Friday, February 27, 2009



“ မင်းသူ့ကို ရှာရင်
မင်းသူ့ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ဘူး ။
ဒါပေမယ့်
မင်းသူ့ကို မရှာရင်လည်း
သူမင်းကို ဘယ်တော့မှ မြင်အောင်ပြမှာ မဟုတ်ဘူး ”

ဆိုတဲ့ စာသားအစလေးနဲ့ အသစ်ထွက်လာတာကတော့ နိင်ငံကျော် စာရေးဆရာမရဲ့ ၀တ္တုသစ်ဖြစ်တဲ့ “ သူမင်းကို ဘယ်တော့မှ.....” ဆိုတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးကို ဖိုရမ်က စာတင်ပေးတဲ့ ကိုညီလင်းငယ်က ၀တ္တုစာအုပ်ကို နေ့တိုင်း Scan ဖတ်ပြီး နည်းနည်းစီ တင်ပေးနေတာပါ။ ဒါကြောင့် အဆုံးထိတော့ သူ့မှာ အချိန်မရသေးတော့ မပါသေးပါဘူး။ ဒီစာအုပ်ဟာ ဘယ်လိုမျိုးလဲဆိုတာကိုတော့ စာဖတ်သူတစ်ယောက်ဖြစ်တဲ့ ကိုwpp က ယခုလို ပြောကြားသွားပါတယ်။

ဒီ novel နဲ့ ပတ်သက်လို့ ကျွန်တော် ခံစားမိတာလေးတွေ ရှိလို့ပါ။ ကျွန်တော် ခံစားမိတဲ့အတိုင်း ရိုးရိုးသားသား ရေးပြခြင်း ဖြစ်ပါတယ်။ တခြား ဘာသဘောမှ မပါ ပါဘူး။

အနုပညာ နဲ့ စာရေးခြင်း အတတ်ပညာ (composition)၊ ဒီနေ့ မျက်မှောက်ခေတ် အခြေအနေ စတာတွေကို လှပစွာ၊ ကျွမ်းကျင်ပိုင်နိုင်စွာ ရောယှက်ဖန်တီးထားတဲ့ novel ကောင်း တစ်ပုဒ်ပါ.

ဒီနေ့ခေတ်မှာ ပလူပျံအောင် ထွက်နေတဲ့ အရည်မရ အဖတ်မရ၊ ရသမမြောက်၊ ကပေါက်တိကပေါက်ချာ စာအုပ်များထဲမှာ တမူထူးခြား ထင်ရှားတဲ့ စာအုပ်တစ်အုပ်ပါ

ကျွန်တော့်ရဲ့ personal အမြင်ကတော့

1. ကျွန်တော် ဂျူးရဲ့ ကျွန်မ၏သစ်ပင် နဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းမြူ (လျှို့ဝှက်သောနှင်း ရုပ်ရှင်ရဲ့ original) တို့ကို ဖတ်ဖူးပါတယ်။ နှစ်ခုလုံး မကြိုက်ပါဘူး။

ကျွန်မ၏ သစ်ပင် မှာ နိုင်ငံတကာဂီတ အကြောင်း (aerosmith တို့ guns n roses တို့ အကြောင်းနဲ့ သူတို့ရဲ့ နာမည်ကြီးသီချင်းအချို့) ကို ဖြစ်ညှစ်လေ့လာပြီး စာရေးခြင်း အတတ်ပညာ သက်သက်နဲ့ ဖန်တီးထားတယ် လို့ ကျွန်တော် မြင်ပါတယ်။ (မာန် တောင်လုံးပြန် ရဲ့ ဒရမ်ဆရာ ဆိုတဲ့ novel နဲ့ ယှဉ် ဖတ်ကြည့်ရင် ပိုကောင်းမှာပါ)

ကြယ်စင်တံတား ကမ်းပါးနှင်းမြူ မှာ အဓိကဇာတ်ကောင်ရဲ့ ဖခင် zoological professor တစ်ယောက်က ရှားပါးလိပ်ပြာ ရှာတဲ့ plot (ဖာတ်လမ်းရဲ့ momentum trigger plot) ဟာ မြန်မာပြည် အနေအထားအရ Logical မဖြစ်ဘူး လို့ မြင်ပါတယ်။

(ဒီ novel ထက် အများကြီး ပိုပြီး logic လွတ်တဲ့ novel တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ စာရေးဆရာ(မ) ဂျူးဟာ အဲဒီလို သူသူငါငါ စာရေးသူ (စာရေးဆရာ မဟုတ်) တွေနဲ့ ယှဉ်ရမယ့် သူမျိုး မဟုတ်ပါဘူး။)

2. ဒါပေမဲ့ ခု “သူမင်းကို ဘယ်တော့မှ.......” novel ကတော့ အဲဒီ ကျွန်တော် ပြောခဲ့တဲ့ novel တွေထက် အများကြီး သာပါတယ်။
ဘာကြောင့်လဲဆိုရင် (ကျွန်တော့် personal အမြင်အရ သက်သက်ပါ) သူ့ရဲ့ ဘ၀အတွေ့အကြုံ၊ international society တွေနဲ့ ရင်းနှီး ကျွမ်းဝင်မှု စတဲ့ အားသာချက်တွေ ကြောင့်ရော၊ အဲဒီ အားသာချက်တွေကို ဒီထဲမှာ အကွက်ကျကျ ထည့်သွင်းနိုင်မှုကြောင့်ရော လို့ ပြောရမှာပါ။

3. နောက်ပြီး scholarship programme (american center က offer လုပ်တဲ့ fullbright scholarship prog လို့ ကျွန်တော် ထင်ပါတယ်)တစ်ခုမှာ မေးတဲ့ မေးခွန်းတွေအပေါ်မှာ အခြေခံပြီးတော့ ဒီ Novel ကို inspire လုပ်ယူတယ်လို့ ကျွန်တော် ယူဆပါတယ်။

ဘ၀ရဲ့ အရေးအပါဆုံး အချိုးအကွေ့ တစ်ခု အကြောင်း ဆိုတဲ့ အခန်းရယ် ကိုယ်တိုင် ဖြေရှင်းအောင်မြင်ခဲ့ရသော ပြသနာတစ်ခုအကြောင်း ဆိုတဲ့ အခန်းရယ် အဲဒီ chapter နှစ်ခုကို သတ်သတ်စီ တည်ဆောက်ပြီး၊ နောက်ပိုင်း အရှိန်ရသွားတော့မှ အဲဒီထဲက plot တွေကို သူ့ရဲ့ စာရေးခြင်းအတတ်ပညာနဲ့ ပြန် ချိတ်ယူထားတယ် လို့ ကျွန်တော် ယူဆပါတယ်။

4. နောက်တစ်ခုက ရသ ပိုင်းပါ။

မြန်မာပြည် လူငယ်အသိုင်းအ၀ိုင်းရဲ့ ဒီနေ့ခေတ် အကြောင်းအရာတွေ (NGO တွေ၊ HIV asylum တွေ၊ email သုံးစွဲမှု၊ scholarship program interview စသဖြင့်) ပါနေတော့ အပျော်ဖတ်အဆင့်ထက် မြင့်တဲ့ ရသစာပေ ရှားလှတဲ့ ဒီခေတ်ကြီးမှာ အလွန်ကို ဖတ်ရတာ အရသာရှိပါတယ်။ ကိုယ်နဲ့ တိုက်ရိုက်ပတ်သက်နေသလိုမျိုးလဲ ခံစားရပါတယ်။

အထူးသဖြင့် အေးငြိမ်းမေကို သူခိုးလို့ ထင်လို့ ထိန်းသိမ်းထားတဲ့အခါ တောင်ပေါ်ကျောင်း ဆရာတော်က လိုက်လာပြီး ပြောလိုက်တဲ့ စကားက ထိလှပါတယ်၊ (စာ - 71) ပြောလိုက်တဲ့စကား စကားလုံး ပြောင်မြောက်တာကို ပြောတာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်သွားစေအောင် တွန်းပို့ပေးလိုက်တဲ့ plot ရဲ့ သပ်ယပ်မှု၊ logic ခိုင်မာမှု နဲ့ စာရေးသူရဲ့ အတတ်ပညာကို ပြောတာပါ.

ကြားမကောင်းတဲ့အမှု အတွက် မနွေးခင် အမှုစစ်ခံရတဲ့ အခန်းတွေမှာလဲ (စာ 168 - 183) အရေးအသား ကောင်းလှပါတယ်. အဲဒီလို အနေအထားမျိုးမှာ စာရေးသူကနေ စာဖတ်သူကို ရုန့်ရင်းရာလဲ မရောက်၊ ပေါ်လွင်ထင်ရှားမှုလဲ ရှိအောင် describe လုပ်ဖို့ဟာ သိပ်ကို သိမ်မွေ့ပါတယ်။

ယုံကြည်မှု တည်ဆောက်ခြင်း ဆိုတဲ့ အပိုင်းမှာ stephen R Covey ရဲ့ building the trust သဘောတရားကို ကျောရိုးပြုပြီး ဖန်တီးထားတာကလဲ ရသ မြောက်ပါတယ်။

ဇာတ်သိမ်းကို suspense ဆန်ဆန် ဖန်တီးထားတာကိုတော့ ကျွန်တော် အရသာ မတွေ့ပါဘူး။

5. ဒီ novel နဲ့ ပတ်သက်လို့ ကျွန်တော့် အယူအဆ ကတော့

ဒီထဲက ဇာတ်ကောင် မိန်းကလေးဟာ ဆင်းရဲ ပါတယ်။ ကြိုးစားပါတယ်။ ကံကို အပြည့်အ၀ လက်မခံနိုင်ပါဘူး။ လက်တလော ပြသနာကို လက်ရှိဘ၀အတွင်းမှာရှိတဲ့ solution method နဲ့ ဖြေရှင်းလိုတယ်လို့ ကျွန်တော် မြင်ပါတယ်။

ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး (ဂျူးကို ပြောခြင်း မဟုတ်ပါဘူး။ ဇာတ်ကောင်ကို တကယ်ရှိသကဲ့သို့ သုံးသပ်ကြည့်မိတာပါ)

ဒီဇာတ်ကြောင်းကို novel လို့ မယူဆဘဲ တကယ့် အဖြစ်အပျက်ကလေး အဖြစ် ယူဆပါစို့။

ဒီလောက် တိုက်ဆိုင်မှုတွေ (သူက ဖော်ထုတ်လိုက်လို့ ထောင်ကျသွားတဲ့ ဒေါ်ခင်ဆင့်က သူ့အသက်ကို ပြန်ကယ်ရတာ၊ ဒေါ်ခင်ဆင့် မြွေကိုက်ခံရတော့ သူက ပြန်စောင့်ရှောက်ဖို့ အခွင့်အရေး ရလာတာ၊ ဒေါ်ခင်ဆင့်ရဲ့သမီး တိုးတိုးနဲ့ သူနဲ့ ရန်ကုန်လိုမြို့မှာ တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့တာ မျိုးတွေ) ကြုံရတဲ့ လူတစ်ယောက်ဟာ အတိတ်ကံရဲ့ ဆန်းကြယ်ပုံ အားကြီးပုံကို လက်မခံနိုင်ဘူးဆိုတာ အံ့သြဖွယ်ကောင်းလှပါတယ်။

6. နောက်ဆုံးတချက် ကျွန်တော် ပြောချင်တာကတော့

လူ့သမိုင်းမှာ evolution တွေ တဆင့်ပြီးတဆင့် ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ် 100 လောက်က မြွေကိုက်ခံရရင် (ပျောက်စေတန်ခိုးရှင်နဲ့တွေ့တဲ့ လူ ၊ တစ်သောင်းမှာ တစ်ယောက်လောက် ကလွဲလို့) ဘုရင်ပင် ဖြစ်ဦး မလွဲမသွေ သေရမှာပါ. ဒီနေ့ခေတ်မှာ တော့ ရှင်ဖို့ အခွင့်အလမ်း (probability ကို ပြောတာပါ. fate\destiny ကို ပြောတာ မဟုတ်ပါဘူး) အများကြီးပါ။

ဟုတ်ပါတယ် မြွေဆိပ်ဖြေဆေးကိုလဲ လူကဘဲ ထွင်ခဲ့တာပါဘဲ။ ဒါပေမဲ့ မြွေကိုက်ခံရဖို့ အခွင့်အလမ်း များတဲ့ (ဥပမာ - မြွေပေါတဲ့နေရာမှာ နေရတဲ့ \ အလုပ်လုပ်ရတဲ့) လူတစ်ယောက်ဟာ မြွေဆိပ်ဖြေဆေး ထွင်ပြီးတဲ့ ခေတ်မှ ငါလူဖြစ်မယ်၊ မြွေဆိပ်ဖြေဆေး မပေါ်ခင် ငါလူမဖြစ်သေးဘူး လို့ ရွေးလို့ ရပါသလား။

ရောင့်ရဲတတ်ခြင်း၊ ကိုယ်ချင်းစာတရား ရှိခြင်း၊ ထားနိုင်ခြင်း ဆိုတာကသာ ဒီ novel ထဲမှာ ပါတဲ့ ပြသနာတွေရဲ့ အဖြေ ဖြစ်မယ်လို့ ကျွန်တော် ယူဆပါတယ် လို့ ဆွေးနွေးပြောကြားသွားပါတယ်။


စာမျက်နှာ ၁ - ၈၅ ထိပြီးသလောက်ကို ဒီမှာယူနိင်ပါတယ်ခင်ဗျာ။
အဆုံးထိရရင်လည်း ပြန်တင်ပေးပါ့မည်။ အခုတော့ နမူနာလေးပေါ့။

scan file ဖြင့်

http://ifile.it/numrth5

Pdf file ဖြင့်

http://ifile.it/kl9rc4x

or

http://www.zshare.net/download/56242256436aa895/




Tuesday, February 24, 2009

(၁) အို..မိန်းခလေးငယ်


ထောင်နေသောစပါးနှံ နှင့် ညွှတ်ကိုင်းနေသောစပါးနှံကို လေ့လာ၍ ယောင်္ကျားတို့အား နှိုင်းယှဉ်ပါ။

(၂) အို..မိန်းခလေးငယ်

မာနဟူသည် ထားသင့်သော သူပေါ်သာထားရ၏ ၊ မထားသင့်သော သူပေါ်၌ ထားမိသော် အမှား ဖြစ်တတ်၏။ (ကျားသည်ပင် မိဘရှေ့ရောက်က ကြောင်လေးသဖွယ်သာနေတတ်၏ )

(၃) အို..မိန်းခလေးငယ်

အသွင်မတူရင် ဘယ်သောအခါမှ အမြင်မတူနိုင်ပါ၊ ခံစားချက်မတူရင်လည်း နားလည်မှုတွေ မတူနိုင်ဘူး။

(၄) အို..မိန်းခလေးငယ်

ရှေ့တွင်ရှိသော ပတ္တမြားကို ခရမ်းချဉ်သီးအမှတ် ဖြင့် နင်းကျော်ပြီး ၊ နောက်တွင်ရှိသော မစင်ကို ရွှွှွှေအမှတ်ဖြင့် ပြေးကောက်သော်၊ ထိုသူသည် ဥာဏ်ပညာ သေးသိမ်သော မိုက်မဲသူသာဖြစ်ပေလိမ့်မည်။

(၅) အို..မိန်းခလေးငယ်

ချိုသာသော စကားတိုင်းသည် မုသားမကင်းနိုင်သလို၊ ခါးသီးသော စကားများသည်လည်း မှန်သော စကားများ ဖြစ်နိုင်ပေသည်။

(၆) အို..မိန်းခလေးငယ်

လှသော မိန်းခလေးငယ်၊ လှပခြင်းအား ဆယ်စုနှစ်တစ်ခုကြာအောင် သင်ထိန်းသိမ်းနိုင်ပါမည်လော၊ ထာဝရလှပခြင်းအား သင့်ကိုချစ်သောသူ၏ မျက်ဝန်းတစ်ခုတည်း၌သာ သင်တွေ့နိုင်ပါလိမ့်မည်။

(၇) အို..မိန်းခလေးငယ်

စိတ်ထားမကောင်းက တန်ဖိုးမဲ့ရာ၏ ၊ နေခြင်းမလှက တန်ဖိုးမဲ့ရာ၏ ၊ ပြောခြင်းမမှန်က တန်ဖိုးမဲ့ရာ၏။ (စိတ်ထား ကောင်းပါစေ ၊ နေခြင်းလှ၍ ၊ ပြောခြင်းမှန်ပါစေ )

(၈) အို..မိန်းခလေးငယ်

အပျိုအရွယ်ရောက် ပြီဖြစ်သော မိန်းခလေးငယ်၊ သင့်အား အမေ၊အဒေါ်၊အစ်မတို့မှ မည်သည့်အတွေ့အကြုံအမွေကို ပေးကြသနည်း၊ သင် သိပါသည်။ သို့သော် နားလည်မှု လွဲသွားနိုင်သည်။

(၉) အို..မိန်းခလေးငယ်

ဆူးပေါ်ပဲ ဖက်ကျကျ၊ ဖက်ပေါ်ပဲ ဆူးကျကျ ဖက်သာလျှင် ပေါက်ရိုးထုံးစံရှိ၏။ ပေါက်သွားလျှင် ဘာဖြစ်လဲဟူသောမေးခွန်းအား မမေးပဲ၊ ငါးပြေမကုန်းပေါ်တက်သည့် အမှုမျိုးအား ရှောင်နိုင်ပါစေ။

(၁၀) အို..မိန်းခလေးငယ်

ဘူးပင်နှင့်တူသော မိန်းခလေး မဖြစ်အောင်နေပါ၊ ဘူးပင်တို့သည်အချိန်တန်အရွယ်ရောက်သော မှီခိုရမည့်စင်ကို အညွှန့်ရမ်း၍ ရှာဖွေကြ၏ ၊ သူ၏ အညွှန့်ကို ကိုက်ဖြတ်မည့်သူအား တမ်းတကြ၏။ ထိုမှသာ အသီးအားပေးပြီး ဘူးသီးတို့ ဝေေ၀ဆာဆာ သီးနိုင်မည်ဟု ဘူးပင်တို့ခံယူကြ၏ ၊ အို.....မိန်းခလေး အတုယူမှားကင်းပါစေ။

(၁၁) အို..မိန်းခလေးငယ်

အပျော်ကျူးက ဗိုက်ဖူးတတ်၏ ၊ သွေးတို့ယားသော် အသားတို့လည်း ပဲ့ပေမည်၊ ဆန္ဒတို့ကို သိက္ခာဖြင့် ထိန်းပါလေ။

(၁၂) အို..မိန်းခလေးငယ်

အရွယ်ရောက်လာသော မိန်းခလေးငယ်တို့ အဘယ်အကြောင်းကို တွေးတောနေကြသနည်း၊ အတွေးတို့မှန်ပါစေ အမေ့ကျေးဇူးဆပ်ဖို့ထက် အမေဆိုတဲ့ ကျေးဇူးကိုဦးစွာခံယူချင်သူသည် ဒုက္ခကိုသာအဖေါ်ပြုရတတ်သည်။

(၁၃) အို..မိန်းခလေးငယ်

မချစ်တတ်တဲ့ သူဆီ၊ အချစ်ငတ်တဲ့ သူက ချစ်ခြင်းကိုအလှူခံရင်တော့ ရလာမှာက နောင်တနဲ့..... ပဲ။

(၁၄) အို..မိန်းခလေးငယ်

ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။

(၁၅) အို..မိန်းခလေးငယ်

မကြာခင် ငါးစာလာမည်၊ ငါးစာတွင် ငါးမျှားချိတ်ပါမည် ၊ အသိကို သတိနှင့်ယှဉ်ပြီးနေပါ မိန်းခလေးငယ်။


ကျွန်တော် ဒီစာလေးကို သူငယ်ချင်းတစ်ယောက် ပေးလို့ရပါတယ်။ သူ့ကိုမေးလ်ပို့တော့လည်း သေသေချာချာ ပြန်မပြောဘူး။ သူကိုယ်တိုင် စာအုပ်တစ်အုပ်ထဲက ရိုက်တက်ထားပါတယ်ဆိုလား။ ဘလော့ဂ်တွေက များတော့လည်း အကုန် လိုက်ရှာဖို့က မဖြစ်နိင်သောကြောင့် အကယ်၍ ဘလော့ဂ်ဂါ တစ်ယောက်ယောက်က တင်ထားလျှင် တောင်းပန်ပါကြောင်း ပန်ကြားအပ်ပါသည်။


Monday, February 23, 2009












Thursday, February 19, 2009


ကျွန်တော် ၄ တန်းတုန်းက အတန်းထဲမှာ ပုံဆွဲ ထူးချွန်တဲ့ သူငယ်ချင်း ၃ ယောက်ရှိခဲ့တယ်။ တင်မိုး ၊ ကျော်ဝင်း ၊ ဖိုးကွန်း လို့ ခေါ်တဲ့ သူတို့ ၃ ယောက်က စာပေဘက်မှာသာ မထူးချွန်ကြပေမယ့် ပုံဆွဲတဲ့ နေရာမှာတော့ ၄ တန်းဆိုတဲ့ ပညာအရည်အချင်းနဲ့ မလိုက်အောင်ကို ပါရီမီပါတယ်လို့ဆိုရမယ်။သူတို့ ၃ ယောက်က ပုံဆွဲတော်တယ် ဆိုပေမယ့် သူတို့ကျွမ်းကျင်တဲ့ နည်းစနစ်က တစ်မျိုးစီပါ။ သူတို့ဘယ်လို မျိုးတွေ ဆွဲတယ်ဆိုတာ ကျွန်တော်တို့ ကြည့်ရအောင်။

တင်မိုး

ကျွန်တော်တို့ ၄ တန်းတုန်းက မြန်မာနိင်ငံမှာ ဆီဘောက်ဆာ ကားကြီးတွေ ၊ ထရပ်ကားကြီးတွေ ၊ လူသုံးကုန် ကားအကောင်းစားတွေ ဆိုတာ မြင်ဖူးဖို့ ရှားပါတယ်။ ကျောင်းက ရပ်ကွက်ထိပ်မှာဆိုတော့ ကျောင်းပြန်တာနဲ့ ရပ်ကွက်ထဲ ပတ်ဆော့ရင်း အချိန်ကုန်နေခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ တင်မိုးဆိုတဲ့ လူငယ်လေးက ၄င်းကား တွေကို စတိုင်ကျကျ ၊ သေသေသပ်သပ်နဲ့ သူကိုယ်တိုင်ပဲ ဒီကားတွေကို ထုတ်လုပ်တော့မယ် လူလိုလို ဆွဲတက်နေခဲ့တာပါ။ ကျွန်တော်တို့ ဒီခေတ် 3D အမြင်နဲ့လည်း သူ ရအောင် ဆွဲတက်တယ်။ ကားတစီးကို အပေါ်အောက် ၊ ဘေး ၊ အနောက်ကနေ လုံးဝ ချွတ်စွတ်တူအောင် ဆွဲတက်ပါတယ်။ မီးခိုးခေါင်းတိုင် ၊ ကားဘီး အဖုံး ၊ ကိုယ်ထည် စတဲ့ ကားရဲ့ အပြင်ပန်း ပုံစံတွေ အားလုံးနီးပါး သူဆွဲနိင်ပါတယ်။ တကယ်ကိုလည်း ပီပြင်ခဲ့ပါတယ်။ ဆွဲတယ် ဆိုပေမယ့် သူက ပရမ်းပတာမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အတိုင်းအထွာ အနိမ့်အမြင့်နဲ့။ တင်မိုး ပုံဆွဲနေပြီဆို ဘေးနားက ကျောင်းသားတွေ ငေးကြည့်ရလောက်အောင် လက်ရာပြောင်မြောက်တယ်။

မျဉ်းကြောင်း သေးသေးလေးတွေက အစ သေသပ်လှပလွန်းတယ်။ ဘယ်နေရာမှာ ဘာထပ်ဖြည့်လိုက်ရင် ၊ ဘာလိုအပ်တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်းကလည်း တကယ့်ကို ၄ တန်းကျောင်းသား ဥာဏ်နဲ့ ချီးကျူးထိုက်ပါတယ်။ ဒါပေမယ့် သူက ကားထုတ်တဲ့ ဒီဇိုင်းအင်ဂျင်နီယာလည်း ဖြစ်မလာဘူး ၊ Civil လည်း ဖြစ်မလာဘူး ၊ သူတကယ်ဖြစ်သွားတာက သူ့အဖေလက်ခွဲ ဆိုက်ကားနင်းခြင်းပါပဲ။ ဆိုလိုတာက ဆိုက်ကားသမားပေါ့။


ဖိုးကွန်း

သူနဲ့ကတော့ ၇ တန်းထိ တူတူပေါင်းလိုက်ရတယ်။ ပက်စ်ပို့ပုံ ၊ ဓါတ်ပုံတွေကို ကြည့်ပြီး စာရွက်အလွတ်ပေါ်မှာ ပြန်ကူးဆွဲတဲ့ နေရာမှာတော့ သူ့အသက်အရွယ်နဲ့ဆို စပယ်ရှယ်လစ်ပဲလို့ ဆိုရမယ်။ ကျွန်တော်တို့ ရွယ်တူသူငယ်ချင်းတွေဆို ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ဆွဲခိုင်းဖို့ သူ့ကို ၂ ကျပ်ပေးပြီးတော့ကို စောင့်နေရတယ်။ မုန့်ဖိုးက အဲဒီတုန်းက ၅ ကျပ်ပဲ ရတာကိုး။ တကယ်လည်း လက်ရာမြောက်ပါတယ်။ အဖြူအမည်းနဲ့ ခဲခြယ်ရာမှာလည်း တိကျသေသပ်တယ်။ သူကတော့ ဘာဖြစ်သွားလည်း မသိပါဘူး။ သူ့အဖေ နယ်ပြောင်းတော့ ပါသွားလေရဲ့

ကျော်ဝင်း

ဟားးးးးးးးးး။ သူလား ။ သူက အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးလို့ ပြောရမယ်။ သူက ပန်းချီပညာလည်း တက်ပုံရမယ် ထင်ပါတယ်။ သူက ဘာပုံတွေဆွဲလည်းဆိုတော့ အင်္ဂလိပ်-မြန်မာ စစ်တုန်းက တိုက်ပွဲဖြစ်နေတဲ့ ပုံတွေ ဆွဲတာပါ။ ဒီခေတ်စကားနဲ့ဆို သရုပ်ဖော် ပုံတွေ ဆွဲစားလို့ ရတဲ့ အဆင့်အတန်းပညာမျိုး သူ့မှာ ပါလာမယ်လို့ ဆိုရမယ်။ တကယ်ကို အနုစိတ် ။ သူ့ပုံတွေထဲမှာ ကြည့်လိုက်ရင် ကျိုးပျက်နေတေဲ့ အမြှောက်အသေးစားလေးတွေ ၊ မြေပေါ်မှာ ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေ ၊ ဓါးလှံတွေ ၊ အားကျိုးမာန်တက် ခုတ်ထစ်နေတဲ့ အင်္ဂလိပ်စစ်သားနဲ့ မြန်မာစစ်သားတွေ ၊ တိုက်ဆင်တွေ ၊ မြင်းတွေ ၊ အလံတော်တွေ တကယ့် တိုက်ပွဲဖြစ်နေတဲ့ မြင်ကွင်းကို ဓါတ်ပုံရိုက်ပြီး ဆွဲထားသလားလို့ ဆိုရအောင် ပီပြင်လွန်းလှပါတယ်။

အင်္ဂလိပ်စစ်သည် အ၀တ်အစားနဲ့ ပုံ ၊ မြန်မာစစ်သူကြီး အ၀တ်အစားနဲ့ပုံတွေကို တစ်ဦးချင်းစီ ဆွဲရာမှာလည်း တော်တယ်။ တိုက်ပွဲဖြစ်နေတဲ့ တည်နေရာ တောင်ကုန်း ၊ စမ်းချောင်း စတဲ့ နေရာရွေးချယ်မှုလည်း ကောင်းတယ်။ တကယ့်ကို မြေတောင်မြှောက်ပေးရင် အလားအလာရှိလာနိင်တဲ့ ကလေးတစ်ယောက်ပါ။ နောက်ဆုံး ဆေးရေးဆေးခြယ် အတက်ပညာ တစ်ခုသာ သူနောက်ထပ် ဆည်းပူနိင်ရင် ယနေ့စာပေလောက ခေတ်မှာတော့ အနည်းဆုံး စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ နေရာတစ်နေရာ ရလောက်မယ်လို့ ကျွန်တော်ကတော့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူဘာလုပ်နေသလဲဆိုတာကတော့ ဒီကိုမလာခင် ရပ်ကွက်ထဲ ပြန်တွေ့တော့ မီးသွေးရောင်းနေပါတယ်။


ကျွန်တော် သူတို့ ၃ ယောက်ဘ၀ကို ပြန်စဉ်းစားမိတော့ သင်ကြားမယ့်သူ မရှိဘဲ ထူးချွန်တဲ့ အတက်ပညာ ပါရမီ ပါလာကြပေမယ့် မိဘတွေရဲ့ သားသမီးအပေါ် လမ်းဖွင့် မပေးနိင်မှု ၊ ခေတ်အခြေအနေ ရေစီးကြောင်း ၊ စားဝတ်နေရေး ပြဿာနာ များကြောင့် လူငယ်တွေရဲ့ အနာဂတ်ဟာ တဖြည်းဖြည်း မှေးမိန်လာခဲ့ရတယ် ဆိုတာပါပဲ။ လူငယ်ဆိုတာ အမြဲတမ်း အရာရာမှာ စိတ်အားထက်သန်နေသလို စူစမ်းလေ့လာ မှုရှိနေတယ်ဆိုတာ အသိပါ။ တဖက်က ကြည့်ရင်လည်း မိသားစု စားဝတ်နေရေး ပြေလည်ဖို့ ကြိုးစားနေရတဲ့ မိဘတွေဟာ သားသမီးရဲ့ ထူးချွန်မှုတွေကို သတိမထားမိကြပါဘူး။ ထိုထူးချွန်မှုတွေကို သတိမထားမိသောကြောင့် မြေတောင်မြှောက်ပေးဖို့ မစဉ်းစားမိရင်းက ထူးချွန်တဲ့ပါရမီရှင်တွေဟာ တဖြည်းဖြည်း သာမာန်ဘ၀ကို ရောက်သွားခဲ့ရတော့တာပါပဲ။

တကယ်လို့များ သူတို့ ၀ါသနာနဲ့ သူတို့ လက်ရာလေးတွေကိုသာ ထပ်မံထိန်းကျောင်း သင်ကြားပေးလိုက်မယ် ဆိုလျှင်ဖြင့်......နောင်တချိန်မှာ သူတို့တွေထဲက နာမည်ကျော် ဖြစ်မလာဘူးလို့ ဘယ်သူပြောနိင်မလဲ။

Comment ထဲမှာ ညီငယ် ကိုရင်ညိန်းက အစ်ကိုရော အဲဒီအရွယ်မှာ ဘာပုံတွေဆွဲလည်းတဲ့။ ဟုတ်ကဲ့။ ကျွန်တော် ဘာပုံမှ မဆွဲပါဘူး။ ဒါပေမယ့် ဘောလုံးကန်ပါတယ်။ ကျောင်းမုန့်စားဆင်းတာနဲ့ ကန်တာပါ။ အကန်ကောင်းလို့ ကျောင်းပေါက်ဝမှာ ထိုင်နေတဲ့ ဗိုက်ကြီးသည် ဆရာမဗိုက်ကို ဘောလုံးမှန်လို့ ဘောလုံးလည်း သိမ်းခံလိုက်ရတဲ့အပြင် ၃ ချက်တိတိ အဆော်ခံလိုက်ရပါတယ်။ အသိမ်းခံလိုက်ရတဲ့ ဘောလုံးအတွက် မုန့်ဖိုးထဲက သူငယ်ချင်းတွေကို ပြန်လျှော်ပေးလိုက်ရတယ်။ :(



Monday, February 16, 2009

သတင်းလေး တပုဒ်ပေါ့ဗျာ။ ဟုတ်ချင်လည်း ဟုတ်မယ်။ ဒါပေမယ့် ဟုတ်လိမ့်မယ်လို့လည်း ၈၀ % ယုံကြည်ပါတယ်။ ဘာလည်းဆိုတော့ ဆိုက်ဒ်တခုမှာ ဖတ်လိုက်ရတဲ့ ထိုင်း တက္ကသိုလ်ကျောင်းသူလေး တစ်ဦးကို မြန်မာအလုပ်သမား ၂ ဦးက အဓမ္မပြုကျင့် သတ်ဖြက်လိုက်တယ်ဆိုတဲ့ သတင်းလေးပါ။ ကျွန်တော် ယုံကြည်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာအလုပ်သမားတွေက အဓမ္မပြုကျင့်သလား မကျင့်သလားဆိုတဲ့ ကိစ္စကို မဆိုလိုပါဘူး။





ဘယ်ကိစ္စလည်းဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်သားတွေကို စားသောက်ဆိုင်တွေမှာ လက်ခံမထားဖို့၊ ပြီးတော့ အိမ်တွေမှာလည်း ခေါ်မထားဖို့၊ ပြောနေတဲ့ကြားက ဆက်ထားမယ်ဆိုရင် ခေါ်ထားတဲ့အိမ်ကို မီးလာရှို့မယ်လို့ ပြောတယ်လို့ ဖတ်မိလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စကြောင့် တက္ကသိုလ် ကျောင်းသားတွေက ချင်းမိုင်မှာ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ မထားဖို့လည်း စာရေးတောင်းဆိုထားပါတယ်တဲ့။

ဟုတ်ပါလိ့မ်မယ်။ သူတို့အတွက်တော့ ဒါဟာ စိတ်မကောင်းဖြစ်စရာ သတင်း ၊ အရိပ်နေနေ အခက်ချိုးတဲ့ သဘောပေါ့။ ကျွန်တော်တို့ မြန်မာတွေဘက်က မမှားဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ကျွန်တော်တို့ မှားပါတယ်။ လူသားချင်းစာနာမှု အနေနဲ့ရော ၊ လူမျိုးရေးအရရောပေါ့။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ါလုံးကို မစင်သုတ်ပြီး ရမ်းနေသလိုပဲ။ ဖြစ်တဲ့ ကိစ္စကို မရှင်းဘဲနဲ့ ၊ ငါ့နိင်ငံလာနေတဲ့လူတွေ ငါတို့ ကြိုက်သလို လုပ်မယ်ဆိုတဲ့ စိတ်ဓတ်နဲ့ လုပ်နေကြတယ်။ ဒီသတင်း မတိုင်ခင်မှာ မြန်မာအလုပ်သမားတွေ ခံခဲ့ရတဲ့ လူမသိသူမသိ ဖြစ်ရပ်တွေဟာ များစွာ ရှိခဲ့ပါတယ်။ သူတို့ဘက်က မတရားတာ လုပ်တော့ ဘာမှ အသံမထွက်ဘဲ ကျွန်တော်တို့ဘက်က လုပ်တာကြတော့ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်နဲ့။ လေသံက ကျယ်လာပါတယ်။ ဒါတောင် ကျွန်တော်မသိသေးတဲ့ အချက်ပေါင်းများစွာ ကျန်နေဦးမှာပါ။ ၁ ပဲ ၂ ပြားနဲ့ မဟားဒရား အပြောခံရသလိုပဲ။ ဆရာမှားတော့ Sorry ၊ တပည့်မှားတော့ ဗျောတီး ဖြစ်နေပြီ။

အခြေအနေ အခက်အခဲ အမျိုးမျိုးကြောင့် တိုင်းတပါးမှာ အလုပ်လုပ်နေရတဲ့ မြန်မာပြည်ဖွား ညီအစ်ကို မောင်နှမ အစ်မများ အားလုံးကို ကိုယ်ချင်းစာမိပါတယ်။ အဆင်ပြေကြသူ ရှိသလို ၊ အဆင်မပြေကြသူတွေက ဒုနဲ့ဒေးပါ။ ဒုက္ခတွေလည်း မျိုးစုံခံစားရမယ်ဆိုတာ နားလည်မိပါတယ်။ သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလိုပေါ့ဗျာ။ ခေတ်က ပြောင်းပြန်ဖြစ်ချင်လည်း ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ ပြည်ထောင်စုဖွားတွေဟာ ကိုယ့်နိင်ငံကိုယ့်လူမျိုးနဲ့ ထည်ထည်ဝါ၀ါနေလာတာ။ အခုဒီခေတ်တွေရောက်တော့မှ သူတပါးနိင်ငံမှာ အလုပ်လုပ်ရင်း မတရားတာကို ခေါင်းငုံခံနေရတယ်။

ဒီလိုပြောတော့ စာဖတ်သူရင်ထဲမှာ ဘာတွေပေါ်လာမယ်ဆိုတာကိုလည်း ကျွန်တော် ကြိုသိပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျွန်တော့် ရင်ထဲမှာတော့ ဒီလို အဖြစ်အပျက်တွေ ဖတ်နေ ၊ မြင်နေ ၊ တွေ့ကြုံနေရတိုင်း ရင်ထဲ မကောင်းပါဘူး။ ဘာလုပ်ပေးနိင်လည်း ဆိုတော့ ဘာမှလည်း မလုပ်ပေးနိင်ဘူး။ ဒါဆို မသိဟန် ဆောင်နေဆိုတော့လည်း မသိဟန်ဆောင်လို့ကို မရဘူး။

ဒီတော့ ဘယ်နိင်ငံ ၊ ဘယ်ဒေသ ၊ ဘယ်နေရာကို ဘယ်လို အခြေအနေမျိုးနဲ့ပဲ ရောက်ရောက် အမိမြန်မာပြည်နဲ့ ဝေးသူတိုင်း အစစ အရာရာ အဆင်ပြေကြပါစေ ၊ အချင်းချင်း ကူညီစောင့်ရှောင့်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Sunday, February 15, 2009


ရာသီဥတုတွေက တဖြည်းဖြည်း ဖောက်ပြန်လာမှန်း သိသာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းလတုန်းကဆို နှင်းကျတဲ့ ရက်ဆိုတာ တော်တော် ရှားပါတယ်။ တကယ်ဆို ၁၁ လပိုင်းအစကနေ ၁ လပိုင်းထိက နှင်းအကျဆုံး အချိန်တွေပေါ့။ ၂ လပိုင်းဆိုတာ မော်စကိုမှာ နှင်းကျတာ တော်တော်ရှားသွားပါပြီ။ အခုတော့ ဒီလို မဟုတ်ဘဲ ဆောင်းတွင်းဆိုတာကြီးကို အပီအပြင် ပီသနေပါတော့တယ်။ မနေ့က ချစ်သူများနေ့လို့ သတ်မှတ်ထားတဲ့ နေ့ကလည်း နှင်းတွေ မိုးရွာသလို ကျနေတယ်။ ဒီနေ့လည်း ထပ်ကျနေပါသေးတယ်။ နှင်းထုက တစ်ချို့နေရာတွေမှာ ၁၅ လက်မလောက် ရှိမယ်ထင်ပါတယ်။ ဒါနဲ့မနေနိင် မထိုင်နိင်တဲ့ သူငယ်ချင်းတွေက ဓါတ်ပုံလျှောက်ရိုက်ဖို့ ခေါ်တာကြောင့် ပြန်ခါနီး နောက်ဆုံး မော်စကိုဆောင်းကို နုတ်ဆက်တဲ့အနေနဲ့ ဓါတ်ပုံလေးတွေ ထွက်ရိုက်ခဲ့ပါတယ်။



အရာရာဟာ...တိတ်ဆိတ်နေတယ်


ဖြူလွှလွှနှင်းတွေပေါ်မှာ နှင်းဆီနီတပွင့်ခြွေထားတာ သဘောကျလို့ ရိုက်ခဲ့သေးတယ်


သူကတော့ အေးဆေးပဲ....လှမ်းလျှောက်နေတယ်


ဒါကတော့....ဟဲဟဲ


Saturday, February 14, 2009


အခုတလော ကျွန်တော် ဘွဲ့ယူဖို့ စာတမ်းလေးတွေ ပြင်ဆင်နေရလို့ တကြောင်း ၊ ကျောင်းကလည်း ခပ်စောစော Supervisor နဲ့ ချိန်းထားသည့်အချိန်တွေက များနေတာကြောင့် ညဘက်စောစော အိပ်ဖြစ်နေရာကနေ ၊ နဂို စိတ်အေးလက်အေး ဖြစ်မှ စာရေးတက်တဲ့ အကျင့်က ညအိပ်ရာဝင်စောတော့ မရေးဖြစ်တော့ပါဘူး။ တဆက်တည်းမှာပဲ သိပ်မကြာခင် ၄ လ ၊ ၅ လလောက်ဆို ကျွန်တော်လည်း မြန်မာပြန်ရတော့ပါမယ်။ ချစ်သော ဘလော့ဂ်ဂါ အသိုင်းအ၀ိုင်းကြီးနဲ့ နုတ်ဆက်ရတော့မှာပေါ့။ :(

အခုရေးချင်တာလေးပေါ်လာလို့ ရေးလိုက်ပါဦးမယ်။ အခန်းထဲက တီဗွီက လူမကြည့်လည်း တခါတလေ အမြဲတမ်း ဖွင့်ထားတာကြောင့် ထိုင်မကြည့်လည်း မြင်နေ ကြားနေရပါတယ်။ အဲဒီမှာ ကျွန်တော် မြင်တာလေး တခုပေါ့ဗျာ။ သတိထား ကြည့်မိနေတာလည်း ကြာပါပြီ။ လိုင်းတလိုင်းပေါ့။ MTV လို့ခေါ်မှာပေါ့။ အဲဒီလိုင်းက ညဘက်ဆို လူတွေကို လှအောင် ပြုပြင်တဲ့ ခွဲစိတ်ဖြက်တောက်မှု အစီအစဉ်တွေကို အခုရက်ပိုင်းအတွင်း ထုတ်လွှင့်ပြသနေတော့တာပါပဲ။ အစပိုင်းမှာတော့ အသက်ငယ်ငယ် အမျိုးသမီးတွေနဲ့ စတင်ပါတယ်။ အားလုံးကတော့ ပိုက်ဆံရှိ အသိုင်းအ၀ိုင်းကပါပဲ။ သူ့အမျိုးသားနဲ့ အတူရောက်လာတယ်။ ( အမျိုးသမီးတွေကို အနည်းငယ် ရိုင်းရင် တောင်းပန်လိုက်ပါတယ် ) သူမက ရင်အုံသေးငယ်တယ်ပေါ့။ ဒါကြောင့် အခုနောက်ပိုင်း ခေတ်စားနေတဲ့ စီလီကွန် ထည့်ချင်လို့ပါဆိုပြီး ရောက်လာတာပါ။ အဲဒါနဲ့ သူ့ကို ဆရာဝန်က စစ် ၊ ခွဲမည့်ဖြက်မည့် နေရာတွေကို ခြစ်ရာလေးတွေ လုပ်ပြီး ၊ လေဆာနဲ့ အောက်နားကို စတင်ခွဲတော့တာပါပဲ။ ၁ လက်မကျော်ကျော် အပေါ်လေးရတော့ သူတို့ စီစဉ်ထားတဲ့ အတိုင်း ထည့်တာပေါ့။ ၂ ဖက်စလုံး လုပ်ပြီးတော့ နှာခေါင်းကိုပါ ထပ်ပြင်ပါသေးတယ်။ သွေးကလည်း ရဲရဲနဲ့။ ဘေးနားက အကူက သုတ်လိုက်နဲ့။ နောက်တော့ သူတို့ စီမံထားတဲ့ အခန်းမှာ ၃ ၄ ရက်လောက်နေပြီး ပြီးသွားတော့တာပါပဲ။ ပြန်ထွက်လာတော့ ပိုလှသွားတယ်ပေါ့ဗျာ။ ဆွေမျိုးတွေကလည်း ၀ိုင်းဖက်ကြနဲ့။ သူတို့ဆီမှာလည်း အဲဒီနေရာအလှကလည်း လိုအပ်တာကိုး။

ပိုက်ဆံဘယ်လောက်ကုန်လဲတော့ မသိပါဘူး။ လုပ်ပြသွားတာကတော့ တကယ့်ကျွမ်းကျင်ဆရာများကြောင့် ခဏလေးပါပဲ။ ပိုက်ဆံရှိတော့ မလှလည်း လှအောင်ပြင်နိင်ကြတာပေါ့။ ထားတော့ ဒီကိစ္စကို ကျွန်တော် လက်ခံပါတယ်။ နည်းနည်းပြုံးမိချင်တာက အခုနောက်ပိုင်း အမျိုးသမီးငယ်တွေတင် မဟုတ်တော့ဘူး။ ၅၀ ၊ ၆၀ အသက်အရွယ်အားဖြင့် ရှိတဲ့ အမျိုးသမီးကြီးတွေ ၁၀ ယောက်လောက်ကို တွေ့နေရတာပါပဲ။ တဖြည်းဖြည်းနဲ့လည်း များလာပါတယ်။ ဒီအဘွားကြီးတွေ ကလေးတွေလည်း ရှိတယ်ပေါ့။ ဒီအသက်အရွယ် ရောက်နေပြီ။ ဒီလို ခွဲစိတ်တာတွေနဲ့တော့ ဒီအသက်အရွယ်ကြီးကြမှ မလုပ်သင့်ဘူးလို့ ထင်မိတာပါ။

သူတို့ကလည်း ဖြက်မယ် ၊ ခွဲမယ် ပေါ့။ သူတို့ပုံတွေကို ကြည့်လိုက်ရင် ဗိုက်သားအဆီများနေသူတွေ ၊ နောက်ပြီး တချို့နေရာလေးတွေက မလှမပ ဖြစ်နေတာလေးတွေကြောင့် ဖြက်ချင်ခွဲချင်ကြတာပါ။ ဒီအသက်အရွယ်တွေ ရောက်မှ ဒီလိုတွေ လိုက်လုပ်နေတယ်ဆိုတာ သိပ်တော့ သဘာဝမကျဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူဆိုတာ အထူးသဖြင့် မိန်းခလေးဆိုတာ လှချင်တဲ့ အမျိုးဆိုတော့ ဒါကို မှားတယ်လို့ ပြောလို့မရပါဘူး။ ပိုက်ဆံရှိလို့ ကိုယ်ဟာကိုယ်ပြင်တာ သွားပြီး မလုပ်နဲ့လို့တော့ ပြောလို့မရပါဘူး။ နည်းပညာကလည်း တိုးတက်လာတော့ အသက်ကို စိုးရိမ်စရာမရှိတော့လည်း လုပ်ကြတာ နေမှာပေါ့။ သူတို့က ဥရောပကိုး။

အဲဒီဟာနဲ့ တဆက်တည်း ကျွန်တော်တို့ မြန်မာပြည်က ၅၀ ၊ ၆၀ အရွယ်တွေကတော့ ဘုရားသွား ကျောင်းတက်တွေတောင် လုပ်နေကြပါပြီ။ ငယ်တုန်းကဆို အဲဒီလို အသက်အရွယ်ရှိတဲ့ အိမ်ရှေ့မှာ ယောင်လို့တောင် နေ့ခင်းဘက် သွားမဆော့လိုက်ပါနဲ့။ ရေနဲ့ ပက်ထုတ်ပါတယ်။ :) ။ အော်လွှတ်ပါတယ်။ လူကြီးဆိုတော့ နေ့လည် တရေးတမောအိပ်တာ။ ကျွန်တော်တို့ ကလေးတွေကလည်း ထမင်းစားပြီးတော့ ဆော့တာပေါ့။ ကျောက်ဒိုးကို ကျွင်းလေးတွေ လုပ်ပြီး ပစ်တော့မယ်ဆို အဲဒီလို အဘွားကြီးတွေက ရေနဲ့ပတ်လိုက်ရင် ကျွင်းလေးထဲမှာ ရေတွေပြည့်ပြီး ကစားလို့မရတော့ပါဘူး။ ဆိုးပါ့။

ဒါလေးပါပဲ။ ကျွန်တော်မြင်မိတဲ့ ကွာခြားမှုလေးပါ။

ရွှင်လန်းချမ်းမြေ့ပါစေ။


Tuesday, February 10, 2009

ခေတ်မှီတိုးတက်သော ယနေ့ခေတ်ကြီးတွင် ကျွန်တော်တို့ အခက်အခဲ မျိုးစုံကြုံကြရသည်။ အတွေ့အကြုံ မျိုးစုံ ရကြရသည်။ ဝေသနာ ပေါင်းစုံခံစားရသည်။ ပျော်ရွှင်မှုက ၁၀၀% မှာ ၃၀ ပင်မပြည့်အောင် လူတိုင်းရရှိမှုနည်းကြသည်။ လူ့အဖွဲ့အစည်း၏ တိုးတက်မှု များပြားလာသည်နှင့်အမျှ ပြဿာနာ ပေါင်းစုံသည်လည်း စိန်ခေါ်လာပါတော့သည်။

အထူးသဖြင့် ယခုခေတ်အချိန်အခါလို စီးပွားပျက်ကပ်ကြောင့် တစ်ကမ္ဘာလုံး အုပ်အော်သောင်းနင်း ငွေကြေး ရှာဖွေမှု ကြပ်တည်းနေချိန်တွင် လုပ်မိလုပ်ရာတွေ လုပ်ကိုင်ကုန်ကြသည်။ စားဝတ်နေရေး ခက်ခဲမှု၏ ဒုက္ခကြောင့် လူတို့သည် ပိုက်ဆံကို အချိန်နှင့် တပြေးညီ ရှာဖွေရခြင်းကြောင့် ကိုယ်ရော စိတ်ပါ ပင်ပန်းနေခဲ့ကြသည်။ ထိုရှာဖွေမှုတွင် အဆင်ပြေသွားတာလည်း ရှိသည် ၊ အဆင်မပြေနေတာလည်း ဖြစ်နိင်သည်။ ဘာပဲဖြစ်ဖြစ် ထို့အတွက် စိတ်အနည်းနှင့် အများတော့ ညစ်ကြရသည်။

ထိုအခါလူသည် ထွက်ပေါက်ရှာလာ တက်ပါသည်။ မကြံစည်သင့် မကြံစည်အပ်သည်များ ၊ မလုပ်သင့် မလုပ်ထိုက်သည်များ လုပ်လာတက်ကြသည်။ ဒါက လူနည်းစုအပိုင်း။ လူအများစု အပိုင်းမှာတော့ စိတ်ညစ်စရာ ကြံလာလျှင် ပျော်စရာ ရှာလာတက်သည်။ မိဘဆွေမျိုး အသိုင်းအ၀ိုင်း ၊ ကိုယ်မွေးဖွားရာ ဒေသနှင့် ဝေးကွာ နေသူများအဖို့ အင်တာနက်သာလျှင် စိတ်ထွက်ပေါက် တခုဖြစ်လာသည်။ အင်တာနက် စာမျက်နှာတွေမှ တဆင့် ကမ္ဘာပေါ်ကို ဖြန့်ကျတ်ကြည့်ရှုကြသည်။

ဒါသည် အရေးမဟုတ် ။ လူတိုင်းအားလုံးလိုလို ပြုလုပ်နေကြသည်။ အရေးသည်ကား သတင်း။ သတင်းဆိုသည်မှာ လမ်းထိပ်က ခွေး နှစ်ကောင်ကိုက်တာက အစ ၊ ရပ်ကွက်ထဲ ဆယ်အိမ်ခေါင်း လူကြီးက မယားငယ် နေသည်အထိ ထိုအရာ အားလုံးကို သတင်းဟု ခေါ်ဆိုနိင်သည်ဟု ကျွန်တော်သင်ကြားဖူးသည်။ ထိုအသေးအမွှား သတင်းငယ်လေးများမှ တဆင့် အချက်အလက်များကို စုစည်းပြီး ခိုင်လုံသည် ကောက်ချက် ချရသည်။

ယနေ့မြန်မာ့စာမျက်နှာများတွင် သတင်းများလည်း ရှိသည် ၊ အတင်းများလည်း ရှိသည်ဟု ထင်မြင်မိပါသည်။ အထူးသဖြင့် မည်သူကြီးကပဲ ရေးရေး ထိုအကြောင်းအရာသည် ကိုယ်မသိသည့် အကြောင်းအရာဖြစ်ပါက မျက်စိမှိတ်မယုံကြည်သင့်ပါ။ ထိုသတင်း နောက်ကွယ်၌ မည်သည့်အကြောင်းအရာများ ပါဝင်ပတ်သက်နေပါသလဲ ။ ဘာကိုဆိုလိုချင်ပါသလဲ။ သိအောင် စဉ်းစားကြည့်စေချင်ပါသည်။ တိကျခိုင်လုံသော သတင်းတစ်ခုရဖို့ ယနေ့ခေတ်ကြီးတွင် မထူးဆန်းပါ။ သို့သော် ထို့အတွက် အချိန်ပေးရသည်။ ခိုင်မာအောင် တည်ဆောက်ရသည်။ သတင်းအချို့မှာ သူ့ထက်ငှာ ဦးအောင် တင်နေရခြင်းကြောင့် မှန်ကန်မှု ပမာဏမှာ ၅၀ % ခန့်သာ ရှိတော့သည်ကို တွေ့ရပါသည်။



သတင်းအားလုံးကို မှားသည်ဟု မဆိုလိုပါ။ သို့သော် သတင်းကို သတင်းလို အရင်ဖတ်ပါ။ ဖတ်ပြီးမှ ဖြစ်နိင် မဖြစ်နိင် သေချာစွာ စဉ်းစားကြည့်ပါ။ လူမှုဒုက္ခအ၀၀ဖြင့် ပွေလီလှသော လောကီအင်တာနက်ခေတ်ကြီးတွင် စီးပွားရေး ၊ လူမှုရေး ၊ စားဝတ်နေရေး ကိစ္စများ ကြုံတွေ့နေစဉ်အတွင်း စိတ်မသက်စေသည့် သတင်းများ ကြားမိသည့်အခါ မိမိသာလျှင် ပိုမိုစိတ်ဆင်းရဲပေတော့မည်။ ထိုကြောင့် သမားရိုးကျ ကိစ္စများ မဟုတ်သည့် သတင်းများ ပေါ်လာပါက လုံးဝမှန်ကန်သည်ဟု မယူဆစေချင်ပါ။ လူတိုင်း အမှန်တရားကို လိုချင်ကြသည်။ လက်ခံချင်ကြပါသည်။ ကျွန်တော်တို့ လူတော်တော်များများသည် အစွဲစိတ်အခံ ၊ မကျေနပ်မှု အခံ ၊ ဂလဲ့စား ချေချင်မှုအခံလေး တွေလည်း ရှိနေတက်ကြသည်။ ထို့အတွက် အကြောင်းအရာ တခုကို ၊ လူတစ်ယောက်ကို အကောင်းမြင်နိင်ဖို့ အင်မတန် ခဲယဉ်းတက်ကြပါသည်။ စကားလှအောင်တော့ လူသားတိုင်း ပြောတက်ကြသော်လည်း အတွင်းစိတ် သဏ္ဍာန်မှာတော့ တစ်မျိုးစီခံယူထားကြသည်။ အမှန်တရားကို နည်းပါကြသည်။ မိမိလုပ်တာကို အမှန်တရားဟုဆို၍ မိမိခံရလျှင် မမှန်တရား ဖြစ်တက်ကြတာ သဘာဝပင် ဖြစ်သည်။ ( ဤစကားသည် ကျွန်တော် လူသားအားလုံးကို ဆိုလိုပါသည် )။

အပြောနှင့် အလုပ်ညီပါ။ အမှန်တရားကို လေးစားပါ ၊ လောကကြီးကို ဘောင်ခတ်၍
အဆိုးတွေကို မကြည့်ပါနှင့် ၊ စေသနာ သဒ္ဒါတရား ထက်သန်ပါ ၊
အကောင်းမြင် စိတ်ထားပါ ၊ လူသားချင်း စာနာမှု ရှိပါစေ


Sunday, February 8, 2009

ပျော်အောင်ထားပါ



သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ၀မ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။

မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။

သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။

အဲ...တကယ်တမ်း လက်တွေ့ ဘ၀မှာတော့ “ မင်းနဲ့ မတွေ့ခင်တုန်းကတော့ ကိုယ်ဟာ ၀မ်းနည်း ကြေကွဲနေရတယ် ၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ် ”

တကယ်တော့ လက်တွေ့ဘ၀မှာ ကျွနုပ်တို့ရဲ့ဘ၀ကို တခြားလူတွေက ပြောင်းလဲပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောင်းလဲရတာပါ။ စိတ်ဓတ်ကျနေမယ် ၊ စိတ်အားငယ်နေမယ်ဆိုလျှင် သင့်ရဲ့အတွေးတွေကို သင်တစ်ယောက်သာလျှင် ပြောင်းလဲပစ်နိင်ပါတယ်။ စိတ်ဆင်းရဲမှုတွေကနေ တဆင့်ပြီး တဆင့်ရုန်းထွက်ရပါတယ်။

အကောင်းမြင် အတွေးတွေ ပေါ်စပြုလုရင် သင်ဟာ ပျော်ရွှင်တဲ့ မိတ်ဆွေကောင်း တွေနဲ့ ပျော်ရွှင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်နိင်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်သူတွေ ၀န်းရံနေဖို့ ဦးစွာ ပထမ သင့်မျက်နှာမှာ အပြုံးလေး ရှိနေပါစေ။

Author - Andrew Matthews


Thursday, February 5, 2009



တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်။ Amazon တောထဲက ဟယ်လီကော်ပတာကိုတောင် မြှားနဲ့ လှံနဲ့ ပြန်ပစ်နေတဲ့ သူတွေ ၊ လူ့ယဉ်ကျေးမှုနဲ့ အဆက်ပြက်နေတဲ့သူတွေ ၊ အဆင့်မြင့်နည်းပညာဆိုတာ မသိတဲ့ သူတွေ ၊ ကိုယ့်ရိုးရာ ကိုယ့်ဓလေ့နဲ ဘိုးစင်ဘောင်ဆက် တောထဲနေလာတဲ့ သူတွေ ၊ ဒီလို လူမျိုးတွေ ဘယ်လောက်များ ရှိလိမ့်မလဲ။ ကြည့်ပါဦး လေယဉ်ပျံကိုတောင် ပြန်တိုက်ခိုက်နေကြတယ်။ သူတို့ရဲ့ ဘ၀နေထိုင်မှုကို ကျွန်တော် စိတ်ဝင်စားပေမယ့် အဲဒီကို သွားမလားဆိုရင်တော့ မသွားချင်ဘူး။ :)










@boston.com

Wednesday, February 4, 2009



ငွေ အကြွေစ တစ်ချို့လိုတယ်
ရေတခွက်.....ထမင်းတလုပ်.....လိုတယ်
တဲ တလုံးလောက် မရရင်လည်း
ကျောတခင်းစာလောက်.....လိုတယ်

ဤခရီးလည်း ဘယ်တော့မှ မနီးခဲ့ပါ
ပျောက်သောသူတွေလည်း ကြာရင်ပိုသတိရလာခဲ့
ကျွန်တော့်ကို ဘယ်သူမှ လာမခေါ်ပါနဲ့
သူတို့တွေမျက်နှာပြုံးနိင်မယ့်နေ့....ကျွန်တော် ခင်ဗျားဘက်ပါမယ်

အခုတော့....ကန္တာရထဲက
သဲမုန်တိုင်းလို
ကွတ်ခိုင်ရဲ့...မနက်စောစောမြူခိုးတွေလို
အရာရာဟာ....၀ိုးတိုးဝါးတားနဲ့ အဖြူအမည်း မသည်းကွဲသေးဘူး

မနက်စောစောထဖြစ်ရင်
စမ်းချောင်းလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာထိုင်မယ်
သူငယ်ချင်းနဲ့ အတူ
ဘေးတိုက်သွားတက်တဲ့ လူ့ဂဏန်းတွေအကြောင်း
ဆွေးနွေးကြည့်မယ်

ပြီးရင်....ဒီကောင်မသိသေးတဲ့
တရံတခါဆီက...ပုဂံရာဇ၀င် အပြစ်မှတ်တမ်းဟောင်းကို
ရွတ်ပြဖို့ စိတ်ကူးထားခဲ့.......တယ်။



Monday, February 2, 2009

www.969toons.com

ဖော်ပြပါ ကာတွန်းပုံတွေကိုတော့ ဖိုရမ်တစ်ခုက ရရှိခဲ့တာပါ။ တဆက်တည်းမှာပဲ အဲဒီနေ့က first11 ဂျာနယ်မှာ www.969toons.com ဆိုက်ဒ်အကြောင်းကို တွေ့မိတာကြောင့် သွားရောက်ကြည့်ရှုရင်း ထိုဆိုက်ဒ်မှာ တင်ထားတဲ့ ကာတွန်းပုံတွေနဲ့ တူနေတာကြောင့် ဒီဆိုက်ဒ်က ယူတယ်လို့ပဲ သက်မှတ်ပြီး တင်ပေးလိုက်ပါတယ်။ ကာတွန်း ၀ါသနာရှင်များလည်း အလည်သွားရောက်နိင်ပါကြောင်း










Sunday, February 1, 2009




အချိန်တန်ရင်
တိတ်တဆိတ် ထွက်သွားခဲ့ချင်တယ်

ဘယ်နေ့.....ပြန်လာမလဲ
ငါ မမေးပါဘူး
မင်းပြန်လာတဲ့အထိ...ငါ စောင့်နေပါ့မယ်လို့ပဲ
ပြောထားခဲ့မယ်

မိုးလှိုင်ညက ............ဖေဖော်ဝါရီကို
ချစ်ရက်နဲ့ မုန်းနေတာလား
မုန်းရက်နဲ့ ချစ်နေတာလား
ငါ....မသိပါဘူး
ငါသိတာ....ဖေဖော်ဝါရီမှာလည်း
မင့်...ငါ့အနား မရှိနေတာပဲ ငါသိတယ်

အဲဒီလို...ဖေဖော်ဝါရီလတွေကို
ခံနိင်ဖို့
မင်း...အပြုံးတွေနဲ့ ငါအားမွေးထားတယ်

တကြိမ်တခါမှ ထိတွေ့ခွင့်မရသေးတဲ့
မင်းလက်ချောင်း သွယ်သွယ်လေးတွေကို
ငါပိုင်ဆိုင်တဲ့နေ့
ဘ၀မှာ အပျော်ဆုံး ဖြစ်ပါလိ့မ်မယ်

အခုတော့
လမ်းထိပ် လက်ဖက်ရည်ဆိုင် ကျဉ်းလေးထဲကနေ
မင်းမစီးဘူးတဲ့ ဘက်စ်ကားပေါ်ကနေ
လူတွေကျပ်တဲ့ ရန်ကုန်ရဲ့ ညဈေးတန်းကနေ
မင်းကို....ငါလွမ်းမယ်

ဖုတ်ပူမီးတိုက် ဘ၀ကို ရုန်းကန်ရင်း
မင်းင့ါကို...သတိရပါ
ငါကလည်း အစိမ်းရင့်ရောင်ပေါ်ကနေ
မင်း....ရှိနေမယ့် ဒေသကို
သတိရနေမယ်........ဒဏ္ဍာရီ