Tuesday, March 31, 2009



ရွေးခဲ့တဲ့ လမ်းက
ဘာလို့များ ကံဆိုးမိုးမှောင်ကျခဲ့ရသလဲ....အမေ

အမေ...ကျနော့ကို မွေးတော့
မိုးတွေ ဖြိုင်ဖြိုင်ကျတဲ့...ဇူလိုင်လဆို
အခုတော့လည်း ဘ၀က ခမ်းခြောက်လိုက်တာ.....အမေရယ်
တစက်တလေလေးတောင်....ကျ မလာခဲ့ဘူး

ရှေ့မတိုး...နောက်မဆုတ်နိင်ခဲ့
တံပိုးနဲ့ တုတ်ကြားမှာ
ဘ၀က......ဆန္ဒတွေ ထင်သလို ပြည့်မလာပြန်ဘူး

အမေ့သားက....
တစ်ယောက်တည်း လက်ဝှေ့ထိုးပြီး
တစ်ယောက်တည်း အရှုံးပေးခဲ့ရတဲ့
လက်ဝှေ့သမားလေ

လက်ခလယ်လေးနဲ့ စားရေးတက်တယ်
နှုတ်ခမ်းတွေကလည်း....နီလိုက်တာ ၊ ကျမတောင် မနာလိုဖြစ်တယ်တဲ့
ကျမ..မှာသာ ရှင့်လို မျက်ခုံးထူတွေရှိရင်...ရိတ်ပစ်မယ်လို့လည်း
ခဏခဏ ပြောပြတက်တဲ့....ဗီးနပ်စ်လေးက
အခုတော့....ကျွန်တော့်အဝေးမှာ

အနာဂတ်ဟာ....
ကျွန်တော့်လက်ထဲမှာ မရှိတော့ဘူး......အမေ
“ ကျမကို မခွဲရဘူးနော်တဲ့ ”...သူပြောခဲ့တဲ့ စကားတွေမှာ
အဲဒီတုန်းက ကျွန်တော်က တပြုံးပြုံးနဲ့....ပျော်လို့

အခုတော့..အမုန်းဆုံးတွေများ
ဖြစ်ရတော့မလား...အမေရယ်

ကျနော်နဲ့ သူမကြားမှာ
အမှတ်တရ....သစ်ပုပ်ပင်ကြီးလည်း မရှိပါဘူး
အင်လျားကန်ဘောင် နဲ့ ပြည်သူရင်ပြင်လည်း မရှိခဲ့ဘူး

“ မောင် ” လို့ခေါ်တက်တဲ့ စကားလုံးတွေနဲ့
အမှတ်တရ ကဗျာတွေပဲ ရှိခဲ့တယ်
အခုတော့
မ၀ံမရဲနဲ့.....ပျိုးခဲ့ရတဲ့ စံပယ်လေး
ခူးဆွတ်ခွင့် မရတော့ပြီလေ

သာမန်လူလတ်တန်းစားဘဝ
အဆင်မပြေခဲ့တဲ့....ဘ၀ရဲ့ ရွေးချယ်မှု
ချစ်သူကတောင်......မယုံကြည်တော့လို့
ဖြည်လျော့ခြင်းခံခဲ့ရတဲ့....လက်တဖက်နားမှာ

သတ္တိမရှိသူတို့ရဲ့....ပြောနေကြစကားလုံးတွေလို
“ ဆန္ဒထက်..ဘ၀ကို ဦးစားပေးကြပါစို့ ” ဆိုတဲ့ စကားတခုတည်းနဲ့
အတူလျှောက်လှမ်းမယ့်...လမ်းဆုံးခါနီးမှာမှ
အသက်မဲ့စွာ....ကျွန်တော် ရပ်နေခဲ့ရတယ်



Monday, March 30, 2009

ရှင်ကွဲ


ကျွန်တော်ဟာ.....သက်တန့်တခု

ရာစုနှစ် တစ်စုကြာ
သူမကို အုပ်မိုးထားချင်ပေမယ့်
နတ်ဆိုးတို့ရဲ့...ကျိန်စာကြောင့်
သူမဟာ.....ကျွန်တော်ရဲ့ ရင်ခွင်အောက်က
လွတ်ထွက်....သွားခဲ့ရတယ်

ကျွန်တော်ဟာ......ပိုးစုန်းကြူးတစ်ကောင်ပေါ့

မှောင်မိုက်နေတဲ့...သူမအတွက်
မီးကုန်ယမ်းကုန်....အလင်းပြခဲ့ပေမယ့်
နေခြည်မိုးသောက်တော့
သူမဟာ....ကျွန်တော့်ရဲ့ လမ်းပြမှုတွေအောက်က
လွတ်ထွက်...သွားခဲ့ရပြန်တယ်

ကျွန်တော်ဟာ....ခံစားမှုတွေကို ကဗျာနဲ့ ငိုးကြွေးတဲ့ သူပါ

အိပ်မပျော်တဲ့ ညနက်တွေနဲ့ ပျော်ရင်လည်း ကဗျာရေး ၊
ဝမ်းနည်းရင်လည်း ကဗျာရေးတဲ့
သူမအတွက် “ ကဗျာ ” ဆရာပေါ့
ဟော.....ကံကြမ္မာ လှည့်စားပြန်တော့
သူမဟာ....ကျွန်တော့်ရဲ့ ခံစားမှု ကဗျာတွေ အောက်က
လွတ်ထွက်...သွားခဲ့ရပြန်ပြီ

ကျွန်တော်ဟာ........
ကျွန်တော်ဟာ...........................
ကဲ.....နောက်ဘာတွေ ဖြစ်ချင်သေးပါသလဲ

ဘာတွေပဲ ဖြစ်နေဖြစ်နေ
သေချာတယ်...ကျွန်တော် သူမကို လက်လွှတ်နေရဦးမှာပါပဲ




Sunday, March 29, 2009


“ ဘယ်တော့မှ မခွဲဘူးတဲ့ ”
အဲဒီစကားတွေနဲ့
ကျွန်တော့်မှာ စုံလုံးကန်းခဲ့ရတယ်

ချပ်ဝတ်တန်ဆာအပြည့်အစုံနဲ့
ဘ၀ကို...စိန်ခေါ်ခါနီးကျမှ
မယုံကြည်တော့လို့....နောက်ပြန်လှည့်သွားခြင်းခံလိုက်ရတဲ့
လက်တွဲဖော်လေးရေ......
အစွပ်စွဲရက်ပါဘူး
အတ္တကြီးသူ ......တစ်ယောက်လို့

ဖြစ်စေချင်တဲ့ ဆန္ဒ
ဒူးမထောက်တဲ့...မာနနဲ့ စိတ်ဓတ်ကို
ကျွန်တော့်အချစ်တွေ အားလုံးနဲ့ အရှုံးပေးလိုက်ပါတယ်

ဟောဒီ....ကမ္ဘာပေါ်မှာ
ပေါင်းဆုံရတဲ့ စုံတွဲ..ဘယ် နှစ်ယောက်ရှိမလဲ
အားလုံးကို...ဒီနေရာကလည်း ဦးညွှတ်ပါတယ်
ကျွန်တော်ဟာ ခင်ဗျားတို့လို့
ကံကောင်းသူ တစ်ယောက်မဟုတ်ခဲ့လို့

အခုတော့
အသက်မရှိတဲ့....ကံကြမ္မာကြီးကို
အပြစ်တင်ရင်း

ဘယ်သူမှားခဲ့တာလဲ.....ဘယ်သူတွေမှားခဲ့ကြလည်း
စဉ်းစားရင်း...စဉ်းစားရင်း
တကယ်တော့...ဘယ်သူမှ မမှားပါဘူး
နက္ခတ်တွေပဲ....မှားခဲ့တာ



Friday, March 20, 2009

ဘာရေးရင် ကောင်းမလဲ ကောင်းမလဲနဲ့ စဉ်းစားလိုက် ၊ စိတ်ကူးပေါ်လာတာ ချရေးလိုက်နဲ့။ ပြီးသွားတော့ ပြန်ဖတ်ကြည့် စိတ်တိုင်းမကျတော့ draft ထဲ ထည့်ထားလိုက်နဲ့။ ကဗျာလေးတွေ ချရေးလိုက်။ အချစ်အကြောင်းလား ၊ ဘ၀အကြောင်းလား စဉ်းစားရင်းနဲ့ တော်ကြာ ဟိုကိုထိသလိုလို ဒီကိုညှိသလိုလိုနဲ့ ဖြစ်မှာဆိုးတော့လည်း Stop အမောင်ဆိုးသွမ်း ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်းနဲ့ ငုတ်တုတ်ထိုင်နေမိတယ်။

တကယ်က ဖိုရမ်တခုမှာလည်း အားတက်သရော ရေးမိနေတာကြောင့်ပါ။ စာရေးဖို့အတွက်ဆို အတွေ့အကြုံတွေ အထူးသဖြင့် လိုအပ်တယ်လို့ ထင်မိတယ်။ ကျွန်တော်တို့လို အပျော်တမ်းသမားတွေ အတွက်ပေါ့။ ဒါမှလည်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဘ၀တလျှောက် ဗဟုသုတတွေ ပြန်လည်ဝေမျှနိင်မှာပါ။

အဲဒီလို အတွေ့အကြုံ ရဖို့ဆိုတာကလည်း ကျောင်းကနေ အခန်း ၊ အခန်းကနေ ကျောင်းဆိုတော့ ရေးစရာကလည်း ဆရာနဲ့ နပန်းလုံးရတဲ့ အကြောင်းတွေပဲရှိတော့တယ်။ အခန်းကနေ အပြင်ထွက်ဖို့ကလည်း ကျောင်းအားရက်လေး ဆိုရင် ၊ အဆောင်မှာ ညဆိုစကားဝိုင်းပြောကြလို့ မနက်မထနိင်တာက တစ်ကြောင်း ၊ သွားမယ်လာမယ်ဆိုလည်း မယ်မယ်ရရ သွားလည်စရာ နေရာမရှိတာက တစ်ကြောင်း ၊ ဓနအင်အားကလည်း ခြိုးခြံချွေတာနေရတာက တစ်ကြောင်းနဲ့ ဘာအတွေ့အကြုံမှကို မရဖြစ်တော့ပါဘူး။

ဒီလိုနဲ့ ဘလော့ဂ်တကာလိုက်ဖတ်တော့လည်း ထုံးစံအတိုင်း ခြေရာတော့ မချန်မိဘူး။ တော်တော်များများ ဘလော့ဂ်ဂါတွေ စိတ်ညစ် ၊ စိတ်ရှုပ်နေကြတယ်လို့ သုံးသပ်မိပါတယ်။ အလုပ်အကိုင် အဆင်မပြေ ၊ ပညာရေး အဆင်မပြေ ၊ ကျန်းမာရေးတွေ အဆင်မပြေဆိုတော့ ဒါတွေ အားလုံးအဆင်ပြေနေမှ ၊ အားမှ ဘလော့ဂ်ကလည်း ရေးနိင်တာ မဟုတ်လား။

ဖြစ်နိင်ရင် အပျော်တမ်း ဘလော့ဂ်ရေးခြင်းကနေ စာရေးဆရာ ဖြစ်ဖို့အထိကို ရည်ရွယ်ချက် ရှိပေမယ့် လက်တွေ့မှာတော့ စိန်မခေါ်နိင်သေးပါ။ ကျွန်တော် “ လွင်းမိုး ” လိုဖြစ်ချင်ပါတယ်။ အဲဒီလိုဆိုတော့ တစ်မျိုးမတွေးကြပါနဲ့ဦး။ ဆိုလိုတာက ခရီးသွားခြင်းပါ။ ပိုက်ဆံများ တက်နိင်မယ် ၊ စပွန်ဆာ ရှိမယ်ဆိုလို့ကတော့ မြန်မာနိင်ငံ အနှံကို ခရီးသွားချင်မိတာပါ။

ဓါတ်ပုံတွေ ရိုက်မယ် ၊ မှတ်တမ်းတင်မယ်ပေါ့ဗျာ။ အဲဒီလို ခရီးသွားလာတာကို ထုတ်လွှင်ပြသပေးမယ့် ရုပ်သံလိုင်းတွေ ရှိရင်ကောင်းမယ်။ ဒါဆို ကိုယ်တင်မဟုတ်ဘဲ တနိင်ငံလုံး သိနိင်ကြမှာမဟုတ်လား။ အခုတော့ ကိုယ့်တမြေထဲ မွေးပြီး သေသည်အထိ မရောက်ဘူး ၊ မမြင်ဘူးတဲ့ သူတွေ အများကြီး။ နောက်တခုက ဥရောပကို ပတ်ထားတဲ့ ရထားလမ်းလိုပဲ မြန်မာနိင်ငံမှာ တနိင်ငံလုံးကို ပတ်ပြီး ၊ ဒါမှမဟုတ် ဆက်စပ်ပြီး ဖောက်လုပ်ထားတဲ့ ရထားလမ်းလည်း ရှိရင်ကောင်းမယ်။ ဒါဆို ရထားပတ်စီးတာနဲ့တင် တော်တော်ကို လုံလောက်နေပြီ။

ဒီလိုတွေးရင်းနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ် ကြွေလိုက် ၊ ပြန်ပေါက်လာလိုက်နဲ့ စဉ်းစားရင်း ၊ တွေးရင်း ၊ ငေးရင်း ၊ ဆွေးရင်း ၊ ရေးရင်းနဲ့ နတ်ဆက်ရမည့် အချိန်တောင် ရောက်လာတော့မှာပေါ့။



Tuesday, March 17, 2009

Where the heart lies. let the brain lie also. ( Robert Browning )

နှလုံးသားတည်ရာမှာ ဦးနှောက်ကိုလည်း တည်ရှိပါစေ။


If you ran after two hares, you will catch neither. (Thomas Fuller)

မင်းယုန်နှစ်ကောင် တစ်ပြိုင်နက်ဖမ်းရင်တော့ တစ်ကောင်မှ မိမှာ မဟုတ်ဘူး။

Kind words can be shart and easy to speak, but their echoes are truly endless.

( Mother Teresa )

အကြင်နာ စကားလုံးကလေးများဟာ တိုတိုတောင်းတောင်းဖြစ်နိုင်ပါတယ်။ ပြောရဆိုရတာလည်း လွယ်ကူလှတယ်။ ဒါပေမယ့် အကြင်နာစကားလုံးတွေရဲ့ပဲ့ တင်သံကတော့ တကယ်ပဲ အဆုံးအစမရှိ ဖြစ်နေတတ်ပါတယ်။

( Gandi ၏ အဆိုအမိန့်များ )

Literary education is of no value, if it not able to build up a sound character.

တည်ကြည်ခိုင်မာတဲ့ စာရတ္တိ မပျိုးထောင်နိုင်သမျှ စာပေပညာမျိုးဟာလည်း တန်ဖိုးရှိနိုင်မှာ မဟုတ်ပါဘူး။

An eye for an eye only ends up making the whole world blind.

မုန်းမာန်ပွားတဲ့ မျက်စိချင်းယှဉ်ပြိုင်တိုက်ခိုက်နေသရွေ့ တော့ ကမ္ဘာလောကကြီး စုံလုံးကန်းမှု အဆုံးသတ်မှာပါပဲ။

Hatred kills, Love never dies. Such is the vast difference between the two.

အမုန်းတရားဟာ သတ်ဖြတ်ဖျက်ဆီးတတ်တယ်။မေတ္တာတရားကတော့ ဘယ်သောအခါမှ ချုပ်ငြိမ်းပျောက်ကွယ်ရတယ်လို့ မရှိပါ။ မေတ္တာနဲ့ အမုန်းကြားမှာ ကြီးမားတဲ့ ခြားနားချက်ကတော့ ဒါပါပဲ။

To forgive is not to forget.

ခွင့်လွတ်ဖို့ ဆိုတာ မေ့လိုက်ဖို့ မဟုတ်ပါ။


Monday, March 16, 2009




ကားနံမည်က Green Street Hooligans တဲ့။ နာမည်ကတော့ ခပ်ဆန်းဆန်းပဲ။ Hooligans ပါမှတော့ လမ်းသရဲ ၊ လူမိုက်တွေကားပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ ဒီကားက လမ်းသရဲပုံစံ လူမိုက်ကားမျိုးပါပဲ။ ဒါပေမယ့် ဒီကားထဲ သူတို့ဘာကို သရဲကျတာလဲဆိုတာကတော့ ယနေ့ကမ္ဘာမှာ ပြိုင်ဆိုင်မှု အင်အား အပြင်းထန်ဆုံးဖြစ်တဲ့ ဘောလုံးအသင်းတွေနဲ့ အဲဒီအသင်းအပေါ် ရူးသွပ်စွာ အားပေးတဲ့ လူငယ်တွေရဲ့ မိုက်ရူးရဲဆန်ဆန် အားပေးမှု များကို ရိုက်ကူးထားတာပါ။

ဇာတ်လမ်းအစမှာ အမေရိကန်ဟားဗက်ဒ် တက္ကသိုလ်မှာ ဂျာနယ်လစ်ဘာသာ သင်ကြားနေတဲ့ Matt တစ်ယောက်ဟာ အခန်းဖော်ရဲ့ ချောက်ချမှုကြောင့် ဘိန်းမှုနဲ့ ကျောင်းထွက်ခဲ့ရပါတယ်။ ထိုကြောင့် စိတ်ပြေလက်ပျောက် အနေဖြင့် Time သတင်းစာမှာ ဂျာနယ်လစ်အဖြစ် အလုပ်လုပ်နေတဲ့ အဖေ့ဆီကို မပြန်ဘဲ London ရဲ့ West Ham မှာနေထိုင်တဲ့ အစ်မဆီကို ခရီးထွက်ပြီး သွားနေထိုင်ရာကနေ ဒီဇာတ်လမ်းကို အစပြုထားပါတယ်။

Matt ရဲ့ အမကိုယူထားတဲ့ ယောက်ဖမှာ Pete လိုခေါ်တဲ့ ညီတစ်ယောက်ရှိပြီး ၊ သူကတော့ လက်ရှိဝက်စ်ဟန်းအသင်းကို အားပေးတဲ့ GSE ( Green Street Elite ) gang ခေါင်းဆောင်ပါ။ အရင်တုန်းကတော့ သူ့ယောက်ဖကိုယ်တိုင် ဒီဂိုဏ်းကို ဦးဆောင်ခဲ့ပြီး အိမ်ထောင်ကျ၍ ကလေးရလာတော့မှ စွန့်လွှတ်ခဲ့တာပါ။ တကယ်တော့ Matt ဟာ အမေရိကန်တစ်ယောက်ဖြစ်တာကြောင့် ဘောလုံးကို သိပ်စိတ် မ၀င်စားပါဘူး။ သို့သော်လည်း လူငယ်တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်တခုထဲနဲ့ အပေါင်းအသင်း ခင်မင်ရင်း GSE ဖြစ်လာခဲ့တာပါ။


Pete တို့ GSE လူစု

ဒီဇာတ်ကားမှာ ဘောလုံးနှင့် ပတ်သက်လာလျှင် အုပ်စုဖွဲ့ လူရိုက်မှုတွေကို အသားပေးပြီး လူငယ်တွေရဲ့ ရူးသွပ်တဲ့ စိတ်ဓတ်ကို အလေးပေး ဖော်ပြထားပါတယ်။ West Ham အသင်းရဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်တဲ့ အသင်းတိုင်းရဲ့ ဂိုဏ်းနာမည်တွေ ဖြစ်တဲ့ Tottenham Hotspur's Yid Army, Birmingham City's Zulus, Manchester United's Red Army and Millwall's Bushwackers အသင်းတို့ရဲ့ ဘောလုံးဂိုဏ်းတွေနဲ့ GSE တို့ဟာ အမြဲတမ်း တိုက်ခိုက်နေကြပေါ့။


အစတုန်းကတော့ မခုတ်တက်တဲ့ကြောင် ၊ ယောက်ဖဖြစ်သူ ပုလင်းကွဲနဲ့ လည်ပင်းအထိုးခံရမှုကြောင့် ပြန်ကလဲ့စားချေတော့မည့် Matt

ဒီကားရဲ့ အဓိက ဇာတ်ကြောင်းကတော့ မီဝေါ်လ်အားပေးသူ ဖြစ်တဲ့ Tommy ရဲ့ သားလေးဟာ ၀က်စ်ဟန်းနဲ့ မီဝေါ်လ် ချကြနှက်ကြတဲ့ ပွဲမှာ သေဆုံးသွားရာကနေ ကမ္ဘာရန်သူတွေ ဖြစ်လာပြီး Tommy က လက်စားပြန်ချေတဲ့ ကားလေးပါ။


သားဖြစ်သူအတွက် လက်စားချေမည့် Tommy


ဇာတ်လမ်းတခုလုံးကို မပျင်းရအောင် ဘောလုံးအားပေးမှုနှင့် အတူ ရအောင် ရိုက်ထားပြီး ၊ ကြည့်နေရင်းဖြင့် ကိုယ်တိုင်ဝင်ရိုက်ချင်စိတ်တွေ ဖြစ်အောင် ဒါရိုက်တာက လက်စွမ်းပြထားပါတယ်။ နောက်ပြီး ဒီဇာတ်ကားထဲက အသုံးအနှုန်းတွေဟာ လူငယ်ဆန်သလို ရိုင်းလည်း ရိုင်းပါတယ်။ F....k ကို မကြာခဏ စကားပြောထဲ ထည့်သုံးထားပါတယ်။ လူငယ်ဆန်ဆန် ပြုမှုပြောဆိုတဲ့ လေသံတွေဟာ နားထောင်လို့တော့ တကယ်ကောင်းပါတယ်။

လူသေးသလောက် လက်ရဲတဲ့ Bovver



ဒါကြောင် ဒီတပတ်အတွက် တနင်္ဂနွေကားလက်ဆောင် အဖြစ် ညွှန်းလိုက်ရပါသည်။

Green Street Hooligans 2 ကတော့ အခု ၂၀၀၉ မှ ထွက်ပါတယ်။ အဲဒီမှာတော့ ပထမကားရဲ့ နောက်ဆုံးပိတ် ရန်ပွဲမှာ ထောင်ကျခဲ့ရတဲ့ Tommy နဲ့ GSE ထဲက ၃ ယောက်တို့ ထောင်ထဲမှာ ထိုးကြ ကြိတ်ကြတာကို အခြေခံထားပြီး ရိုက်ကူးထားတာပါ။ ပထမကားနဲ့ ကွဲလွဲသွားပေမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါသည်။



Sunday, March 15, 2009

ဒုက္ခ နှင့် သုခ


ဒုက္ခဟူသည် အကောင်းမဟုတ် ၊ ကိလေသာလည်း မဟုတ် ၊ တဏှာရာဂလည်း မဟုတ်
အစိုင်အခဲ ၊ အခိုးအငွေ့လည်း မဟုတ် ။ ဤသို့ဆိုလျှင် အဘယ်နည်း။

ဒုက္ခသည် အယူအဆတစ်ခုသာ ဖြစ်ပါသည်။

မိမိ၏ တွေ့ကြံလာမှု အဖြစ်အပျက်အား ဒုက္ခဟု ခံယူလိုက်ခြင်းဖြင့်
ဒုက္ခဟု အမည်သတ်မှတ်ရာ ရောက်သွားသလို ၊ တွေ့ကြုံလာသော အဖြစ်အပျက်အား ကျေနပ်ပါက
သုခဟု ခံယူလိုက်ခြင်းဖြင့် သုခဖြစ်လာတော့သည်။

ညကြီးမင်းကြီး အိမ်ကခိုင်းသော်ကြောင့် အပြင်သွားရသည်။ အလုပ်လုပ်ရသည် ဆိုပါစို့။
ထိုသူငယ်အတွက် ထိုအခြင်းအရာသည် ဒုက္ခဟု ခံယူပေတော့မည်။ သူတပါး အိပ်ချိန်
အနားယူနေချိန်တွင် မိမိထိုကဲ့သို မလုပ်နိင်။ ဆူပူသည်။ ပြစ်တင်မိသည်။
ဒုက္ခပါပဲကွာဟု ပြောဆိုတက်ကြသည်။

သို့သော် ညကြီးမင်းကြီး ရည်စားနှင့် ချိန်းထားသော်ကြောင့်
မြွေပါးကင်းပါးမကြောက် သွားသည်လာသည်။ လူငယ်သဘာဝ ရင်ခုန်ရမှုကို နှစ်သက်သည်။
သို့သော် ထိုအရာကို မိမိက ကျေနပ်သည်။ ထိုအခါ ဒုက္ခလို့ မည်သူမျှ မညည်း။

ထို့ကြောင့်

“ ဒုက္ခ နှင့် သုခ သည် မိမိစိတ်၏ ခံယူမှု စည်းမျဉ်းကြောင်းလေးပေါ်တွင်သာ တည်ရှိပါသည်။
ကဲ....စာဖတ်သူရော တွေ့ကြုံလာတဲ့ အဖြစ်အပျက်တိုင်းကို ဒုက္ခ ၊ သုခဟု ညည်းညူဦးမှာလား။



စာရေးဆရာ မင်းသိင်္ခ၏ စာအုပ်တစ်ချို့မှ စကားတစ်ချို့ကို ကြိုက်၍ အနည်းငယ်မွန်းမံကာ
ရေးသားထားပါသည်။




Friday, March 13, 2009



ကိုမိုးလှိုင်ဆီက “ ရန်ကုန် ” ကဗျာတွေ ဖတ်ရတော့ ကဗျာပြန်ရေးချင်စိတ်တွေလည်း ပေါက်လာသလို ၊ မွေးရပ်မြေ ရန်ကုန် အကြောင်းလေးလည်း ရေးချင်လာသေးတယ်။ သူတို့လောက်တော့ ကောင်းမှာ မဟုတ်မှန်း သိပေမယ့် ကိုယ့်ခံစားချက်လေးတွေ ကိုယ်ရေးခွင့်ရရင်ပဲ ဒီဘလော့ဂ်လုပ်ရကျိုး နပ်တယ်ဆိုတဲ့ အတိုင်းပဲ ကျွန်တော်ရဲ့ ရန်ကုန် အမြင် ခံစားချက်လေးတွေကို အရိုးခံ အတိုင်း ချရေးလိုက်ပါတယ်။ ကဗျာလေး ရိုင်းခဲ့ရင် နားလည်ပေးကြပါ။

“ ရန်ကုန် ”


လူကြီးကနေ ကလေး...ကလေးကနေ ခွေးအထိ
အဆင့်အတန်းတွေ ခွဲခြားခံရတဲ့....မြို့

နေပူပူအောက်က.....ရမ္မက်ခိုး အတ္တတွေဝေနေတဲ့
ရက်စက်မှု သရဖူဆောင်း
မြန်မာပြည်ထဲက အကောင်းဆုံး....မြို့

မနက်ဆို လူတွေက ခွေးလို အလုပ်လုပ်ရပြီး
ညဆို ခွေးတွေက လူလိုပျော်ကြတဲ့....မြို့

လင်ကွန်း ပြောတဲ့ အမြစ်ပြက်သွားတဲ့စနစ်ကို
တခုတည်းသော ထိန်းသိမ်းသူ အဖြစ် ရှိနေတဲ့...မြို့

အယောင်အယောင် အမှားမှားနဲ့
အဆင်းကို ဘီးတပ်ပေးတဲ့သူတွေ နေကြတဲ့....မြို့

၂၁ ရာစုရဲ့ ခေတ်အနောက်ကျဆုံးနဲ့
အယဉ်ကျေးဆုံး....မြို့

ဒီမြို့မှာ ကြီးပြီး....ဒီမြို့မှာ မနေတော့တဲ့သူတွေက
“ ရွာ ” လို့ တင်စားခံရတဲ့မြို့


ဒါပေမယ့် ကျွန်တော်လည်း ရန်ကုန်ကို ချစ်တယ်
ရန်ကုန်မှာပဲ နေမယ်

ရန်ကုန်က ကျွန်တော့်ကို
အမြဲတမ်း ဆုံးမစရာတွေ ပေးတယ်
မဖြစ်နိင်တဲ့ ဖြစ်ရပ်တွေ ပြောပြတယ်
မဆုံးနိင်တဲ့ တေးသွားတွေနဲ့ ကခိုင်းတယ်
လှပတဲ့ မြင်ကွင်းတွေ ကြည့်ခိုင်းတယ်

အုံနာကြေးနဲ့ မိသားစု စားဝတ်နေရေးအတွက်
အားတင်းလို့ နင်းနေရတဲ့ ဆိုက်ကားသမား တစ်ယောက်ရဲ့ အပြုံး

ကျူရှင်လခနဲ့ အိမ်စရိတ်အတွက်
ဆီပူခံကြော်နေရတဲ့ အကြော်သည်တွေနဲ့
ရေခဲထုတ် ၊ ဖရဲသီးစိပ် ၊ ရွှေရင်အေးသည်တိုရဲ့
ရင်မအေးနိင်တဲ့ ခေါင်းပေါ်က ဘ၀အမော

ရန်ကုန်ဟာ...ပဟေဋ္ဋိဆန်တဲ့
စာအုပ်တစ်အုပ်လိုပါပဲ
သူ့သဘောကို နောကြေရင် အမှတ်များများရမယ်
ဆိုတဲ့ အတိုင်းပဲ

လူတွေကို လှည့်စားနေသလိုနဲ့
လူတွေရဲ့ ပြန်လှည့်စားခြင်းကြောင့်
ခေါင်းစဉ်အမျိုးမျိုး အတပ်ခံနေရတဲ့

မြို့...........


Sunday, March 8, 2009


ပညာသင်တယ်ဆိုတာ အမှားအမှန် ၊ ဝေဖန်ပိုင်းခြားတက်အောင်
စဉ်းစားတွေးခေါ် တက်တဲ့ အသိဥာဏ်တွေ ရင့်သန်လာအောင် သင်တာ

တော်ပါပြီ ၊ တန်ပါပြီ။ မင်းတို့ရဲ့ “ အချိန်တန်တော့လည်း ” ဆိုတဲ့ အပြောမျိုးတွေနဲ့
“ ဘာထူးဦးမှာမို့လို့လဲ ” ဆိုတဲ့ စကားလုံးတွေက နားထဲကို ဆာလဖျူရစ် အက်ဆစ်ပြင်းတွေ
ဂါလံလိုက် လောင်းချနေသလိုပါပဲ။

ရွှေသမင်လေးတွေရေ...အဲဒါ တံလျှပ်ထက် ဆိုးတဲ့ အရာတွေပါ။ အဆုံးမမြင်သာတဲ့
တစ်လမ်းသွား တွင်းနက်ကြီးပါကွယ်။ မာယာလွင်ပြင်ထဲက ပြန်လမ်းမဲ့
ချောက်ကမ်းပါးကြီးထဲကို ဘာလို့များ ခုန်ဆင်းချင်ကြတာလဲ။

မင်းတို့အတွက် ရွေးလျှောက်စရာ လမ်းတွေ အများကြီးပါကွာ။ လျှောက်လိုက်ကြစမ်းပါဦး။
ခရီးမိုင်တွေ ထောင်သောင်းမက အင်္သချေ အနန္တ ရောက်အောင်
လျှောက်ပြလိုက်စမ်းပါ။

“ အခုတော့ ဒါဟာ မင်းတို့ရွေးချယ်နိင်သမျှ အကောင်းဆုံး လမ်းတဲ့လား ”


ဥတ္တရာလမင်းက ထုတ်တဲ့ “ ခံစားသူအကြိုက် ၂၀၀၄ ၀တ္တုတိုများ ” စာအုပ်ထဲက အေးမြချမ်းရေးတဲ့ “ ၁၂တွန့် ဦးနှောက် ” ထဲက စာသားတစ်ချို့ပါ။ အရွယ်မတိုင်မှီ ပညာတော်ရဲ့သားနဲ့ ၊ ငွေကြေး ၊ အချစ် ၊ နောက်ကို လိုက်ပြီး လမ်းမှားရောက်သွားတဲ့ တပည့် ၂ ယောက်ကို ဆရာမတစ်ယောက်က သူ့ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးကို ပြောပြထားတာကို ကြိုက်လို့ ပြန်တင်ပေးလိုက်ပါ။




Friday, March 6, 2009

ဟိုနေ့က အခြောက်တွေ အကြောင်း ဖတ်မိလိုက်လို့ ၁၀ တန်းတုန်းက မေ့နေ့ခဲ့တာလေး ပြန်သတိရသွားတယ်။ ကွယ်ဝှက်ထားတယ်လို့လည်း မဟုတ်ပါဘူး။ အခုမှ လူစုံတုန်း ဘလော့ဂ်ပေါ်မှာ ရှင်းပြတာပါ။


၁၀ တန်းကပေါ့။ ဟုတ်ပါတယ် ကျွန်တော် ၁၀ တန်းတုန်းကပါ ။ ရန်ကုန်မြို့ထဲက လေဟာပြင်ဈေးကို ကျွန်တော့် အစ်ကိုနဲ့ ပစ္စည်းတစ်ခု သွားဝယ်ကြတုန်း ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ အဲဒီနေ့က အစ်ကိုနဲ့ ပစ္စည်းတစ်ခု ၀ယ်ပြီးပြန်လာတော့ ဈေးကနေ အထွက် ၊ ကားလမ်းကူးပြီး ဆေးရုံထောင့် အနားကို အရောက် ( အဲဒီနေရာမှာ လေးဘက်လေးလံ ကူးနိင်ရန် မိုးပေါ်တံတား ရှိပါသည် ) အစ်ကိုက

“ ဟာ နေဦးကွ ၊ ငါပစ္စည်း မေ့ကျန်ခဲ့တယ် ၊ အမေက.....၀ယ်ခဲ့ပါဆိုလား ( ပစ္စည်းအမည် မသိတော့ပါ )
ဆိုပြီး...ညီလေး မင်းဒီက စောင့် ၊ မလိုက်နဲ့တော့ ပြန်လာခဲ့မယ် ၊ ခဏပဲ ”

ဆိုပြီး ဆရာသမားက လစ်သွားတယ်။ နီးကလည်း နီးတာကိုး ။ ဈေးကိုလည်း လှမ်းမြင်နေရတယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ဒီဘက်ကားလမ်း တံတားအဆင်းနဲ့ ဆေးရုံထောင့်ကနေ ဟိုဘက်ငေးလိုက် ၊ ဒီဘက်ငေးလိုက် နဲ့ လမ်းလျှောက်နေတာပေါ့။ အချိန်ကလည်း ၃ နာရီကျော်ကျော်ရှိနေပါပြီ။ နေကတော့ သိတဲ့ အတိုင်းပူသလား မမေးနဲ့။

အဲဒီမှာ ဇာတ်လမ်းက စတာပဲ။ အစ်ကိုက ပြန်မလာတော့ဘူး။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ပစ္စည်းမတွေ့တာလား ၊ ဘာဖြစ်နေလဲ မသိဘူး။ ကျွန်တော်ကတော့ တံတားပေါ် ကားတွေတက်ကြည့်လိုက် အောက်ကို ဆင်းလိုက်နဲ့ လုပ်နေတုန်း အသားဖြူဖြူနဲ့ နည်းနည်း ပြည့်ပြည့်ဖြိုးဖြိုး ၊ ဆံပင် ကုတ်ထောက်နဲ့ ဘဲကြီး တဗွေက ကားလှမ်းကူးလာတယ်ဗျ။ အစက သတိမထားမိပါဘူး။ သူက အပေါ် တံတားပေါ်က မကူးဘဲ အောက်ကနေ ဖြက်ကူးလာတာ။ ဒါနဲ့ ရဲဖမ်းတော့မှာပဲ ဆိုပြီး ကြည့်နေလိုက်သေးတယ်။ နောက်တော့ ဘာမှ မဖြစ်ပါဘူး။ ဒီတော့ ကျွန်တော်လည်း သတိမထားမိလိုက်ဘူး။ သူက ဒီဘက်ခြမ်းလည်း ကူးလာပြီးရော ဟိုလျှောက် ဒီလျှောက်နဲ့ လမ်းသလား နေပါတာပေါ့။ သဘောက ညနေစောင်း အပြင်းပြေ လမ်းလျှောက်နေသလိုပေါ့ဗျာ။ အေးအေး လူလူပဲ။

ဒါနဲ့ ကျွန်တော်လည်း အစ်ကို့ကို စောင့်နေရင်း လမ်းလျှောက်နေတာပေါ့။ လျှောက်နေတုန်း အနောက်ကနေ ရွှတ်...ရွှတ် ဆိုတော့ လန့်သွားတယ်။ ဘာ...လဲဟပေါ့။ ပြန်လှည့်ကြည့်တော့ အမယ်..ဆရာသမားက ကျွန်တော့်ကို ခေါ်နေတာဗျာ။ လက်ပြပြီး ခေါ်နေတာ။ လာပါဦးတဲ့။ ကျွန်တော်လည်း သေချာအောင် နောက်လှည့်ကြည့်လိုက်သေးတယ်။ ဘယ်သူလဲပေါ့။ ပြီးတော့ ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော်လား ဆိုတော့ ဒင်းက ဟုတ်တယ်တဲ့။ အိုကေ...ဒါဆို လာပြီပေါ့။

အနားရောက်တော့ ပြော..အစ်ကိုကြီး ကျွန်တော် ဘာကူညီရမလဲ ဆိုတော့ “ အလာလား...ဆရာသမားက တန်းပြီးတော့ကို မျက်လုံးမှိတ်ပြတော့တာပဲ ၊ ပြီးတော့

“ မောင်လေး...နေရာရှိတယ် ၊ သိပ်လည်း မဝေးဘူး ကားလှမ်းကူးပြီးရင် တိုက်ခန်းရှိတယ် ၊ လိုက်ခဲ့ပါလား ၊ မုန့်ဖိုးပေးမယ်လေ ”တဲ့




အဲဒီလို နှစ်ကိုယ်ကြားလည်း ကပ်ပြောလိုက်ရော အမောင်ဆိုးသွမ်းတို့ ကြက်သီးတောင် ထသွားတယ်။ ပြီးတော့ ကမန်းကတန်း အာ...လူမှားနေပြီဗျ။ ကျွန်တော် အဲဒါတွေ စိတ်မ၀င်စားဘူး။ ဟာဗျာ...ခင်ဗျား ဘာတွေလာပြောနေတာတုန်းဆိုပြီး အော်မိအော်ရာ အော်လိုက်တော့ ဘဲကြီး ရှက်သွားလား မသိဘူး။ ကျွန်တော်လည်း ကြောက်လန့်ပြီး အတင်းကားဂိတ်ဘက် ပြေးတော့တာပဲ။ ကားဂိတ်ရောက်တော့ လူတွေကလည်း ရှိတော့ ဒီဘဲကြီး လိုက်မလာတော့ပါဘူး။ ဒါနဲ့ နောက်ကို ပြန်လှည့်ကြည့်တော့ မတွေ့မိတော့ဘူး ။ သူလဲ အခြေအနေ မကောင်းလို့ ပြေးပြီထင်ပါတယ်။

ခဏနေတော့ အစ်ကိုက ပြန်ရောက်လာတယ်။ သူရောက်လာတော့ သူ့ကို ပြန်ပြောပြလိုက်သေးတယ်။ ဆရာက ဘယ်ကောင်လဲ ၊ လိုက်ပြ ၊ ငါရှင်းမယ် လုပ်နေလို့ ။ လာစမ်းပါ အစ်ကိုရာ။ လူလိုနေတာ မင်းပါ ဟိုက ခေါ်သွားဦးမယ်။ ဟီးဟီး။ ဆိုပြီး ညီအစ်ကိုနှစ်ယောက် ပြန်လာခဲ့ကြတယ်။ စိတ်ထဲမှာတော့ တနုံ့နုံ့နဲ့ ။ ဒီဘဲကြီး ဘာတွေများ ကြည့်ပြီး ငါ့ကို ဒီစကားမျိုး လာပြောလဲပေါ့။

အဲဒီလို ဖြစ်စဉ်တွေ ကားပေါ်မှာလည်း ရှိပါတယ် ၊ လမ်းပေါ်တွေမှာလည်း ရှိပါတယ်။ အထူးသဖြင့် မြို့ထဲဘက် ညနေစောင်းချိန်ဆို သူတို့တွေကို တွေ့ရပြီပေါ့။ သတိထားကြဦးဗျို့....။




ရွှင်လန်းချမ်းမြေ့ကြပါစေ။



Thursday, March 5, 2009



ကျွန်တော်တို့ မြန်မာဘောလုံးလောက အဆင့်အတန်းတိုးတက်ရေး အတွက် Pro အဆင့် လိဂ်တခု မကြာမှီ လာတော့မည် ဖြစ်တယ်လို့ သတင်းတွေလည်း ဖတ်နေရပါတယ်။ ဘောလုံးနဲ့ ပတ်သက်လျှင် ဘယ်နိင်ငံမဆို ရူးသွပ်တယ် ဆိုတာ အားလုံးအသိပါ။ နိင်ငံက ကုန်ပစ္စည်းကောင်းတွေ မထွက်ရင်တောင် ဘောလုံးကန် ကောင်းလို့ နာမည်ကြီးနေတဲ့ နိင်ငံတွေက ဒုနဲ့ဒေးပါ။ ကမ္ဘာအဆင့်မဟုတ်ရင်တောင် တချိန်က မြန်မာဆိုတာ အာရှဘောလုံး လောကမှာ ဘယ်လို အရှိန်အ၀ါ ရှိခဲ့တယ်ဆိုတာ သမိုင်းကြောင်း မှတ်တမ်းတွေ ပြန်ကြည့်ရင် သိနိင်ပါတယ်။

ဒီလိဂ်တခုကို ဖြစ်စေချင်နေတာတော့ ကြာပါပြီ။ ဘယ်အရာမဆို အဘက်ဘက်က နိမ့်ကြနေသလို ဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့ နိင်ငံကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး လိုက်မှီအောင် ဖြစ်စေချင်ပါတယ်။ အခု ဆိုရင် လိဂ် တခု လာပါတော့မယ်။ လိဂ်နဲ့ ပတ်သက်လျှင် သတင်းတင်ပြခဲ့တဲ့ www.mutdfan.com က ရေးသားချက်များကို ပြန်လည်ပြောပြရမည် ဆိုလျှင်ဖြင့်

အခန်းအနားတွင် ပထမဦးစွာ မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်က Professional League အဖြစ် ပြောင်းလဲတော့မည့် အခြေခံ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဦးဇော်ဇော်၏ ရှင်းလင်းတင်ပြချက်များအရ မြန်မာ့ဘောလုံးအဖွဲ့ချူပ်က မြန်မာလိဂ်ကို Professional League အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ကလပ်အသင်း ရှစ်သစ် သင်းကို တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ကုမ္မဏီ ၈ ခုက စတင် တည်ထောင် ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ စတင်ဖွဲ့စည်းမည့် ကလပ်အသင်း ၈သင်း နှင့် ပိုင်ရှင်များမှာ




  1. ဦးတေဇ( ထူးကုမ္မဏီ Co.,Ltd ) = Yangon United FC
  2. ဦးအောင်ကိုဝင်း( ကမ္ဘာဇဘဏ် Co.,Ltd ) ၊ Kanbowza FC
  3. ဒေါက်တာစိုင်း ( Alpine သောက်ရေသန့် ) = Yadanarpone FC
  4. ဦးထွန်းမြင့်နိုင် ( Asia World Co.,Ltd ) = Magway FC ,
  5. ဦးဌေးမြင့်(Yuzana Co.,Ltd )( Southern Myanmar United FC )
  6. ဦးအောင်မိုးကျော် (IBTC Co.,Ltd ) = Okkthar United FC
  7. ဦးချစ်ခိုင် (Eden Co.,Ltd )= Delta United FC
  8. ဦးဝင်းမြင့် ( Shwe Neger Min Co.,Ltd ) =Zay Yar Shwe Myay FC



တို့ဖြစ်ကြောင်း သိရသည်။

ကလပ်အသင်း ရှစ်သင်းအနေဖြင့် ဘောလုံးသမားများ နည်းပြများကို နိုင်ငံခြားမှ လွတ်လပ်စွာ ခေါ်ယူနိုင်ခွင့် ရှိသကဲ့သို့ မြန်မာပြည်မှ ဘောလုံးသမားများကိုလည်း အခြားနိုင်ငံများသို့ လွတ်လပ်စွာ ကလပ်အသင်း၏ သဘောတူညီမှုဖြင့် ရောင်းဝယ်နိုင်ရန် စီစဉ်ထားကြောင်း ၀မ်းမြောက်ဖွယ် သိရသည်။ မြန်မာလိဂ်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပနိုင်ရန် စီစဉ်ထားကြောင်းလဲ သိရသည်။ နိုင်ငံခြားသား ဘောလုံးသမားများကို ခေါ်ယူရာတွင် ဘောလုံးပွဲတစ်ပွဲလျင် နိုင်ငံခြားသား ကစားသမားဦးရေကို စည်းမျဉ်းအရ ကန့်သတ်သွားမည်ဟုလည်း သိရသည်။ မြန်မာ့လိဂ်အဖြစ် ပြောင်းလဲလာမည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်သည့် အသေးစိတ် အသံဖိုင်ကို အောက်ပါ URL တွင် Download ရယူနားဆင်နိုင်ပါသည်။

http://www.mutdfan.com/myanmarleague.zip


ကျွန်တော်ကတော့ ရန်ကုန်သားဆိုတော့ Yangon United FC ကိုပဲ အားပေးပါတော့မည်။း)

ကန့်သတ်ချက်များ အနေဖြင့် -

  1. ပွဲတွေကို အိမ်ကွင်း အဝေးကွင်း ကန်မှာလား
  2. ပွဲအားလုံးကို ရန်ကုန်မှာပဲ ကျင်းပမှာလား
  3. ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်မှာလား
  4. အားကစား အကျီ င်္တွေ ၊ အလံတွေကို ရောင်းမှာလား
  5. လက်မှတ်တွေက ဘယ်လိုရောင်းမှာလဲ ၊ ၁ ပွဲစာလား ၊ ၁ ရာသီစာလား
  6. အစုရှယ်ယာ ၁ ခုကို ၁၀ သိန်းသက်မှတ်လျှင် ၁၀ သိန်းတက်နိင်မည့်သူတိုင်း ၀င်ပါနိင်ပါ့မလား
  7. ဘောလုံးကွင်းတွေကရော ဘယ်လို သတ်မှတ်မလဲ
  8. စိတ်မထင်တိုင်း ထထ ထိုးတက်တဲ့ မြန်မာဘောလုံးသမားတွေကို စည်းကမ်း ဘယ်လိုချမှတ်မလဲ
  9. ပရိတ်သက်ကိုရော ဘယ်လိုထိန်းသိမ်းမလဲ
  10. လက်ရှိ အဆင့်မြင့်တန်း ဘောလုံးကလပ်တွေကိုရော ဖျတ်သိမ်းမှာလား ၊ ဘယ်လို လုပ်မှာလဲ

ကျွန်တော်တို့ Pro အဖြစ်ပြောင်းလဲမယ်ဆို ၀ုန်းခနဲ့ ဒိုင်းခနဲ့ ထလုပ်လို့ မဖြစ်နိင်ပါဘူး။ အချိန်များစွာ ယူရပါဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ကလည်း ၂၀၁၀ ထိ ရွှေ့ထားခြင်း ဖြစ်နိင်ပါသည်။ ဖြစ်စေချင်ပါသည်။ အခုတော့ ကျွန်တော်တို့ ဘ၀သည် အမေကျော်ကာ ဒွေးတော် လွမ်းနေရသည့် အဖြစ်။ မန်ယူ ၊ ချဲလ်ဆီး ၊ လီဗာပူးလ် ၊ အာစင်နယ်တို့ဖြင့်သာ အချိန်ကုန်နေကြရသည်။

သူတို့တွေ အော်နေသကဲ့သို့ မာဖလာ ၊ အသင်းဝတ်စုံကို ကိုင်ကာ ၊၀တ်ကာ မြန်မာတွေကန်တာကို မြန်မာလို အော်ဟစ်ပစ်ချင်ပါတော့သည်။


မြန်မာဘောလုံးအဆင့်အတန်းလောက အမြန်ဆုံး တိုးတက်ပါစေဟု ဆုမွန်ကောင်းတောင်းလျှက်




Wednesday, March 4, 2009


လောကတွင် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလေ့ရှိသည်ဟု လူအများ သုံးနှုန်း၏။
သို့သော် ထိုသူတို့သည် အရိပ်အာဝါသ ကြီးသူခြင်းသာ ဖြစ်နေတက်ကြသည်။

မတရားပြုမှု ခံရခြင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဆူပူအုံကြွမှု ဖြစ်လာတက်သည်။

လူတစ်ယောက် ဒုက္ခရောက်ချင်ပါသလား....?
ထိုသူလုပ်သမျှ ၊ ဆိုသမျှအား ဘယ်လိုပဲ ဖြစ်နေနေ မြှောက်ပင့်ပြောဆိုပေးပါ။

အမှန်တရားကို ပြောဆိုခြင်းသည် လူမုန်းခံရဆုံး ဖြစ်သည်။
လမ်းမှားရောက်နေလျှင် လမ်းမှန်ရောက်အောင် ၀ိုင်းဝန်းကူညီခြင်း မရှိ။
လူမုန်းမခံ။ နာမည်ပျက်မခံ။ ထိုသို့ ပြုလုပ်ခြင်းဖြင့်
အမှန်တရားသည် တခါတရံ အမှားတရံ ဖြစ်သွားတက်သည်။


ဆိုးသွမ်း

Tuesday, March 3, 2009

ကျွန်တော့်အစ်မ တစ်ယောက်လိုဖြစ်တဲ့ Apprenticeship ရဲ့ ဘလော့ဂ်က တင်ထားတဲ့ စာပိုဒ်လေးကို သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ အဲဒါနဲ့ အတူ နောက်ဆက်တွဲ ပြောပြချင်တာလေးကတော့ ဒီလိုလေးပါဗျာ။

“ ဦးမင်းလူ ရာထူးမှ နုတ်ထွက်သွားခြင်း ”

ယောက်ျားပီသတယ်ဆိုတာ ကိုယ်နိုင်တဲ့သူကို ဖိတွယ်တတ်တာဆိုရင် …။ ရိုးသားတယ်ဆိုတာ သူများ မကောင်းကြောင်းနဲ့ ကိုယ်ကောင်းကြောင်းကို မကွယ်မ၀ှက် ဖွင့်ပြောတတ်တာဆိုရင် …။ ကြိုးစားတယ်ဆိုတာ ကိုယ့်မိသားစု ကောင်းစားရေး တစ်ခုတည်းအတွက် ကြံစည်တာဆိုရင် …။

ဂုဏ်သရေရှိတယ်ဆိုတာ သူတစ်ပါးပေါ် အထက်စီးက ဆက်ဆံခွင့်ရတာဆိုရင် …။ အားကိုးရတယ်ဆိုတာ ညွှန်ကြားရေးမှူးချုပ်ရဲ့ ပီအေနဲ့ ခင်တယ်ဆိုတာကို ပြောတာဆိုရင် …။

မင်းရဲ့ ဧည့်သည်တော်စာရင်းထဲက ငါ့နာမည်ဘေးမှာ `ရာသက်ပန် ဖျက်သိမ်း´ ဆိုတာလေး တဆိတ်လောက် တေးမှတ်ထားလိုက်စမ်းပါကွယ်။ ။

မင်းလူ



“ ဦးဆိုးသွမ်း ဘလော့ဂ်လောကမှ နုတ်ထွက်သွားခြင်း ”


ဘလော့ဂ် ရေးတယ်ဆိုတာ အမှန်တရားအတွက် ရင်တွင်းခံစားချက်တို့ ထုတ်ဖော်တဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ မျက်စိဖွင့် နားဖွင့်ဖို့ သတင်းအချက်အလက် ဝေမျှတဲ့ နေရာတခု မဟုတ်တော့ရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ဂုဏ်ရည်ပြ ၊ ဖော်လံဖားတို့၏ ကျက်စားရာ နေရာတခုဆိုရင် ၊ ဘလော့ဂ် ရေးတယ်ဆိုတာ ခံစားမှု အနုပညာအတွက် ရင်ဖွင့်ရာ နေရာ တစ်ခု မဟုတ်တော့ရင် ၊ ဘလော့ဂ်ရေးတယ် ဆိုတာ ကိုယ့်ဘက် ကိုယ်ယက်သည့် စိတ်ထားရှိသူတို့၏ နေရာတခုဆိုလျှင် ၊ ဘလော့ဂ်ရေးတယ်ဆိုတာ အစစ်အမှန် ပေးကမ်းနိင်သူတို့၏ နေ၀င်ချိန် အဆုံးသတ်ဆိုလျှင် ၊ ဘလော့ဂ် ရေးတယ် ဆိုတာ အတက်ပညာတို့ ဝေမျှရာ ကျောင်းတော်ကြီး မဟုတ်တော့ရင် ၊ ဘလော့ဂ်ဂါဆိုသူအား ဂျီတော့ခ်အကောင့် တခုရှိရုံဖြင့် ဘလော့ဂ်ဂါဟု သင်က သတ်မှတ်လိုက်လျှင် “ Oh....Google ” အသင်၏ www.blogger.com ၌ အကျွန်ုပ်၏ ဘလော့ဂ်အား “ ရာသက်ပန် ဖျက်သိမ်း ” ဆိုတာလေး တဆိတ်လောက် ခြစ်ပေးလိုက်စမ်းပါကွယ် ။ ။

ဆိုးသွမ်း


ကမ္ဘာကျော် ရာဘန္ဒြာနတ်(သ်)တဂိုး ပြောသကဲ့သို့.......

အစစ်အမှန်၏ အဓိပါယ်ကို
လွဲမှားစွာကောက်ယူ
တက်ကြသည်။

ပြီးနောက်
နေရာထားမှားသဖြင့်
မစစ်မမှန် ဖြစ်လာရသည်။

စကားဆက်ရသော်.......

ဘလော့ဂ်ရေးခြင်း၏ အဓိပ္ပယ်ကို
လွဲမှားစွာ ကောက်ယူ
တက်ကြသည်

ပြီးနောက်
ခံယူချက်မှားသဖြင့်
မစစ်မမှန် ဘလော့ဂ်ဂါများဖြစ်လာရသည်။


သို့သော် ရှိသည်...အကျွန်ုပ် ဆိုးသွမ်း ရှိပါသည်။


Sunday, March 1, 2009

ကျွန်တော် ရုပ်ရှင်ကားအကြောင်းတွေ မတင်တာတောင် တော်တော်ကြာသွားပြီ။ ကြည့်တော့ ကြည့်ဖြစ်ပါတယ်။ ဒါပေမယ့် ပို့စ်တင်လောက်အောင် အရမ်းမကောင်းတော့ ဒီတိုင်းပဲ ကြည့်လိုက်တယ်။ ရုပ်ရှင်ကြိုက်သူတစ်ယောက် အနေနဲ့ ဇာတ်ကားကောင်းတွေ မကြည့်ရတာ ကြာတော့ ၊ တခြားကားတွေ ကြည့်ပြီး စိတ်ထဲ မကြေနပ်နိင်ဘူး။ သဲကန္တာရကို ဖြတ်ပြိုင်ကြတဲ့ cow bod နဲ့ သူရဲ့ မြင်း ဇာတ်ကားလေးတော့ ရှိတယ်။ သူလည်း မဆိုးပါဘူး။ အခု ညွှန်ပြချင်တာကတော့ Valkyrie ဆိုတဲ့ တွန်ခရုစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။

ဒီဖြစ်ရပ်မှန် ဇာတ်ကားရိုက်ဖို့အတွက် တွန်ခရုစ်တစ်ယောက် အတော်အချိန်ကြာ လေ့ကျင့်ခဲ့ရပါတယ်တဲ့။ ၁၉၄၄ ခုနှစ်မှာ ဟစ်တလာကို လုပ်ကြံတဲ့ ဂျာမန်ဗိုလ်ချုပ် ကလော့စ်ဗွန်စတောက်ဖွန်ဗက် အကြောင်းကို သမိုင်းအချက်အလက်တွေ ပြန်ရှာပြီး ရိုက်ကူးထားပါတယ်။






ဒီဇာတ်လမ်းမှာ တွန်ခရုစ်က Colonel တစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ဟစ်တလာကို လုပ်ကြံထားတဲ့ ဇာတ်လမ်းလေးပါ။ မင်းသားနဲ့ သူအထက် အရာရှိတချို့ဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကို သဘောမကျတာကြောင့် နည်းအမျိုးမျိုးနဲ့ လုပ်ကြံတာကို စိတ်ဝင်စားဖွယ် အသည်းယားဖွယ် ဖြစ်အောင် ရိုက်ပြထားပါတယ်။

ကလေး ၂ ယောက်အဖေ တွန်ခရုစ်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိကလေး တို့ရဲ့ ဟစ်တလာကို အောင်မြင်စွာလုပ်ကြံ နိင်ခဲ့ပြီလို့ ထင်နေခဲ့ကြပါတယ်။ ဒါကြောင့် ဟစ်တလာရဲ့ SS အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတုန်းမှာပဲ ကြေးနန်းက ဟစ်တလာ မသေဘူးလို့ ပြန်ထွက်လာတဲ့ အချိန်မှာတော့ တွန်ခရုစ်နဲ့ သူ၏ အထက်အရာရှိများဟာ......။