Thursday, May 28, 2009

ကျောပိုးအိတ်



ဘ၀ခရီး တစ်လျှောက်လုံး
အချိန်ဘယ်လောက် ကြာနိင်မလဲ
မင်းကို...ကျောပိုးအိတ်လေးထဲ
ထည့်ခေါ်သွားချင်တယ်

ငွေရောင် ၊ ရွှေရောင် ၊ ဂုဏ်ရောင်
အရောင်မျိုးစုံ ကျောပိုးအိတ်တွေထဲက
မေတ္တာနဲ့ သစ္စာတရားအရောင်စပ်တဲ့ ကျောပိုးအိတ်လေးထဲ
ချစ်ခြင်း နဲ့ စာနာနားလည် ခြင်းတွေကို
စားသုံးပြီး လိုက်ခဲ့

ကျောပိုးအိတ် အဖုံးကိုတော့
ဘယ်တော့မှ ပိတ်ထားမှာတော့ မဟုတ်ပါဘူး

ကုန်းတက်တွေ ၊ ကုန်းမြင့်တွေ ကြုံလို့
ကျောပိုးအိတ်သွားနှုန်းလေး နှေးသွားရင်
မင်း ခုန်ချ ချန်နေရစ်ခဲ့နိင်ပါတယ်

ဒါမှမဟုတ်
ကုန်းဆင်းတွေ ၊ မြေပြန့်တွေ ဖြစ်လို့
ကျောပိုးအိတ်လေး မြန်မြန်သွားနိင်ရင်လည်း
မင်းကို ပြန်ဝင်ခွင့်ပြုတယ်

ဝင်ချင်ဝင် ၊ ထွက်ချင်ထွက်
မင်းအတွက် .....ကျောပိုးအိတ်လေးကို
ထာဝရ...ဖွင့်ထားတယ်




Monday, May 25, 2009


ရာသီပွဲတလျှောက်လုံး
ကျနော်က သူမအသင်းမှာ
ထာဝရ စာချုပ် အချုပ်ခံရတော့မယ့် တိုက်စစ်မှုးတစ်ယောက်ပေါ့လေ

ဇွဲနဘဲကြီးစွာ ကစားတက်မှု
အသင်းအပေါ် သစ္စာရှိမှု
တိကျတဲ့ ဂိုးသွင်းနိင်ယူမှုတွေနဲ့
မန်နေဂျာ အချစ်တော်......တစ်ယောက်

ကျွန်တော့်ရဲ့ အဆုံးသတ်သေချာမှုတိုင်းမှာ
သူမက နှစ်ခြိုက်စွာ အမြဲလက်ခုပ်တီး
အားပေးတက်လေ့ ရှိခဲ့တယ်

သက္ကရာဇ်တွေမှာ
သူမနဲ့ ကျနော် အတူယှဉ်တွဲယူထားတဲ့
အောင်မြင်မှု မှတ်တိုင်တွေကလည်း
ကျနော်တို့နှစ်ယောက်ရဲ့
နားလည်ဝေမျှတက်မှုကို သက်သေထူလို့

ဒါပေမယ့်
ရာသီဥတုနဲ့ မီဒီယာအားတွေကြောင့်
ရာသီပိတ် အဆုံးသတ် မလှပချိန်မှာတော့
အရန်ထိုင်ခုံတွေပေါ်ကပဲ....ကျနော့်ကို ဘယ်အချိန်
ခေါ်သုံးမလဲဆိုပြီး.....သူမကို ငေးကြည့်နေခဲ့ရတယ်

...တခါတခါ
အချိန်ပိုတွေမှာ သူမသတိရရင်
ကျနော့်ကို ထုတ်သုံးတက်ကလွဲလို့
ကျနော်က ပွဲချိန်ပြည့် ကစားခွင့် မရတော့တဲ့ သူတစ်ယောက်ပါလေ
နောက်ပြီး အနီကဒ် ၊ အ၀ါကဒ်တွေကိုလည်း
ဒိုင်လူကြီးအစား ကျနော့်ကို သူမပဲ ပြလေ့ရှိတယ်

သိပ်မကြာခင် ပွဲစဉ်တွေ ပြီးတော့မယ်
ရာသီပိတ် အဆုံးမှာ သူမက တန်းမဆင်းခဲ့ရပေမယ့်
ကျနော်ကတော့
လေ့ကျင့်ခန်း ပုံမှန်ဆင်းပါ့မယ်
လစာလည်း တိုးမတောင်းပါဘူး ဆိုတာတောင်
ကျနော်ကိုတော့ အသင်းပြောင်းခိုင်းဖို့
အတင်းကို ဖိအားပေးခံနေရတယ်


တကယ်ဆို...သူမကိုင်တဲ့ အသင်းမှာ
ကျနော်က ထာဝရ သူရဲကောင်း ဖြစ်ချင်ခဲ့သူပါ
သူမရဲ့ အသင်းမှာ...ကျနော် ကျောနံပတ်ကို
ထာဝရ အနားပေးချင်လောက်အောင်ထိ ကြိုးစားပြချင်ခဲ့တာ
အရေးကြီးဂိုးတွေ ၊ အဖိုးတန်ဂိုးတွေ
သွင်းယူပြီးတိုင်း...အောင်မြင်မှုအနေနဲ့
သူမရှိရာကို ပြေးဖက်ပြီး ၊ ဂုဏ်ပြုချင်ခဲ့တာ

ကျနော်ဟာ အသင်းပြောင်းမယ့်သူတော့ မဟုတ်ပါဘူး
အရန်ခုံတွေပေါ်ကလည်း..သူမကို အောင်ပွဲခံမှုတွေကို
ငေးမော.....နေခွင့်ရှိနေခဲ့ရင်ပဲ
ကျေနပ်နေမယ့်သူပါ

အမြဲတမ်း ကျနော့်ရဲ့ ရိုးသားတဲ့ ကစားဟန်တွေနဲ့
အသင်းအပေါ် အနစ်နာခံ ပေးဆပ်တက်မှုတွေ အပေါ်
သူမ လျစ်လျူရှုသွားတာတောင်
အရန်ထိုင်ခုံတွေပေါ်က
သူမအတွက် အောင်မြင်မှုများစွာ ရှာဖွေပေးချင်ခဲ့သူ တစ်ယောက်

.....တကယ်တော့ ကျနော့်အဖြစ်က
အဖြည့်ခံ တိုက်စစ်မှုး ( သို့မဟုတ် ) သူမရဲ့
တစ်ဘ၀စာလုံး အဌားချခံ...ခဲ့ရသူ


Saturday, May 23, 2009

သိမ်း......မယ်



အထပ်ထပ်ကြဲချ ခြေရာများ
နှလုံးသားပေါ်
မြတ်နိးစွာ သိမ်းမယ်။

ဘာကြောင့်ပစ်ပစ်
ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေ အားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။

မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့ မင်းနုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။

ရင်ခုန်သံတွေ အပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။

အထပ်ထပ် ၀ါးထားတဲ့
မင်း ပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။

တွေ့လိုက်တာနဲ့
ချာခနဲလှ့ည် အထွက်
အင်္ကျီကြားက မင်း ခါးသားလေး
ဝင်းမွှတ်စွာ သိမ်းမယ်။

မင်း ချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှုးပေါ်က အနံ့လေး
အိတ်ကပ်ထဲမှာ အမြဲသိမ်းမယ်။

အရမ်းခံစားပြီး ရေးထားတဲ့ ကဗျာလေး
ပေးဖတ်လိုက်တဲ့ အခါ
အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့
မင်း အသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။

ရည်းစား
တစ်ယောက်က တစ်ယောက်အကူး
ထွက်ကျတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။

နေ့ည တွေးသမျှ အတွေးတွေ အကုန်လုံး
မင်း သိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။

မတွေ့မမြင်တာ ကြာလို့ မေးတဲ့အခါ
“ ဖျားနေတာ ၊ အဖျားတွေ တသက်လုံး သိမ်းပ့ါလား ” တဲ့
တုံ့ပြန်စကားလုံးများ
အိမ်မက်ထဲမှာ သိမ်းမယ်။

ရိုက်တော့မယ်လို့
မာန်စောင်နေတဲ့ မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်.......

( စောဝေ )

Thursday, May 21, 2009

အပူ



လက်ဖ၀ါးနှစ်ခု ထိစပ်နေတာမြင်တိုင်း
မင်း...ကိုငါ သတိရတယ်

“ ကလေး ” လို့ အမှတ်တမဲ့
အခေါ်ခံခဲ့ရတာကို ပြန်တွေးတိုင်း
မင်း....ကိုငါ သတိရတယ်

လကုန်ရင် စာမေးပွဲ ဖြေဆိုရမယ်လို့ အတွေးထဲ ၀င်လာတိုင်း
မင်း...ကိုငါ သတိရတယ်

ညဆိုရင်...အရင်လို အိပ်မပျော်တက်တိုင်း
မင်း....ကိုငါ သတိရတယ်

တကမ္ဘာလုံး စီးပွားရေးကျပ်တည်းတာ ဖတ်ရတိုင်း
မင်း...ကိုငါ သတိရတယ်

မြန်မာမှာ ကျွတ်စိကျွတ်စိ အသံကြားတိုင်း
မင်း....ကိုငါ သတိရတယ်

မကြုံလိုက်ရတဲ့..နာဂစ်ကို မြင်ယောင်ကြည့်တိုင်း
မင်း...ကိုငါ သတိရတယ်

အဖေနဲ့အမေက စီးပွားရှာရတာ
ငတ်ရင်းနဲ့ သေတော့မယ်လို့...ဖုန်းထဲမှာ ပြောတိုင်း
မင်း...ကိုငါ သတိရတယ်

ဟိုလူနဲ့ဒီလူ...ဒီဘက်က ဟိုဘက်ကို
ဘယ်သူတွေက ဘယ်သူ့ကို
ဆိုတဲ့ သတင်းခေါင်းစဉ် အစတွေ ဖတ်ရတိုင်း
မင်း...ကိုငါ သတိရတယ်


စိတ်ပူတာလား....ပြောပြချင်တာလား
ရင်လေးနေတာလား...ဖြေတွေးနေတာလား
ဘာပဲ ဖြစ်ဖြစ် မင်းကို...သတိရနေတော့တာပါပဲ


Monday, May 11, 2009

သခင်ရယ်....



ပန်းပွင့် ပန်းမိုး..သွန်းဖြိုးတယ်လို့
ကိုယ်ခံယူပါ့မယ်......သခင်

မိုးရေထွက်ချိုးလို့...နှာစေးမိတဲ့ ကလေးထက်
ကိုယ့်အဖြစ်က ပိုဆိုးပါတယ်

မာနကို မြှားလိုချွန်ပြီး....အငြိုးကြီးတဲ့ လေးအတက်နဲ့
သခင်ကိုယ်တိုင် ပစ်ခွင်းမှတော့
ကိုယ်က ဘာကြောင့် ရှောင်နေရမှာလည်း

သခင်ရယ်........

အငြိုးကြီးသူ အချင်းချင်း
သုဘဒ္ဒါကမှ လူစားလွှတ်ပါသေးရဲ့


မောင်လှမျိုး ( ချင်းချောင်းခြံ )


Friday, May 8, 2009


Russel Herman Conwell ရဲ့ Acres Of Diamonds ဆိုတဲ့ ဟောပြောချက်ထဲက အကြောင်းအရာလေး တစ်ခုက ကျွန်တော့်စိတ်ကို ကိုင်လှုပ်ခဲ့သွားစေခဲ့ပါတယ်။ အဲဒီစာအုပ်လေးကို ဆရာဖေမြင့်က ဘာသာပြန် ထုတ်ဝေဖူးပါတယ်။ စာအုပ်နာမည်က.....


“ စိန်မြေဧကပေါင်းများစွာ ”



အဲဒီဟောပြောချက်လေးက ဘာလည်းဆိုတော့ လူငယ်လေးတစ်ယောက်က သူ့ကိုမေးတယ်ပေါ့ဗျာ။ လူငယ်ဆိုတော့ လူငယ်အတိုင်း စိတ်ခံစားချက်ရှိသလိုမေးလိုက်တာ ဖြစ်ပါလိမ့်မယ်။ ဒီမေးခွန်းက အမျိုးသမီးတွေ အတွက်တော့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် တည့်တည့်ကို တိုးတာပါပဲ။ မေးတဲ့ မေးခွန်းလေးက

“ ယောင်္ကျားတစ်ယောက်ရဲ့ ဘ၀သမိုင်းတလျှောက်မှာ
အပျော်ရွှင်ရဆုံးအချိန်ဟာ
ဘယ်အချိန်ဖြစ်ပါသလဲတဲ့ ”


ဒီမေးခွန်းအတွက် ရပ်ဆယ်ကွန်းဝဲလ်က အချိန်ယူစဉ်းစားပြီးမှ အဖြေပေးနိင်ခဲ့ပါတယ်။ ဒီအဖြေလေးကို မဖြေခင် ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်။ ဘယ်လို အကြောင်းအရာတွေကများ ခင်ဗျားတို့ ဘ၀တွေမှာ အကောင်းဆုံး ဖြစ်နိင်ခဲ့မှာလဲဆိုတာ။ ငယ်တုန်းက ၁၀ တန်း အောင်စာရင်း ထွက်တဲ့အချိန်ကလား ၊ ထောင်ကထွက်တဲ့ အချိန်လား ၊ မင်္ဂလာဆောင်တဲ့ အချိန်လား ၊ သိန်းထီပေါက်တဲ့ အချိန်လား ၊ ဘုန်းကြီး ထွက်တဲ့ အချိန်လား ဆိုတဲ့ စကားတွေ အများကြီးပါ။

ရပ်ဆယ်ကွန်းဝဲလ်ကတော့ ဒီလိုလေး အဖြေပေးသွားခဲ့ပါတယ်......

“ လောကီလူ့ဘ၀ လူသားတစ်ယောက်ရဲ့ ပျော်စရာအကောင်းဆုံး အချိန်ဟာ ကိုယ်လက်ထပ် ထိမ်းမြားခဲ့တဲ့ သတို့သမီးကို ကိုယ်ကိုယ်တိုင် ငွေကြေးနဲ့ ရှာဖွေထားတဲ့ ငွေကြေးနဲ့ ၀ယ်ယူထားတဲ့
ကိုယ့်ကိုယ်ပိုင် အိမ်ဆီကို ခေါ်လာနိင်တဲ့ အချိန်ပဲ ”



အချစ်ဇနီး အသစ်စက်စက်လေးကို အိမ်ဆီကို ခေါ်လာမယ်။ အိမ်ရှေ့တံခါးဝနား ရောက်တဲ့အခါ ကိုယ့်အိမ်ကလေးကို ဂုဏ်ယူစွာနဲ့ပြပြီး “ အချစ်ရေ ၊ ဒါ ကိုယ်ဝယ်ထားတဲ့ အိမ်လေ ၊ ကိုယ့်စွမ်းကိုယ့်အားနဲ့ ကိုယ့်ဘာသာ ရှာဖွေ စုဆောင်းပြီး ၀ယ်ခဲ့တဲ့ ကိုယ့်ကိုယ်ပိုင်အိမ်၊ အခုတော့ အချစ်အတွက် အိမ်ပေါ့ ၊ ကိုယ်တို့ နှစ်ယောက်အတွက် သီးသန့်ကမ္ဘာလေးပေါ့ ” ဘာညာစသည့်ဖြင့် ကျွန်တော်ပြောတက်ထက် အများကြီး လှပနုရွတဲ့ စကားလုံးတွေနဲ့ တ၀ကြီးပြောနိင်တဲ့ အချိန်။ ဒါဟာ “ ယောင်္ကျားတစ်ယောက်ရဲ့ ဘ၀မှာ ဂုဏ်သရေ အရှိဆုံး အချိန် ၊ တကယ့်ကို ၀မ်းသာကြည်နှုးဆုံး အချိန်ပဲတဲ့။

သူက ဒီအကြောင်းကို ဘာကြောင့်ထည့်သွင်း ဟောပြောရလဲဆိုတော့ လူငယ်တွေကို ကြိုးစားချင်တဲ့စိတ်ကို ဖြစ်ပေါ်အောင် အနီးကပ်ဆုံး ဆွဲဆောင်မှုအရာတွေထဲက အချစ်ဆိုတာနဲ့ စပ်လျဉ်းပြီး ပြောပြသွားတာလို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ ဇာတ်လမ်းကတော့ အဲဒီမှာ ပြက်သွားပြီလို့ ထင်ခဲ့တာ။ သူက ဘာထပ်ပြောလဲဆိုတော့

ကွန်းဝဲလ်က သူဌေးသားတွေကို သနားတဲ့ သူတစ်ယောက်ပါ။ ဒီနေ့ခေတ် သူဌေးသားတစ်ယောက်ဟာ ဘ၀ရှေ့ရေးတော်တော်ဆိုးတယ်။ သူဟာ သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် လူ့ဘ၀မှာ ဘယ်ဟာ အကောင်းဆုံး ဘယ်ဟာ အရေးကြီးဆုံးဆိုတာ သူမသိနိင်ပါဘူးတဲ့။ သူ့မှာ သိနိင်စရာ အခြေအနေ မရှိပါဘူးတဲ့။

အပေါ်မှာ ပြောခဲ့သလို သူဌေးသားမှာ အဲဒီလို အတွေ့အကြုံ ရနိင်စရာ မရှိပါဘူးတဲ့။ အဲဒီလို ၀မ်းသာလှိုက်လှဲရတဲ့ အရသာမျိုး သူမခံစားနိင်တော့ဘူး။ သူလက်ထပ်ပြီးတဲ့ အချိန်မှာ သူ့ဇနီးကို သူများတွေထက် ပိုကောင်း ပိုခမ်းနားတဲ့ အိမ်ကြီးမျိုးဆီတော့ ခေါ်သွားနိင်မှာပေါ့။ အမှတ်တမဲ့ကြည့်ရင် အိမ်တစ်ဆောင် မီးတပြောင် ထားနိင်တဲ့ လူပေါ့။ အိမ်ထဲ ၀င်သွားတော့လည်း အဖိုးတန် ပစ္စည်းတွေချည်းပဲ။

ဒါပေမယ့် ဒါတွေပြပြီး သူဘယ်လို ပြောရမလဲ....

“ မိန်းမရေ ၊ ဒါက အမေ၀ယ်ပေးထားတာလေ ၊ ဒါကလည်း အမေပဲ။ အဲ...ဒါကတော့ အဖေ၀ယ်ပေးတာ။ အဖေ့လက်ဆောင်ပေါ့။ ဟောဒါကတော့ အမေ့ကို ၀ယ်ခိုင်းရတာ ”

တဖြည်းဖြည်းနဲ့ သူ့မိန်းမစိတ်မှာ သူ့ကိုယူမယ့်အစား သူ့အမေကို ယူလိုက်ချင်တော့တယ် ဆိုတာမျိုး တွေးလာတော့တယ်။ ကွန်းဝဲလ်က သူ...သူဌေးသားတွေကို သနားတယ်ဆိုတာ အဲဒါပဲတဲ့။ မိဘက မြှောက်စား ၊ လိုလေသေးမရှိ လုပ်ကိုင်ပေး ၊ လိုတာထက်ပိုဆင်ပေး ၊ ကြာတော့ ပေါကြောင်ကြောင် ဖြစ်လာတယ်။ ဘယ်လိုဝတ်ရမှန်းမသိ ၊ ဘယ်လိုနေရမှန်းမသိ ၊ ဘယ်လိုပြောရမှန်း မသိ၊ လူကြည့်လိုက်ရင် မြောက်ကြွမြောက်ကြွနဲ့ ။ လက်တွေက အောက်မကျဘူး ၊ ကြွနေတယ်တဲ့။

ကွန်းဝဲလ်ကတော့ လူငယ်တွေကို ကြိုးစားချင်စိတ် ရှိအောင် သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေထဲက ဖြစ်ရပ်တွေနဲ့ သူတို့ခေတ်က အခြေအနေမျိုးနဲ့ နှိုင်းယှဉ်ပြီး ဟောပြောသွားတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ အင်မတန်ကောင်းပါတယ်။ ကျေနပ်အားရမိပါတယ်။ လူငယ်တွေအတွက် အိမ်ထောင်ပြုမယ်ဆိုရင် ကျွန်တော်ကတော့ ကွန်းဝဲလ်ရဲ့ အဆိုကို မျက်လုံးမှိတ်ပြီးတော့ကို ထောက်ခံပါတယ်လို့ ပြောကြားရင်း......။ :)

ရွှင်လန်းချမ်းမြေ့ကြပါစေ...



Wednesday, May 6, 2009

ကျွန်တော် ဒီစာတိုတွေကို စာအုပ်တွေ ဖတ်တိုင်း ၊ ဒါမှမဟုတ် ဂျာနယ်တွေ ဖတ်တိုင်း သဘောကျမိရင် စုစုထားတယ်။ သဘောကတော့ အချိန်မရှိတဲ့သူတွေ စာမဖတ်နိင်တဲ့သူတွေ စာတပုဒ်ရဲ့ အနှစ်သာရလေးတွေကို ရစေချင်လို့ပါ။ ကျွန်တော့်အတွက်လည်း ပါပါတယ်။ လူဆိုတာ စိတ်အမျိုးမျိုးရှိတာကြောင့် အခုစုစည်းထားတာလေးတွေကို ကြိုက်ရင်လည်း ယူပါ။ မကြိုက်ရင်လည်း ထားခဲ့ပါ။ အားလုံးဟာ အမှန်တွေပဲလို့ မဆိုလိုပါဘူးလို့....။ ကျွန်တော်၏ ညံဖျင်းမှုကြောင့် စာရေးသားသူအား အမှတ်မထားမိခဲ့ပါ။ နောက်တစ်ကြိမ်တွင် ထည့်သွင်းတင်ပြသွားပါမည်ဟု ကတိပေးလျက်...။



( ၁ )

( ၂ )
( ၃ )


( ၄ )



Monday, May 4, 2009


အမှတ်စဉ်(၄၆)မှ ဗိုလ်ကြီး ကျော်သီဟ သည် ရှေ့တန်း တစ်နေရာတွင် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း မေလ (၂) ရက် ၆ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သွား....

ဒါက ကဗျာမဟုတ်ဘူး...အနုပညာမဆန်ဘူး
ငါလည်း သေမင်းကို အံမတုနိင်ဘူး
မင်း...ဘဝ
ငါတို့...ဘဝ
ဘ၀...တွေရဲ့...ဘဝ
( ရင်ထဲမှာ တောက် တချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ်။ ရပ်လိုက်ကြပါတော့... )




သူငယ်ချင်းရေ..... ငါတို့လုပ်ခဲ့သမျှ ကုသိုလ်အစုစုကို မင်းကို အမျှဝေပါတယ်။ ရောက်ရာ အရပ်မှာ သာဓုခေါ်ပါကွာ။ ငါတို့...အမျှဝေတာတွေ မင်းကြားနိင်ပါစေ...မင်းကြားနိင်ပါစေ...မင်းရောက်ရာ ဘ၀ကနေ ကြားနိင်ပါစေကွာ။

ကောင်းရာ သုဂတိလားပါစေ...သူငယ်ချင်းရေ


Saturday, May 2, 2009

စိတ်ဒဏ်ရာ...


၁ နှစ်ပြည့်ပြီ
ပျော်ပွဲ ရွှင်ပွဲနဲ့ ကျင်းပရအောင်လည်း
မွေးနေ့ပွဲ မဟုတ်
မင်္ဂလာဆောင် မဟုတ်
ရွှေရတု ၊ ငွေရတု ၊ စိန်ရတုတွေလည်း မဟုတ်

ဆိုင်းဝိုင်းလည်း မလိုဘူး
IC နဲ့ဟစ်စရာလည်း မလိုဘူး
ဒစ်စကောင့်နဲ့ မျှားစရာမလိုဘူး

ဖိတ်စာကဒ်တွေနဲ့ လှလှပပ လိုက်ဝေမျှရင်
ရက်စက်မှုအပေါင်း ....သရဖူ ခင်ဗျားဆောင်းပြီမှတ်

လူပေါင်းများစွာ...အသက်ပေါင်းများစွာ
အိုးအိမ်ပေါင်းများစွာ
စိတ်အနာတရ ပေါင်းများစွာ
ကြောက်ရွံထိတ်လန့်ခြင်းများစွာ
သွေးပျက်မှုများစွာနဲ့

အငတ်ငတ်အပြက်ပြက်
အဖေအမေနဲ့သားသမီး
အစ်ကိုနဲ့ ညီမ...အစ်မနဲ့မောင်
ဦးလေးအဒေါ်...တူ၊တူမလေး
အဘိုးနဲ့ အဘွား
ဘ၀တွေ စုတ်ပြက်ခဲ့ရတဲ့ည

ဒါဟာ သတိရစရာ မကောင်းဘူးဆိုရင်
ကိုယ့်ကိုကိုယ် ရှက်ဖို့ကောင်းတယ်
ဆေးရောင်ချယ် ပကာသနတွေနဲ့
ချယ်သပြီး လှစ်ဟပြမနေကြစမ်းပါနဲ့
ခင်ဗျားတို့ရင်ထဲ..ဘာတွေရှိလဲ မေးလိုက်ချင်တယ်

အိုး...နာဂစ်
ဘယ်သူမှ...မကူလည်း
ငါကတော့....မင်းကို
သံသရာမှာ...ရန်ကြွေးပြန်ဆပ်မယ်


Friday, May 1, 2009

လွမ်းရဲတယ်.....



သူမေ့ပြီလား.....
လူတွေ့ရန် မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ ဓလေ့တောင်မှ.......
သြော်......မုန်းရက်ပြီလို့ထင် ။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင် ယုံချင်တက်သူမို့
( သူပြောလျှင် )......
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်

မလွမ်းတက်လို့လား
လွမ်းတတ်သူ မပူရှိနိင်ပ့ါ
သူသိအောင် ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ရပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို..... ဘယ်သူခွဲနိင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့.... ဆယ်သက်


မောင်စိန်ဝင်း ( ပုတီးကုန်း )