲယောင်ဆောင် ခတ်ကာ သေဆုံးစေပုံ

အဲဒီ ၂ ချက်လေး အကြောင်း ဓမ္မစေတီဆရာတော် ရှင်းပြထားတာကို ပြန်လည် ရေးသားဖော်ပြချင်ပါတယ်။ ကျွဲခက်သေခြင်းသည် မှန်သော်လည်း နတ်များကြောင့်ဟု ဆိုခြင်းကြောင့် ထေရ၀ါဒ၏ အစစ်အမှန်ကို လွဲသွားကြတော့သည်။ ထေရ၀ါဒ၌ နတ်မရှိပါ။ ပုဂံရာဇ၀င်မှာ ကျန်စစ်သားသည် တစ်ကြိမ်သွားပြီး စစ်တိုက်ခဲ့သည်။ ထိုအချိန် ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ချစ်သူဖြစ်သွားကြသည်။ သို့သော် ကျန်စစ်သားသည် မိမိ၏ ဘုရင့်ဘဏ္ဍာတော် မိဖုရားဖြစ်မည့် မဏိစန္ဒာကို ရိုရိုသေသေပင် လေးစားစွာ ဆက်ဆံခဲ့သည်။ သို့သော် မဏိစန္ဒာသည် မိမိချစ်သူ၏ “ အရှင်မဘုရား ၊ သခင်မ ဘုရား ” ဟု ကျန်စစ်သားခေါ်တွင်သည်ကို မခံစားနိင် ၊ မိမိကို ချစ်သူတစ်ယောက်အဖြစ် ဆက်ဆံစေချင်သည်။

တညတွင် “ မဏိစန္ဒာမှ မြွေ...မြွေ ဟု မရှိဘဲ ထအော်သော အခါ ၊ ရဲမတ် ၀န်ထမ်းတို့မှ “ အဘယ်မှာနည်း သခင်မဟု မေးမြန်းရာ ” မဏိစန္ဒာမှ “ အသင်တို့ ၀န်းထမ်းများ ပေါ့လျော့စွာ စောင့်ကြပ်ကြတယ် ” အသင်တို့ ခေါင်းဆောင် ကျန်စစ်သားကို ခေါ်စေ ” ဆိုပြီး မဏိစန္ဒာက ကျန်စစ်သားကို ခေါ်ပါတယ်။ ၄င်းခေတ်က ကျန်စစ်သားသည် တကယ့် စစ်သား ၊ လူရိုးကြီး ဖြစ်ပါသည်။ သူက စစ်အကြောင်းကိုပဲ နားလည်သည် ။ ထို့ကြောင့် မဏိစန္ဒာ၏ မာယာကို နားမလည် ။

ထိုအချိန် မဏိစန္ဒာမှ ကျန်စစ်သားအား “ အသင်မောင်မင်း ၊ မောင်မင်း၏ ရဲဘော်များသည် တာဝန်မကျေ ၊ ၄င်းတို့အား ငါမယုံ ၊ ထို့ကြောင့် အသင်တစ်ယောက်တည်းပဲ ကျွန်ုပ်အား စောင့်ကြပ်စေချင်ပါသည် ” ဟု အမိန့်တော် ပေးသောအခါ ကျန်စစ်သားလည်း မလွဲမရှောင်သာ လက်ခံလိုက်ရသည်။ မဏိစန္ဒာလည်း ရဲမတ်များ မရှိသည်နှင့် ကျန်စစ်သားရင်ခွင် အတွင်းသို့ ပြေးဝင်ဖက်တွယ်လိုက်လေတော့သည်။ သွားပြီ။ ဇာတ်လမ်းက အဲဒီမှ စတာပါပဲ။ မိမိ၏ အရှင့်မိဘုရားကို ထိမိခက်မိသူ လူရိုးကျန်စစ်သား အချစ်ပရိယာယ်ကို မသိခဲ့။

ထို့နောက် ကျန်စစ်သား နေပြည်တော် ပြန်ရောက်ပြီး အနော်ရထာထံ ဆက်သသည်။ အနော်ရထာကလည်း ကျန်စစ်သားနှင့် အတူ တခြားသူရဲကောင်းများကိုလည်း ဆုလဒ်များ ပြန်လည်ချီးမြင့်ခဲ့သည်။ ၄င်းအချိန် စောလူမင်းက အနော်ရထာအား “ အဖ...ခမည်းတော် ၊ ခမည်းတော်ကတော့ ကျန်စစ်သားကို ပုဂံသူရဲကောင်း ၊ သစ္စာရှိ သူရဲကောင်းကြီး ဆိုပြီး ချီးမြင့်နေသော်လည်း ၊ ခမည်းတော် သတ္တိရှိတယ်ဆိုလျှင် ၊ ကျန်စစ်သားသည် တကယ်သစ္စာရှိ ၊ မရှိအား ယခုမေးမြန်းနိင်ပါသည် ” ဟု လူပုံအလယ်တွင် လျှောက်တင်လိုက်သည်။

အနော်ရထာလည်း ကျန်စစ်သားအား “ မိမိအရာတော် အားထိမိပါသလားဟု ” မေးမြန်းရာ ၊ ကျန်စစ်သားမှ ထိမိပါကြောင်း ၀န်ခံလိုက်သည်နှင့် အင်မတန် စိတ်ဆိုးတော် မူသွားသည်။ တရားခံကလည်း မိမိလုပ်ကြောင်း ၀န်ခံသည် ၊ သားအရင်း စောလူမင်းကလည်း စွပ်စွဲထားသည် ၊ မှုးမတ်ဗိုလ်ပါ အလယ်တွင်လည်း ဖြစ်သောကြောင့် ပြစ်ဒဏ်စီမံသင့်သည်။ ၄င်းနောက် လှံတံကို ကောက်၍ ထိုးမည်ဟု ကောက်ကိုင်လိုက်သည့် အချိန်တွင် အနော်ရထာ ဤကဲ့သို့ စဉ်းစားလိုက်ပါသည်။

  1. မိန်းမတစ်ယောက်အတွက် မိမိ၏ သူရဲကောင်းကို လှံနဲ့ထိုးသတ်သည့် အဖြစ် ပုဂံရာဇ၀င်မှာ မကျန်ရစ်စေလိုခြင်း ၊
  2. ပုဂံရာဇ၀င်ကို တည်ထောင်ခါစမှာ မိမိတို့သည် ကျန်စစ်သားကဲ့သို သူရဲကောင်းလိုသည်။ အကယ်၍ ကျန်စစ်သားကို သတ်ခဲ့လျှင် ကျန်သည့် ညောင်ဦးဖီး ၊ ငလုံးလဖယ် တို့က နေမည်မဟုတ်။ မိမိကိုယ်တိုင်လည်း မသတ်ချင်ခဲ့ ၊
  3. ငါသား စောလူမင်းကိုယ်တိုင်က ပြောပေမယ့် စောလူမင်း ပေါင်းသင်းသည့် လူမှာ ငရမန်ကန်း ( အရက်သမားနှင့် ပေါင်းဖော်သည် ) ၊ ကျန်စစ်သား ပေါင်းသင်းသည့် သူမှာ သူရဲကောင်းများ ။ ထို့အပြင် စောလူမင်း ပြောသည့်အချိန်၌ ၄င်း၏ မျက်လုံးထဲတွင် ကျန်စစ်သားအပေါ် မနာလိုသည့် အရိပ်များ ထင်ဟပ်နေသည် ထိုကြောင့် စောလူမင်းပြောတာကို မယုံ ၊

ထို့ကြောင့် ပရိယာယ်ဖြင့် လှံကို ကြိုးကို ထိအောင် ပစ်လွှတ်လိုက်တော့သည်။ လှံတံသိသည် မဟုတ်ပါ။ အနော်ရထာ သိချင်းသာ ဖြစ်ပါသည်။ ၄င်းနောက် ကျန်စစ်သားက “ ငါ၏ သခင်သည် လှံတံပစ်ရာတွင် တိကျသေချာသူ ၊ မည်သည့်အခါမှ လွဲချော်ခြင်းမရှိ ၊ ယခု ကြိုးကိုသာ ပစ်လိုက်သည် ၊ အရှင့်ထံတွင် အကြံရှိရမည် ” ဆိုပြီး လှံတံကို ကောက်ကာ ထွက်ပြေးသွားတော့သည်။

ညရောက်သော အခါ၌ မဏိစန္ဒာက “ မိမိနှင့် ကျန်စစ်သားမှာ ဟိုးအရင်ကတည်းက ချစ်သူများ ဖြစ်ကြောင်း ၀န်ခံလိုက်ရာ ” အနော်ရထာက “ ကြိုတင်ပြောကြားသင့်ကြောင်း ၊ သို့လျှင် မိမိကိုယ်တိုင် လက်ထပ်ထိမ်းမြှားပေးဦးမည် ဖြစ်ကြောင်း ၊ ယခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ပြီ ” ဟုဆိုလေတယ်ပေါ့ဗျာ။

အဲဒီတော့ အနော်ရထာရဲ့ အိမ်တွင်းရေးကလည်း အဆင်မပြေ ၊ ကျန်ရှိသည့် သူရဲကောင်းများ ဖြစ်ကြသည့် ၃ ဦးအားလည်း ကျန်စစ်သားကို ရှာဖွေရန် လွှတ်လိုက်ခြင်းကြောင့် သူရဲကောင်းများ အနားမှာ မရှိသည့် အချိန် ၊ ပုဂံတိုင်းအား ဆင်နှင့် လှည့်လည်နေစဉ် မုဆိုးမတစ်ဦးက မိမိလယ်တွင် ဆင်နီးပါးရှိသည့် ကျွဲရိုင်းကြီးတစ်ကောင် လာရောက် သောင်းကျန်းနေခြင်းကြောင့် အရှင်မင်းကြီးအား အကူအညီတောင်းခံအပ်ပါသည်ပေါ့။

ထိုအခါ စစ်သူကြီးတို့က အရှင်မင်းကြီး ဆက်လက် လှည့်လည်ပါပေါ့။ စကားအနေနဲ့ပြောတာပါ။ ကျနော်မျိုးတို့ ကြည့်ရှင်းလိုက်ပါမယ်လို့ ဆိုပေမယ့် အနော်ရထာက မိမိသည် ဘုရင်ဖြစ်ကြောင်း ၊ မိမိအုပ်ချုပ်သည့် နယ်ပယ် ၊ တိုင်းပြည်မှာ ပြည်သူတစ်ဦး ဒုက္ခရောက်လျှင် မိမိ၌ တာဝန်ရှိကြောင်း ၊ ထို့ကြောင့် မိမိကိုယ်တိုင် ဖြေရှင်းမည်ဟု ဆိုကာ လယ်ကွင်းထဲ သွားရောက်ခဲ့သည်။ လယ်ကွင်းထဲ၌ ဆင်ပေါ်က အနော်ရထာနှင့် ကျွဲတို့ တွေ့ကြပြီ။

ဆင်သည် ဦးချိုကားကားနှင့် ကျွဲကို ကြောက်လှန့်သည်။ ၄င်းအချက်က အနော်ရထာကို တပန်း အရေးစတင်နိမ့်စေသည်။ ထို့အပြင် ကိုင်နေကြ အရိန္နမာလှံက မရှိ ၊ အိမ်ထောင်ရေးမသာယာ ၊ ကျန်စစ်သားအားလည်း ပြန်လာစေချင်သော ဘုရင်တို့၏ သူရဲကောင်းအပေါ် လွမ်းဆွတ်မှုကြောင့် စိတ်ဓတ်ကျနေသော အနော်ရထာသည် လှံ ၃ စင်းတိုင်တိုင် ပစ်လွှတ်သော်လည်း ကျွဲကို မထိဘဲ မိမိသာလျှင် သေဆုံးသွားခဲ့ရသည်။

မည်သည့် ထိန်ပင်စောင့်နတ်ကြောင့်မှ မဟုတ်ပါ။


Monday, July 6, 2009

ပုဂံခေတ်မှသည် ယနေ့အထိ တသက်လုံး မှားယွင်းလာခဲ့သော အချက်အလက်များစွာ ရှိနေပါသည်။ သို့သော် ထို တသက်လုံး မှားယွင်းလာခဲ့သော အချက်အလက်များအား အကြောင်းအမျိုးမျိုးကြောင့် ကျယ်ပြန့်နိင်ခြင်း မရှိခဲ့လျှင် ထိုအမှားများသည် ကြာရှည်လျှင် အမှန်ကဲ့သို ဖြစ်သွားတက်ပါသည်။ ဥပမာ -

ပန်းပဲ တူငြိမ် - ပန်းတိမ်ရွှေခို - သံဖြူ မအေး လို

မူလစာသားက ( ပန်းပဲ တူငြိမ် - ပန်းတိမ်ရွှေခို - သံဖြူ မအေး လို ) - ပန်းပဲ ထုလျှင် တူကို ငြိမ်နေအောင် ကိုင်နိင်ရသကဲ့သို့ ၊ ပန်းတိမ်ကျွမ်းကျင်လျှင် ရွှေကို ခိုလုပ်ပေးတက်ခြင်း ၊ သံဖြူသည် အေးလျှင် ကွဲတက်သည် ၊ ဆိုသည့် စကားကို ( ပန်းပဲ လူလိမ် ၊ ပန်းတိမ်ရွှေခိုး ၊ သံဖြူမအေ...) ဖြစ်သွားတော့သည်။

ထားဝယ်ယို ကြပ်ခိုး ၊ ရှမ်းရိုး လင်ကိုး

( ထားဝယ်များ ၊ ဘိတ်များသည် အသားမည်း၏။ ထားဝယ်ယိုသည် ကြပ်ခိုးရောင်ကဲ့သို့ မည်းမည်းသည်းသည်း ဖြစ်ပါသည် ။ သို့သော် အရသာကောင်းသကဲ့သို့ ထားဝယ်များ ၊ ဘိတ်များ၏ စိတ်ထားသည် အလွန်ကောင်း၏။ သို့သော် အလွန်ရိုးသားကြသည်။ ထို့ကြောင့် ထိုသို့ ရိုးသားခြင်းကို ချစ်ခင်သော အားဖြင့် တင်စား၍ ထားဝယ်ရိုး ကြပ်ခိုးဟု ခေါ်ဆိုကြခဲ့သည် ။ ထိုနည်းတူ ရှမ်းမ များသည်လည်း ရိုးသားကျ၏။ မိမိလင်သားအပေါ် ဘုရား ၊ သားကို သခင်ကဲ့သို့ ကိုးကွယ်တက်ကြသည် ) ထိုသို့ အဓိပ္ပယ်ရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ထားဝယ်ရိုးတော့ လင်ခိုး ၊ ရှမ်းရိုးတော့ ကြက်ခိုး ဟု စကားလုံးများ ပြောင်းလဲ လာတော့သည်။

မယားနေစ ချောင်သေမှ

ယနေ့ခေတ်တွင် မယားသေစ ကြောင်သေမှဟု ပြောဆိုလာကြသည်။ မယားတစ်ယောက် စရပြီဆိုလျှင် ပြန်မလှန်နိင်အောင် ကြောင်ကို ရိုက်သကဲ့သို့ နှိပ်ကွပ်ထားခိုင်းတက်ကြသည်။ မူရင်း အမှန်အစစ်မှာ မယားတစ်ယောက်သည် လှသည် ၊ ပြည့်ဖြိုးသည် ၊ ဟုတ်ပြီ ၄င်းအချက်များနှင့် ပြည့်စုံသော်လည်း မီးဖိုးချောင် မနိင် ၊ ဘုရားစင်တွင် ပန်းမရှိ ၊ အိမ်တွင်းမှာ အ၀တ်အစားများ ပြန့်ကျဲလျှက်ရှိ ၊ သွားပြီ။ ထိုသို့မဟုတ်ဘဲ လူမမြင်ရသည့် ချောင်နေရာများ တွေ၌ ပင်လျင် သန့်ရှင်းစွာ သေသေသပ်သပ် ထားနိင်ခြင်း ၊ သိမ်းသိမ်းဆည်းဆည်း ရှိနိင်ခြင်းများ လုပ်နိင်ပါက ၄င်းအမျိုးသမီးသည် တော်သည်ဟု ချီးမွန်းသင့်သည် ။ ထိုအကြောင်းအရာကို ဆိုလိုချင်းဖြစ်၍ မယားနေစ ချောင်သေမှ ဟုမြန်မာစာပေးက ညွှန်းပါသည်။


ဇောက်မှန်းကမ်းမှန်း

လှေသမားများသည် ကမ်းကိုလည်း သိရသည် ၊ ဇောက်ကိုလည်း သိရသည်။ လှေများ ၊ သဘောင်္များသည် ကမ်းကပ်ရာတွင် အလွန်အရေးကြီးပါသည်။ ကမ်းကို မကပ်ဘဲ ၊ ဇောက်ကို ( ချောက် ) ကပ်မိသော် လှေ ၊ သင်္ဘောနစ်ခြင်းများ ဖြစ်တက်ကြသော်ကြောင့် လှေသမားများသည် ကမ်းကိုပဲ ကမ်းရပါသည်။ ဇောက်ကို မကပ်ရပါ။ ဆိုရလျှင် မည်သည့်နေရာသည် အသုံးဝင်သည့် နေရာ ၊ မည်သည့်နေရာသည် အသုံးမ၀င်သည့်နေရာ ဖြစ်ကြောင်း ကွဲကွဲပြားပြား သိသော်သူကို ဇောက်မှန်းကမ်းမှန်း သိသူဟု ပြောကြသည်။ ပဲ့နင်းကြီးများ စကားမှ အရပ်ထဲ ရောက်လာသော အခါ “ စောက်မှန်းကန်းမှန်း ” မသိဘူးဟု သုံးစွဲလာကြပါတော့သည်။


မှတ်ချက် ။ ။ ဓမ္မစေတီဆရာတော် တရားတော်မှ ပြန်လည်ရေးသား ဖော်ပြအပ်ပါသည်။



Friday, July 3, 2009




“ အဖိုးတန်ပစ္စည်းတွေ ၀ယ်ထားရုံနဲ့ ၊ အဖိုးတန် ပစ္စည်းတွေ သုံးနေရုံနဲ့
လူ့အဖိုးတန် မဖြစ်ဘူး။ လူ့အဖိုးတန် ဖြစ်ချင်ရင် လူတွေကို
ကောင်းကျိုးပြုတဲ့ အလုပ်ကို လုပ်မှပဲ ရတယ် ”


“ ဘ၀အတွက် ပြင်ဆင်နေရင်းနဲ့ပဲ ဘ၀ဆိုတာ ကုန်သွားတယ် ”


“ တစ်ယောက်အကြောင်း တစ်ယောက် အမှန်အတိုင်း မသိပဲနဲ့ ၊
တစ်ယောက်ကို တစ်ယောက် နားမလည်ပဲနဲ့ စစ်မှန်တဲ့ မေတ္တာ ဖြစ်နိင်ဖို့
တော်တော် ခဲယဉ်းပါတယ် ”


“ အမှားမရှိပါဘူး ၊ သင်ခန်းစာတွေ ချည်းပါပဲ။ လုပ်ကြည့်ရင်း မှားမှန်းသိရင်း
ပြင်လိုက်ရင်းနဲ့ ဥာဏ်ပညာ ကြီးတဲ့သူ ဖြစ်လာတာပဲ ။ မအောင်မြင်တဲ့
စမ်းသပ်မှုဟာ အောင်မြင်တဲ့ စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွားမှုကို
အထောက်အကူ ပြုပါတယ် ”


“ ကိုယ့်ရဲ့ ကျော်ကြားမှုဟာ သူများလက်ထဲမှာ ရှိနေတယ်၊ ကိုယ်ရဲ့ ဂုဏ်သိက္ခာကတော့
ကိုယ့်လက်ထဲမှာပဲ ရှိတယ် ၊ လူတော်တော်များများဟာ ဒုက္ခတွေ အများကြီး
ကြုံရတာ ဘာလို့တုံး ဆိုတော့ မလုပ်သင့်တာတွေကို လုပ်နေတယ်။
လုပ်သင့်တာကို မလုပ်ဘူး။ အဲဒါကြောင့် ဒုက္ခတွေ များနေတာ။ မလုပ်သင့်တာတွေကို
မလုပ်ဘဲနဲ့ လုပ်သင့်တာတွေကို ပိုပြီး လုပ်လာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လေးစားမှု
ချစ်ခင်မှု တိုးလာတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာတယ်။ ကိုယ့်ဘ၀ ပိုပြီး
အဆင်ပြေလာတယ် ”


“ သူများကို ဒုက္ခရောက်အောင် လုပ်ပြီးတော့ သူများကိုယ့်ကို ကြောက်ပြီး
ပူဇော်ပသမှ ကျွေးမှ ကိုယ့်ဘ၀ ရပ်တည်နိင်တဲ့သူဟာ
အဆင့် နိမ့်တယ် ”


“ အပြစ်တင်တက်တဲ့ သူတွေမှာ မိတ်ဆွေရှားတယ် ”


( ဆရာတော် ဦးဇောတိက၏ တရားစာအုပ်များမှ )


Thursday, July 2, 2009

အပူ...သည်



ဘာလိုလိုနဲ့
၁ နှစ်ထပ်တိုးသွားပြန်ပြီ

ဘ၀မှာ ရှေ့ဆက်နေရဖို့
အသက်ဘယ်လောက် ကျန်ဦးမှာလဲ

နောက်ထပ် ၁၀ နှစ်လား
အနှစ် ၃၀ လား
အဲဒီ နှစ်ကာလတွေ အတွင်းမှာ
ဘာတွေလုပ်နိင်မလည်း
ဘာတွေဆက်လုပ်ခွင့်ရှိမလဲ

အပူတွေ အပူတွေ
အသက်တွေနဲ့အတူ
အပူတွေလည်း ပိုများလာတယ်

သံယောဇဉ်အပူ
ကိုယ့်အတွက် အပူ
မိသားစု အပူ
သူငယ်ချင်းအတွက် အပူ

ကြီးကြီးကျယ်ကျယ်ပြော
မြန်မာပြည်အတွက် အပူ
တိုင်းတပါးရောက်နေတဲ့သူတွေ အတွက် အပူ
ကမ္ဘာကြီးအတွက် အပူ

အမေ..သားအသက် ၁ နှစ်တိုးပြန်ပြီ
အပူတွေလည်း ပိုများခဲ့ပေါ့

သို့ပေမယ့်
အမေ့ရဲ့ ၀မ်းရေးစပ်မှုအတွက်
တန်အောင်တော့..သား ကြိုးစားမှာပါ