Wednesday, June 24, 2009

ဆုတောင်း


ကမ္ဘာကြီးရေ
ကျွန်တော်တို့ တကယ်လိုအပ်နေတာက
ငြိမ်းချမ်းရေး ၊ ချစ်ခြင်းမေတ္တာ
အစာရေစာနဲ့ ၊ ပြည့်စုံကြွယ်ဝမှုပါ

ကမ္ဘာကြီးရေ
ကျွန်တော်တို့ နောက်ထပ်လိုအပ်တာက
စိမ်းလန်းစိုပြည်မှု ၊ မွန်မြတ်သန့်စင်မှု
စိတ်ချယုံကြည်မှုနဲ့ ပျော်ရွှင်ရယ်မောမှုတွေပါ

ဒါပေမယ့်....
ကမ္ဘာကြီးပေးနိင်တာက
အင်အားပြိုင်ဆိုင်မှု ၊ လူမျိုးတုန်းသတ်ဖြက်မှု
နိင်ငံရေးသပ်သျှိုခြင်း
စစ်နဲ့ အကြမ်းဖက်ရေးမူဝါဒ

ဘာကြောင့်ပါလဲ...
ဘာကြောင့်များလဲ...
ကမ္ဘာကြီးပေါ်မှာ
ကလေးငယ်တွေရဲ့ အသံနဲ့
ဘုရားကျောင်းက ခေါင်းလောင်းထိုးသံတွေ
ဟိုးအရင်ကထက် ပိုတိတ်လာရတာ
ဘာကြောင့်များလဲ

ကမ္ဘာကြီးရေ
မကယ်နိင်တော့ဘူးလား
(စစ်နဲ့ငြိမ်းချမ်းရေး) ကိုရေးခဲ့တဲ့
တော်စတွိုင်းတစ်ယောက်ရော
ဘယ်ပျောက်နေပြန်ပြီလဲ
ရှာပေးကြပါ...ပြောပေးကြပါ

၂၀ရာစုနောက်ပိုင်း
ကမ္ဘာကြီးဟာ အမှောင်တွေ ပိုဖုံးလာခဲ့ရတယ်



Tuesday, June 23, 2009

အမျှ....





တွေ့...ဆုံ...ကြုံ...ကွဲ တဲ့
သံသရာထုံး နှလုံးမူရင်း
ပက်သက်ခဲ့သမျှ သံယောဇဉ်တွေကို
ရေစက်ချ အမျှဝေပြီး
သာဓုခေါ်ခိုင်းခဲ့တာလား....မသီတာ

ပျော်ရွှင်ခဲ့ကြတယ် ၊ ကြည်နူးခဲ့ကြတယ်
စိုးရိမ်ခဲ့ကြတယ် ၊ နှစ်သိမ့်ခဲ့ကြပါရက်နဲ့
နောက်ဆုံး ဒီအလှူမှာမှ
ကျွန်တော်က မျက်ရည်ကျပြီး
လှူခဲ့ရတယ်

အချိန်တန်ရင် လူဆိုတာ
ကိုယ့်ဘ၀ ကိုယ်လျှောက်လှမ်းရမယ်လို့
မသီတာ....မသင်ပေးခဲ့လည်း
ရေစက်ချပွဲ အပြီးမှာ
လျှောက်လှမ်းတက်ဖို့ ကြိုးစားနေခဲ့ပါပြီ

မသီတာ နားမှာ ကျွန်တော် ရှိမနေနိင်ဘူး
မသီတာ အလုပ်တွေကို ကျွန်တော် လမ်းပြမပေးနိင်ဘူး
မသီတာ...၀မ်းနည်းလို့ ငိုရင်တောင်
ပထမဆုံးသိခွင့်ရတဲ့ လူဟာ အရင်ကတည်းက
ကျွန်တော် မဟုတ်ပါဘူးလေ

မသီတာရေ...လူတွေကတော့
ကျွန်တော့်ကို ၀ိုင်းဟား နေကြမှာပေါ့
လူအလေး...ချာတိတ်လေး...ကလေးလေးပါတဲ့
ပြောကြပါစေလေ...
ပြောကြပါစေ....
ကျွန်တော်ကလည်း ဟုတ်နေခဲ့တာကိုး

ဘာပဲ ဖြစ်ဖြစ်...ရှိပါစေတော့
အတူတကွ တည်ထောင်ထားတဲ့
ချစ်ခြင်းတရားအတွက်
မသီတာ...ခွဲလို့ ယူချင်မှတော့
ကျွန်တော်ကရော..ဘာနဲ့များ တားမြစ်နိင်တော့မှာလဲ

အနမ်းတွေ ၊ အလွမ်းတွေ
စိတ်ကူးယဉ်မှုတွေ ၊ စိတ်ကူးရိုင်းခဲ့မှုတွေ
ငိုကြွေးမှုတွေ ၊ မြွတ်သိပ်မှုတွေ
အားလုံး တညီတညာတည်း စုပေါင်း
မသီတာ စိတ်တိုင်းကျ
ကျွန်တော်က ရေစက်ချ လှူဒန်းလိုက်ပါတယ်...

ဒါပေမယ့်.....
မသီတာရယ်
ကျွန်တော် ဒီအလှူမှာ သာဓု မခေါ်နိင်ခဲ့ပါဘူး.......



Saturday, June 20, 2009

အ....လွမ်း....ဘဏ်



ဘလော့ဂ်လည်း ပစ်ထားတာ ကြာပါပြီ။ ရေးချင်စရာတွေ ၊ စာဖတ်သူနဲ့ အပြန်အလှန် ဆွေးနွေးတင်ပြ ချင်တာတွေ ရှိပေမယ့် အခြေအနေတွေက ရပ်ကွက်လူကြီး ပုဆိုးဖင်ပေါက်ကြီးနဲ့ လျှောက်သွားနေသလို ဖြစ်နေတာကြောင့် ဘာမှကို ပြောချင် ဆိုချင်စိတ် ဖြစ်မလာတာကြောင့်လည်း ဖြစ်ချင်တာဖြစ် ပစ်စလက်ခက်ကို ပစ်ထားလိုက်တာပါ။ စီဘောက်စ်မှာ လာအော်တဲ့ မနှင်းပွင့်ရေ.. ပြီးသွားပြီဆိုတာ မော်စကိုမှာ စာသင်ခြင်းအလုပ်ကို ပြောတာပါ ခင်ဗျာ။ ဘလော့ဂ်ဆိုတာကလည်း မရေးပဲ ပစ်ထားရင် ဆက်မရေးချင်တော့ဘူးဆိုတာပါ သိလိုက်ရတယ်။ ဒါကြောင့် မရေးချင် ရေးချင်နဲ့ ဖတ်မိထားတဲ့ ကဗျာလေးပဲ ပြန်တင်လိုက်တယ်။ အသိအမှတ်ပြု လာလည်တဲ့ လူတွေကို အားနားပါတယ် ၊ ခင်လည်း ခင်တယ် အဲဒီလိုပဲ ပြောလိုက်ရတော့မယ်။ အော်...စာဖတ်သူတို့ရေ ကဗျာကို ကဗျာလိုပဲ ဖတ်ပါဗျာ။ ကျန်တာ ဘာမှ မပါစေချင်ပါဘူး။ တော်ကြာ ဒီကဗျာတင်လို့ ဒီလိုဖြစ်နေပြန်ပြီ ထင်နေဦးမယ်။ ကဗျာလေး လှလို့ တင်ပေးတဲ့ သဘောပဲ ရှိပါတယ်။ ကျနော့် ခံယူချက်က ကျွန်တော် ဘလော့ဂ်မှာ ကိုယ်ပိုင်စာတွေ မရေးနိင်တဲ့ အခါ ၊ စာဖတ်သူအတွက် အကျိုးရှိမယ် ထင်တဲ့ ၊ စာဖတ်သူအတွက် တခုခုတော့ ခံစားမှုပေးနိင်မယ် ထင်တဲ့ စာလေးတွေကို ရှာကြံပြီး တင်ပေးချင်တဲ့ စိတ်ကြောင့်ပါ။


အလွမ်းဘဏ်

(က)

ကျွန်တော့် သံယောဇဉ် ဧရိယာထဲ
အတင်းတွန်းဖွင့်
ဝင်ဝင်လာတဲ့ နာရီလေးရေ....
အထီးကျန်နေတဲ့ ကျွန်တော့်ကို
စာနာစိတ်နဲ့
ထားခဲ့တဲ့ အဖော်က
အလွမ်း.....။

(ခ)

အလွမ်းရေ...
ခင်ဗျားကပဲ ကျွန်တော့်ကို ဖိထားမလား
ကျွန်တော်ကပဲ
အရသာခံရင်း လုံးပါး ပါးမလား
ခင်ဗျားကို သယ်ဆောင်ရင်း
ရွေ့လျားနေရတဲ့
ကျွန်တော့် အင်ဂျင်
ဆီကုန်လို့ ဒုတ်ဆို ထိုးရပ်သွားရတာမျိုး
အဖြစ်မခံနိင်လို့
ဘဏ်တစ်ခုကို သွားပေါင်ရပါတယ် ။

ဘာခံစားမှုမှ
အပေါင်မခံဖူးတဲ့ ဘဏ်မန်နေဂျာက
ဘာအပေါင် ပေးမလဲတဲ့
ကျွန်တော် ပိုင်တယ်လို့
အသေအချာ အာမခံနိင်တာက
အလွမ်းတွေပါ ဗျာလို့
ပြောမိတော့

ပထမ
ဘဏ်တစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတွေက
ငွေစက္ကူတွေ အပြင်လွင့်ထွက်သွားအောင်
ရယ်ပါတယ်။

ကျွန်တော်
ထိတ်လန့်အားငယ် သွားလိုက်တာများ
ပုရွတ်ဆိတ် တစ်ကောင်ရဲ့
ခြေရာလေးလောက်ပဲ ရှိမယ်။
ကျွန်တော့် အိပ်ကပ်
( ရင်ဘတ်မှာ ရှိတဲ့ အိပ်ကပ်ပေါ့ )
လျှံထွက်လာတဲ့ အလွမ်းတွေ
အပိခံနေရတဲ့ ဘဏ်စာရေးမလေးက
ကျွန်တော့်ကို ကြည့်ပြီး
သန့်စင်စွာ အသံတိတ် ငိုတဲ့အခါ
ဘဏ်တစ်ခုလုံး အော်ငိုလိုက်ကြတာ
ဘဏ်ကြီး တစ်ခုလုံး အရည်တွေ ပျော်လို့။

ဘာပဲ ပြောပြော
ဘဏ်က တချို့တ၀က်
အလွမ်းတွေ လက်ခံလိုက်ပြီ ဆိုတော့
လွမ်းနေရပေမယ့်လည်း
ပေါ့ပေါ့ပါးပါးတော့
ဖြစ်သွားတာပေါ့လေ။

( ဂ )

သေနေတဲ့ ဓါတ်တိုင်အောက်မှာ
နှလုံးသား အရှင်တစ်ခုနဲ့ လူတစ်ယောက်
ဟိုတယ်တွေရဲ့ ထိပ်ဖျား
ငါးရိုးတွေကြားက ချောင်းကြည့်နေတဲ့
လကွေးကွေးလေးရေ....
သာ လာတဲ့အခါ
ဖယောင်းတိုင်လေး ငြိမ်းပေးပါ့မယ်
အခုတော့
လမ်းဘေးက ညကဖေးမှာ
ကဗျာရွတ်ဖို့
ရင်ထဲက မီးတောက်လေးနဲ့
ဖယောင်းတိုင်ကို
မီးကူးခွင့်ပြုပါ ။

အကြမ်းအိုးတစ် အကြမ်းပန်းကန်နှစ်
ဖျော်ချင်သလို ဖျော်ခဲ့ဗျာဆိုတဲ့
လက်ဘက်ရည်တစ်
ဘာမှ မဆိုင်တဲ့
အပူအားပေး ကျားက တစ်ကောင်
လွတ်နေတဲ့ ထိုင်ခုံလေးက တစ်လုံး
လွမ်းဖို့ အသင့်ပြင်ထားရော့လား
လွမ်းလိုက်တာ
ကဗျာရွတ်ဖို့ ပြင်လိုက်တာနဲ့
အလွမ်းတွေပဲ ကျကျလာ
ညကလေး တစ်ဆိုင်လုံးလည်း
အလွမ်းတွေ ပြည့်လို့ ။

( ဃ )

ကျွန်တော်က ဖြေချချင်လို့
စကြ၀ဠာတစ်ခုလုံးကို
ဆက်သွယ်ခဲ့ပေမယ့်
မှားခဲ့ပါတယ်လို့ ၀န်ခံခွင့် မရနိင်ခဲ့
မင်းကသာ
ဂဏန်းကိုးလုံးနှိပ်လိုက်ရင်
ခွင့်လွှတ်ချင်လာအောင်
အမှားကို
ဝန်ခံဖွဲ့နွဲ့ဖို့ အသင့်ပါ။

( င )

အခုတော့
ဘဏ်က လက်မခံချင်ပေမယ့်
ကျွန်တော့်မှာ
ပေါင်နှံစရာ အလွမ်းတွေက
အသက်ရှုလိုက်တိုင်း တိုးတိုးလာ
အသက်ရှုတာ ရပ်မလား
ဘဏ်မှာပဲ တောင်းပန်ပြီး
အလွမ်းတွေ ထပ်အပ်ရမလား
နှစ်ခုစလုံး မဖြစ်သေးပါဘူး
ဘဏ်တိုးက အလွမ်းတွေပဲ ရပြီး
အသက်ရှုတာ ရပ်လိုက်ရင်လည်း
မင်းကို မတောင်းပန်လိုက်ရဘဲ
သေသွားမယ်။

ဒီတော့....
မင်းနဲ့ သွားခဲ့ ၊ စားခဲ့ ၊ နားခဲ့
နေရာမှန်သမျှ
လက်ညှိုးထိုးပြီ
ဘဏ်အပ်လို့ရရင်
ရန်ကုန်မြို့ကြီး တစ်မြို့လုံး
လက်ညှိုးထိုးမလွဲ
ဘဏ်မှာ အပ်ရမှာပဲ။
ဒါပေမဲ့
မင်း စံပယ်နံ့ ၊ မင်း နှင်းဆီနံ့
သင်းသင်းလေးကျ
လက်ညှိုးထိုးပြလို့ မရတော့
ကျန်ခဲ့ရဦးတော့မှာ
လွမ်းစရာပေါ့ ။

( စ )

နာရီလေးရေ...
ကျွန်တော့် အပါးက အလွမ်းတွေကို
သံယောဇဉ်နဲ့ ကြဲပက်ခဲ့တာလား
ရန်ကုန်မြို့ကြီးက ကျဉ်းကျဥ်းလေး
ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေးပါ
ဒီနေ့ မင်းကို မတွေ့ရင်
မနက်ဖြန် တစ်ရက်ရက်မှာ တွေ့မှာပဲ
အဲဒီအခါ
အသေအချာ မှားခဲ့တာ
ညွှတ်နူးစွာ
တောင်းပန်ပါ့မယ်
မင်းကို “ သိပ်ချစ်တယ် ” လို့ ပြောခဲ့မိတာ ။ ။


( စောဝေ )



Sunday, June 14, 2009

ကဗျာ = လက်တွေ့



မင်း...ကတော့
ဘ၀မှာ ရင့်ကျက်သွားတာ....ကြာပေါ့

အထူးအဆန်းတွေ တွေ့တိုင်း
အသစ်အဆန်းတွေ မြင်တိုင်း
မင်း...ပါးလေးက ပြုံးတယ်ဆိုသလောက်ပဲ ဖြစ်တည်တယ်

ဘ၀ကို လက်တွေ့ဆို လက်တွေ့မှလို့
ခဏခဏ ကြွေးကြော်တက်တဲ့...မင်းက
အနုပညာဆန်တာကို တခါတလေ မြတ်နိးတက်တာကလား

ကဗျာတွေရေးမယ်...စာတွေရေးမယ်
ခဏလောက် မင်းစိတ်ထဲမှာတော့
ကြိတ်မှိတ်ခံစား ပစ်လိုက်တာပဲ

ခဏတာပါပဲ...ခဏပြီးတော့
“ လက်ရှိဘ၀မှာ ရပ်တည်ပစ်လိုက်စမ်းပါလို့ ”
အားမလို အားမရနဲ့ မင်းက င့ါကို ဆူပူဦးမယ်

ဘာမှ မယ်မယ်ရရ ဖြစ်မလာတဲ့
“ ကဗျာရေးခြင်း အနုပညာကိုလည်း ” ငါက ဘ၀မှာ
ရေဗူးတခုလို ယူဆောင် ဖြက်သန်းသွားချင်ခဲ့တာ

ဆူပါ...မာန်ပါ...ဆဲပါ...ရိုက်ပါ
ငါ့ကိုလေ....နောက်ဆုံး မင်းသတ်သွားပါ
ငါက ဘ၀ကို ........လက်တွေ့ဆန်တာထက်
ကဗျာဆန်တာကို ပိုကိုးကွယ်ထားတာကိုး

ဒါပေမယ့် လူပဲကွယ်
ကိုယ့်ထမင်း ကိုယ်စားဖို့တော့
အသက်ရှု ရှင်သန်တတ်ပါတယ်


Saturday, June 13, 2009

Men On Fire - Bullet Always Tells The Truth





Bullet Always Tells The Truth


လာပြီ လာပြီ။ စာတမ်းတွေနဲ့ နပန်းလုံးနေတဲ့ ကြားထဲက ရုပ်ရှင် တစ်ကားကို ပြန်ကြည့်ဖြစ်အောင် ကြည့်လိုက်သေးတယ်။ အမှန်က သည်ဇာတ်ကားကို ကြေငြာချင်တာ မဟုတ်ပါဘူး။ ပြောချင်တာက တခြား။ စိတ်ထဲပေါ်လာတာက တခြားမို့ ဒီဇာတ်လမ်းကို တင်လိုက်တာပါ။ ကြာတာတော့ ကြာပါပြီ။ ၂၀၀၄ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကား နံမည်ကတော့

“ Men On Fire ”



ဇာတ်ကားအစမှာ စာတမ်းလေး ထိုးထားတာက “ There is one kidnapping every 60 minutes in Latin America ” ဆိုပဲ။ နည်းနည်းတောင် လန့်သွားတယ်။ ဖြစ်လိုက်ရင်လည်း အဲဒီ မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်တွေမှာပဲ ဇာတ်ကားတွေက အခြေခံထားတယ်။ အထူးသဖြင့် ရာဇ၀တ်မှုအကြီးအကျယ်တိုင်းရဲ့ နောက်ဆုံးမှာ ကြိုးကိုင်နေသူဟာ ရာထူးခပ်ကြီးကြီးမားမား ဖြစ်နေတက်တယ်ဆိုတာကို ကျနော်ကြည့်ဖူးသလောက် ဇာတ်ကားတော်တော်များများမှာ တွေ့ရပါတယ်။ အဲဒီလို လူတွေကိုင်ထားတဲ့ ရာဇ၀တ်မှုတွေကတော့ ဇာတ်ကားထဲမှာ မင်းသားရဲ့ စွမ်းစွမ်းတမံ ဖော်ထုတ်မှုကြောင့် အောင်မြင်ခဲ့ရပေမယ့် တကယ့်လက်တွေ့ဘ၀မှာတော့ “ ပါးစပ်ပိတ် ၊ ခေါင်းညိတ် ၊ ကြိတ်မှိတ် ၊ ငါ...နားလည်ပေးမယ် ” ဆိုတဲ့ မျိုးကြီးသီချင်းလိုပါပဲ။ ကဲကဲ ချော်တောငေါ့သွားဦးမယ်။ ဇာတ်လမ်းလေး စရအောင်...


John Creasy ( a burned-out ex-CIA operative/assassin ) ပါ။ သူက မက္ကဆီကိုနိင်ငံမှာ နေထိုင်တဲ့ လူချမ်းသာမိသားစုတစုရဲ့ အသက်ကိုးနှစ် အရွယ် Pita Ramos ဆိုတဲ့ ကလေးမလေးကို ပြန်ပေးဆွဲမှုတွေ များနေတဲ့အတွက် စောင့်ရှောက်ရန် အလို့ဌာ သဘောတူခဲ့ပါတယ်။ ဇာတ်လမ်းမှာ အတိတ်ကဖြစ်ရပ်တွေနဲ့ စိတ်အနာရခဲ့တဲ့ ဂျွန်ဟာ အလုပ်ကို အလုပ်လိုပဲ သဘောထားပြီး ကလေးမလေးကိုလည်း သူရဲ့ ဘ၀အကြောင်းတွေ မမေးဖို့ ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ဒါကြောင့် ဂျွန်နဲ့ကလေးမလေးတို့ရဲ့ ဆက်ဆံရေးဟာ အနည်းငယ် အေးစက်သွားခဲ့ပေမယ့် စိတ်ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အဖေနဲ့သမီး ၊ အစ်ကိုနဲ့ ညီမလို ဂရုစိုက်မှုလေးတွေ ရှိခဲ့ပါတယ်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကလေးငယ်နဲ့ ဂျွန်ကြားမှာ ဆက်ဆံရေး ပြန်လည် ပြေပြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ဒါရိုက်တာဟာ ဂျွန်နဲ့ကလေး ငယ်ကြား ဆက်ဆံရေးကို ရိုက်ပြထားတာ အခန်းတွေ ၊ စကားပြောတဲ့ ဒိုင်ယာလော့ တွေဟာ တကယ်ပြောင်မြောင်ပါတယ်။ ရေကူးဝါသနာပါတဲ့ ကလေးမလေးကို ဗိုလ်ဆွဲရအောင် ကူညီပေးရင်း သူတို့နှစ်ယောက် ဆက်ဆံရေးက တကယ့်ကို နားလည်မှုရသွားခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ ကလေးမလေးကို စန္ဒယားဆရာဆီသွားပို့ရင်း အပြန်ကို စောင့်နေတုန်း ပြန်ပေးသမားတွေဟာ အကွတ်ချထားသည့် အတိုင်း ရောက်လာပြီး ကလေးကျူရှင်က အထွက် ပြန်ပေးဆွဲဖို့ ကြိုးစားပါတော့တယ်။ ဂျွန်နဲ့ ပြန်ပေးသမားတွေ အပြန်အလှန်ပစ်ခက်ကြပြီး နောက်ပိုင်း ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ၄ ၊ ၅ ချက်နဲ့ သွေးအိုင်ထဲကို ဂျွန်တစ်ယောက် လဲကျသွားခဲ့ပါတယ်။ ထိုနောက့် ကလေးကို ပြန်ပေးသမားတွေက ဖမ်းဆီးသွားခဲ့ပါတယ်။

ဂျွန်အတွက် သူ့ကိုယ်ပိုင်ငွေလေးနဲ့ ဆွဲပြားလေး လက်ဆောင်ဝယ်ပေးနေတဲ့ Pita

ပြီးသွားပါပြီ။ အမှန်ဆို ဇာတ်ကားက ဒီလောက်မှာတင်ကို ရှေ့ဆက်နားလည်လိုက်လို့ရပြီ။ စာဖတ်သူလည်း စဉ်းစားကြည့် ဘာဖြစ်မလဲ။ ဘော်ဒီဂတ်က သေသွားတယ်။ ကလေးကို လူဆိုးတွေက ဖမ်းသွားတယ်။ ငွေညှစ်တယ် ပြန်ရွေးမယ်။ ဇာတ်လမ်းက တခန်းရပ်သွားပါပြီ။ ဒါကို ဒါရိုက်တာက ဒီလိုလေး လုပ်ပြသွားတယ်။

“ ကလေးမလေးကို ကတိမတည်မှုကြောင့် ပြန်ပေးသမားက သတ်ပစ်လိုက်တယ်လို့ ဇာတ်လမ်းအလယ်လောက်မှာ ဒါရိုက်တာက ရိုက်ထည့်လိုက်သော အခါ ”



ဂျွန်တစ်ယောက် စိတ်နာကျည်းမှုနှင့် အတူ နောက်ကြောင်းရာဇ၀င်များကို စုံစမ်းရင်း ပြင်းပြင်းထန်ထန် လူဆိုးတွေကို တုံပြန်ပုံဟာ တကယ့်သွေးအေး လူသတ်သမား တစ်ယောက်ကဲ့သို့ပဲ အားရလှပါတယ်။ အထူးသဖြင့် လူဆိုးတိုင်းကို သတ်ခါနီး မင်းသူမကို နောက်ဆုံးအနေနဲ့ နုတ်ဆက်လိုက်ပါလား ၊ ဒါမှ မဟုတ် မနုတ်ဆက်ချင်ဘူးလား လို့ ကလေးမရဲ့ ဓတ်ပုံကို ပြပြပြီး သတ်ပစ်တဲ့ အခန်းတွေမှာ စိတ်ထဲမှာ ဂရုဏာရသတွေ ၊ ဘယနက ရသတွေပါ ရရှိစေပါတယ်။း) ဒီလိုနဲ့ တစ်ဦးချင်း တစ်ယောက်ချင်း ဖော်ထုတ်ရင်း နောက်ဆုံးမှာတော့


“ ကလေးကို ပြန်ပေးဆွဲသူမှာ ကလေးအဖေ ကိုယ်တိုင် ခိုင်းစေမှု ဖြစ်သည်ကို တွေ့ရသောအခါ ” မှာတော့

ရှေ့ဆက်ပြီး ဂျွန်တစ်ယောက် ဘာလုပ်မလဲ ၊ ကလေးအဖေကရော မိမိရဲ့ သွေးရင်းသားရင်းကို ဘာလို့ ပြန်ပေးဆွဲရတာလဲ ၊ Pita တစ်ယောက် အသက်ရှင်လျှက် တကယ်ရှိသေးရဲ့လား ဆိုတာကို မိမိတို့ရဲ့ ကိုယ်ပိုင် LCD မျက်နှာပြင်ပေါ်မှာ ဆက်လက်ကြည့်ရှုကြပါလို့ ပြောကြားရင် နုတ်ဆက်လိုက်ပါသည်။



Friday, June 12, 2009

ကျနော် ဒီပို့စ်ကို ရေးတာ ဘာသာရေး ထိခိုက်မှု လုံးဝ မရှိပါဘူး။ ကမ္ဘာမှာ မိမိကိုးကွယ်ရာ ယုံကြည်ရာကို လူတိုင်းကိုးကွယ်ခွင့် ရှိတာ ကျနော်လက်ခံယုံကြည်ပါတယ်။ ဒီပို့စ်က မသိသေးသူတွေအတွက် ဗဟုသုတလေး တခုအနေနဲ့ပဲေ၇းသားထားခြင်း ဖြစ်ပါသည်။ အယူအဆဆိုတာ ကိုးကွယ်ယုံကြည်ရာနဲ့လည်း သက်ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ပြောတဲ့စကားတခွန်းဖြစ်တဲ့ “ အယူတိမ်းလို့ နတ်စိမ်းဖြစ်တယ် ” ဆိုလား။ အဲဒီလိုလေးပေါ့။ တခဏတာ ကြားဖူးမိလိုက်တာလေးဟာ ၊ မြင်ဖူးမိလိုက်တာလေးဟာ အစွဲအလန်းလို ၊ ယုံကြည်ရာ လိုလို ဖြစ်သွားတက်ပါတယ်။ မနက်စောစော အိပ်ရာထဖြစ်ရင် ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် ညဘက် အိပ်ရာဝင်ခါနီး အချိန်ဖြစ်ဖြစ် ကျနော် တရားနားထောင်တက်တဲ့ အကျင့်ရှိပါတယ်။ ထွက်ရပ်ပေါက်ချင်လို့လည်း မဟုတ်ပါဘူး ၊ သံဝေဂရနေတာလည်း မဟုတ်ပါဘူး။

ကျနော်တရားနားထောင်ရခြင်း အကြောင်းက ဆရာတော်တွေက တရားဟောရင် ၊ တရားချည်းပဲ ဟောပြောတာ မဟုတ်ပါဘူး။ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကိစ္စ ဒုက္ခ အ၀၀တွေနဲ့ နှိုင်းယှဉ်ပြီးဟောပြောကြတာပါ။ ဆရာတော်တွေက ဟောပြောဖို့အတွက် စာပေဖတ်တယ် ၊ မှတ်သားတယ်။ နောက်တော့ တရားသဘောနဲ့ ယှဉ်ပြီး ဟောတယ်။ ကိုယ့်မှာက ဒီလို ဖတ်ဖို့ကျတော့ မဖြစ်နိင်ဘူး။ ဆိုလိုချင်တာက အချိန်မပေးနိင်ဘူး။ ဒီတော့ သူတို့ဖတ်မှတ်ထားတဲ့ ဗဟုသုတကို ကျနော်တို့က တရားနာပြီး ပြန်ယူရတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်တွေကို အချိန်များရရင် ကျနော်က တရားနားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ထွက်ရပ်ပေါက်ဖို့ ၊ နိဗ္ဗာန်ရောက်ဖို့ မဟုတ်ပါဘူး။ ဗဟုသုတ ရစေချင်လို့ပါ။ ဥပမာ ဆရာတော်ကောသလ္လ(ဓမ္မစေတီ) ဟောတဲ့ တရားတပုဒ်ဖြစ်တဲ့ “ မွေးရပ်မြေကို ကျေးဇူးဆပ်ချင်း ” မှာ ဆရာတော်က တရုတ်တွေ မိုးနဲ့မြေကို ကန်တော့တဲ့ ကိစ္စ ခဏလေး ရှင်းပြသွားပါတယ်။ ဆရာတော်က ဘယ်လိုဟောပြောသွားလဲဆိုတော့....

“ တရုတ်တွေ မင်္ဂလာဆောင်ကြပြီ ၊ မင်္ဂလာဆောင်ကြပြီဆိုတော့ မိုးနဲ့မြေကို
ကန်တော့ကြတယ် ” ဘာကြောင့်လဲ သေချာမေးကြည့်ရင်
သိတဲ့လူ ရှားသွားပါပြီတဲ့ ”

ဟုတ်ပါတယ် ကျနော်လည်း သေချာပြန်စဉ်းစားကြည့်တယ် ။ အဖေနဲ့ အမေကို ကန်တော့ပါ၏ ။ မိုးနဲ့မြေကို ကန်တော့ပါ၏ ။ မြ၀တီကလာတဲ့ တရုတ်ကားတွေထဲမှာလည်း မိုးနဲ့မြေကို ကန်တော့နေကြတာပဲ။ ဒီတော့ အခုလာမယ့် ကလေးတွေက မိုးနဲ့မြေကို မင်္ဂလာဆောင်ရင် တရုတ်တွေ ကန်တော့ကြတယ်။ ဘာကြောင့်လဲ မေးကြည့် ။ များသော အားဖြင့် သူတို့ မသိတော့ပါဘူး။ ဒါကို ဆရာတော်က ရှင်းပြထားတယ်။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ကဲ...ကန်တော့ပြီ။ မိုးနဲ့မြေကို

“ အဖေသည် မိုးကောင်းကင်နှင့် တူပါတယ် ၊ အမေကတော့ မြေကြီးနဲ့ တူပါတယ်တဲ့ ၊
ဘ၀မှာ အဖေမရှိတော့လည်း ကောင်းကင်ရှိတယ် ၊ ကောင်းကင်ကြီး ရှိနေသမျှ ကာလပတ်လုံး အဖေ့ကျေးဇူးတွေရှိတယ်။ ကောင်းကင်ကို သက်သေတည်၍ သော်...လည်းကောင်း ၊ အမေရဲ့ မေတ္တာတရားတွေဟာ မဟာပထ၀ီ မြေကြီးထုနဲ့ တင်စား၍ သော်...လည်းကောင်း
မြေကြီးရှိတယ် ၊ ဒါကြောင့် အိမ်ထောင်ပြုတော့မယ့် ဖခင်လောင်း ၊ မိခင်လောင်းတို့ဟာ
မိုးနဲ့မြေကို ကန်တော့ပါတယ် ”

ဒါဟာ အရမ်းကောင်းတဲ့ တရုတ်ရိုးရာအစဉ်အလာပါပဲတဲ့။ ကျနော်တို့ မြန်မာမှာလည်း ရှိပါတယ်။ ဒီလိုနှိုင်းယှဉ်တဲ့ စာသားမျိုးတွေ ၊ စကားမျိုးတွေ။ ဒါပေမယ့် ဒါကို ယနေ့မှာတော့ တရုတ်တွေကိုယ်တိုင် မသိတော့ပါဘူးတဲ့။ ဘယ်သူပြောသလဲ ဆရာတော်ဟောတာပါ။ ကျနော် မပြောပါဘူး။ ဒါဆို ဆရာတော်ဟောတိုင်း မင်းက ယုံကြည်လားမေးနိင်ပါတယ်။ ဟုတ်ကဲ့...ကျနော်ထက် ပညာရှိသူတို့ရဲ့ ပြောစကားကို အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ယုံကြည်ပါတယ်။ ကျနော် ပြောချင်တာလေးက အထက်ပါ အကြောင်းအရာလေးပါ။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ အော်..နောက်တခုက တရုတ်ဆိုတာ ကျနော် ၀က်ဘ်ဆိုက်ဒ်တခုမှ ဖတ်လိုက်ရတယ်။ မြန်မာနိင်ငံသမိုင်းနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက် ပြောထားတာပါ။ ပါဋ္ဋိလို တရုတ်ကို သူပုန်တဲ့ ။ :)





Wednesday, June 10, 2009


ကမ္ဘာကြီး တခုလုံး၏ အလှပဆုံး နေရာ တစ်ရာပါ။ အင်တာနက်ခေတ်ကြောင့် ဆိုးကျိုး တွေရှိနိင်သလို ၊ ယခုလို ကောင်းကျိုးအဖြစ် ငွေမကုန် လူမပင်ပန်းပဲ ဗဟုသုတအနေဖြင့် စာဖတ်သူလည်း ကြည့်ရှု့နိင်ပါပြီ။ ကမ္ဘာတခုလုံး အလှပဆုံးနေရာတွေမှာ မြန်မာက ပုဂံက အဆင့် ၁၈ ချိတ်ပြီး ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ကတော့ အဆင့် ၈၅ ချိတ်ပါတယ်။ ပုံတွေ အကုန်တင်ပေးချင်ပေမယ့် ၁၀၀ လုံးမဖြစ်နိင်တာကြောင့် အမြည်းသဘောမျိုးနဲ့ ၄ ပုံလောက်ပဲ တင်ပေးလိုက်တာပါ။ ကိုယ်တိုင် သွားလေ့လာချင်တယ်ဆိုရင်တော့ ဒီကို သွားပါ။ ၄င်းဆိုက်ဒ်တွင် ပုံများကို ကြည်တောက်ရှင်း အကြီးကြည့်ရှုနိင်ပါသည်။

ဒီပုံက - ၁

ဒီပုံက - ၁၈

ဒီပုံက - ၈၅

ဒီပုံက - ၉၉



Tuesday, June 9, 2009

Miss USA - 2009

မနေ့က သူငယ်ချင်း တစ်ယောက်ပေးလို့ Miss 2009 USA ကို ကြည့်မိလိုက်ပါတယ်။ ၅၁ ပြည်နယ်သော ပြည်နယ် အသီးသီးမှ မယ်တွေကို တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီးတော့ စတင်ယှဉ်ပြိုင်ခိုင်းတာပေါ့။ ထွက်လာလိုက်တာ ကျွတ်ကျွတ်အိတ်ရှိရင် အပေါက်ဝကနေ အကုန်မောင်းသွင်းပြီး သိမ်းထားလိုက်ချင်တယ်။ ပွဲကဖြင့် မစရသေးဘူး သူကလည်း ကြေငြာလေးတွေ ၀င်တော့တာပဲ။ ဒီပွဲကိုပေါ့နော် ကျနော်တို့ ဘယ်က စပွန်ဆာပေးပါတယ်။ သောက်ကြည့်ပါ ၊ မူးမေ့သွားမယ် ၊ အဲဒီလို မျိုးလေးတွေ ခဏခဏပြောပြီးတော့ ပွဲကို တခါပြန်စ...နဲ့ ရှုပ်နေတာပါပဲ။ ကြည့်ကောင်းခြင်း မကြည့်ရ ။



လာပါပြီ..... စတင်လို့ လာပါပြီ။ ပြည်နယ်တခုချင်းစီ မိတ်ဆက်ပေး အပြီးမှာတော့ သူတို့ကလေးတွေ စတင် လှမ်းလျှောက်လို့ လာပါပြီ။ မြန်မာမှာ ကုက္ကိုင်းအလှမယ်တုန်းကလို “ တမီးကတော့ ဘယ်ဒူယေးပါ ၊ ဘယ်ပြည်နယ်မှာ နေပါတယ် ၊ အတက်ကတော့ ဘယ်ယောက်ရှိပါဘီ ၊ မင်္ဂလာပါရှင့်....” ဆိုပြီး မိတ်ဆက်ကြပါတယ်။ ဒါနဲ့ ကျနော်လည်း မဖြစ်ချေဘူး။ ဘယ်သူရမယ်ဆိုတာ မသိတော့ စိတ်ထဲကနေ “ ငါလည်း ၁ ယောက်တော့ ရွေးမှ ဆိုပြီး ဖြစ်နိင်မယ်ထင်တာလေး ၁ ယောက်လောက် ကောက်ရွေးထားလိုက်တယ် ” ။


စတင်ရပ်နေကြပါပြီ။ ခဏနေတော့ ဟိုလမ်းသလား ၊ ဒီလမ်းသလားပြီး ၅၁ ယောက်ထဲကနေ ၁၅ ယောက်ကို ရွေးသွားပါတယ်။ ကြည့်စမ်းပါဦး ကျန်တဲ့ ၃၅ ယောက်ကတော့ လက်ခုပ်လေးတွေ တီးပြီး “ ငါ့တို့လည်း မပါတော့ဘူး ဆိုပြီး စိတ်ထဲကနေ မနာလို ဖြစ်ပေမယ့် ၊ အပြင်မှာတော့ ရီပြနေကြရတယ် ” အော် ဟန်ဆောင်တာ ဟန်ဆောင်တာ။


ခဏနေတော့ အဲဒီ ၁၅ ယောက်ထဲကနေ ၅ ယောက်ကို ဖယ်ပြီး နောက်ထပ် ၁၀ ယောက်ရွေးသွားပါတယ်။ ကျနော်ရွေးထားတဲ့ ၁ ယောက်ကတော့ ပါနေတုန်းပဲ။ သူတို့ကတော့ ဘာတွေကြည့်ပြီး ရွေးလဲ မသိပါဘူး။ ကျနော်လည်း ဘာတွေကြည့်ပြီး အားပေးတယ်လို့တော့ မမေးပါနဲ့။ :D



အားပေးတာ..အားပေးတာ Utah ပြည်နယ်ကဆိုလား

ဒါနဲ့ ဟိုလိုရွေး ၊ ဒီလိုရွေး မေးခွန်းတွေ ဖြေ ၊ တခြားပတ်သက်ရာ ပတ်သက်ကြောင်းတွေ ပြပြီးတော့ ၁၀ ယောက်ကနေ ၅ ယောက်ကို ထပ်ရွေးပါတယ်။ Utah ၊ Arizona ၊ Kentucky ၊ California ၊ North Carolina တို့က မယ်တွေပဲ ကျန်တော့တယ်။ အဲဒီနောက်ပိုင်း မေးခွန်းတွေ မေးတာပေါ့။

မေးသူ - “ ညီမငေးရဲ့ ဘ၀မှာ ဘာအရာဟာ အပျော်ရွှင်ဆုံးလဲ ”

ဖြေဆိုသူ - “ ဟုတ်ကဲ့ ထမင်းစားပြီးရင် ရေသောက်ရတာ အပျော်ဆုံးပါ ”

အဲဒီလို မေးခွန်းလေးတွေ ဖြေဆိုပြီးတဲ့ နောက်ပိုင်းမှာတော့......၂၀၀၉ အမေရိကန်ပြည်ထောင်စုရဲ့ မယ်ကို ၅ ယောက်မြောက်ထဲက ရွေးချယ်သွားပါတယ်။ ဘယ်သူရတယ်ဆိုတာတော့ ရှာကြည့်ပေတော့။ မပြောပြတော့ဘူး။

ဒီပွဲမှာ အမြူးဆုံးနောက်ခံ ဂီတဖျော်ဖြေတဲ့ အဖွဲ့တွေထဲမှာ Untouched သီဆိုသွားတဲ့ အောက်ပါ The Veronicas နှစ်ယောက်ကတော့ ရှယ်ပါပဲ။ သီချင်းလေးကလည်း ခပ်မြူးမြူးလေး။ ဆိုပုံဆိုနည်းကလည်း ရှတတလိုလို ဘာလိုလိုနဲ့။ Rap တွေလိုပဲ ဆက်တိုက်ဆိုသွားတာပါ။ သူတို့နှစ်ယောက် ပုံစံနဲ့လည်း လိုက်ပါတယ်။ ကျနော်ကတော့ အားတိုင်းဖွင့်နေတာပဲ။

အဲဒီနောက်ခံ သီချင်းလေး လိုချင်နေလျှင်ဖြင့် Mediafre နဲ့ တင်ပေးလိုက်ပါတယ်။ စာသား အမြည်းလေးကတော့

I can't
La, la, la, la, la, la
I wanna wanna wanna get get get what I want
Don't stop
Give me give me give me what you got got
Cause I can't wait wait wait any more more more more
Don't even talk about the consequence
Cause right now you're the only thing that's making any sense to me
And I don't give a damn what they say, or what they think think
Cause you're the only one who's on my mind
I'll never ever let you leave... me
I'll try to stop time for ever, never wanna hear you say goodbye (bye bye bye)



Download

http://rapidshare.com/files/223510094/Miss.USA.2009.HDTV.XviD.FQM.part1.rar
http://rapidshare.com/files/223509600/Miss.USA.2009.HDTV.XviD.FQM.part2.rar
http://rapidshare.com/files/223510084/Miss.USA.2009.HDTV.XviD.FQM.part3.rar
http://rapidshare.com/files/223509982/Miss.USA.2009.HDTV.XviD.FQM.part4.rar
http://rapidshare.com/files/223510051/Miss.USA.2009.HDTV.XviD.FQM.part5.rar
http://rapidshare.com/files/223509766/Miss.USA.2009.HDTV.XviD.FQM.part6.rar
http://rapidshare.com/files/223510390/Miss.USA.2009.HDTV.XviD.FQM.part7.rar
http://rapidshare.com/files/223509498/Miss.USA.2009.HDTV.XviD.FQM.part8.rar




Monday, June 8, 2009


တခါတုန်းက ကျနော် သင်တန်းတက်နေတုန်း သင်တန်းနည်းပြ ဆရာ တစ်ဦးက သူ့ပုံတွေကို ကျနော်တို့ကို ထုတ်ပြတယ်။ ဒါ ငါ ငယ်ငယ်တုန်းကတည်းကနေ အခုအသက်အရွယ် ( ၅၀ နှစ်ကျော် ) ထိ စုထားတာတဲ့။ ပုံတွေက ဟိုးငယ်ငယ်ကလေး ဘ၀ကနေ သူဖြက်သန်းခဲ့တဲ့ အသက်အရွယ်အလိုက် ၁ နှစ်သားအရွယ်ကနေ သူ့အခုအသက်အထိ နှစ်အလိုက် မဟုတ်တောင် ၂ နှစ်ခြားတခါ ( ၀ါ ) ၅ နှစ်ခြားတခါ သူ့ပုံလေးတွေကို ယှဉ်ကပ်ထားတာပါ။ အဲဒီလို စိတ်ကူးကောင်းလေးကို ကျနော်လည်း သဘောကျမိပါတယ်။

သူ့ပုံတွေကိုကြည့်ပြီး ကိုယ်ငယ်ငယ်တုန်းက ဘယ်လိုရုပ် ၊ ကြီးလာတော့ ဘယ်လိုရုပ်နဲ့ ပြန်ကြည့်မိတိုင်း စိတ်ထဲမှာ ပျော်ရတယ်ကွတဲ့။ ကျနော်လည်း အိမ်က ကျန်ခဲ့တဲ့ စာအုပ်လေးထဲမှာ ငယ်တုန်းက ပုံလေးတွေ ဖြက်ညှပ်ကပ်တောင် ပြန်လုပ်ထားခဲ့တယ်။ အခုတော့ ပါမလာတော့ပါဘူး။ ပြန်မှပဲ ထပ်ကပ်ရတော့မယ်။ ဘောလုံးသမားပုံတွေကိုလည်း တွေ့မိလို့ ပြန်သတိရပြီး ဒီပို့စ်လေး တင်လိုက်မိတာ။ စာဖတ်သူလည်း ကျနော့်စိတ်ကူးလေးကို သတိရရင် ဖြက်ညှပ်ကပ်လုပ်ပြီး စုထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရနဲ့ ပျော်စရာဖြစ်ရတယ်။


ကျနော့်အကြိုက်ဆုံး တိုက်စစ်မှုးကြီး ( ရိုနယ်လ်ဒို - ကိုရီသီယန် )


ရော်နယ်လ်ဒင်ဟို ( အေစီမီလန် )



မိုက်ကယ်အိုဝင် ( နယူးကာဆယ် )


ဇီဒန်း ( ရီးရဲလ် - အနားယူ )



မာလ်ဒီနီ ( အေစီမီလန် - အနားယူ )



ကားဆီးလက်စ် ( ရီးရဲလ် )



အိုဝင်ဟားဂရေ့ဗ် ( မန်ချက်စတာ ယူနိက်တက် )


တော့တီ ( ရိုးမား )


ဖာဘရီဂက်စ် ( အာစင်နယ် )


ဒေးဗစ် ဘက်ခမ်း ( အေစီမီလန် )


မက်ဆီ ( ဘာစီလိုနာ )


ဖာနန်ဒို တောရက်စ် ( လီဗာပူးလ် )


အွန်နရီ ( ဘာစီလိုနာ )



ရော်နယ်လ်ဒို ( မန်ချက်စတာယူနိက်တက် )


ရာအူး ( ရီးရဲလ်မက်ဒရစ် )


ဒယ်လ်ပီယာရို ( ဂျူဗင်တပ်စ် )


ဟာနန်ခရက်စပို ( ဂျီနိအာ )


ပီတာဆက်ခ်ျ ( ချဲလ်ဆီး )


ဒေကို ( ချဲလ်ဆီး )


ဖရန့်ခ်လမ်းပတ် ( ချဲလ်ဆီး ) - yes.....My Franky !!!!!!!!!


ဟီး.....ပုံတူဝင်ထုတာ ( မြန်မာ )

Sunday, June 7, 2009



ငါလည်း ထမင်းစားတာပါပဲ
မင်းတို့လို့ ထုနဲ့ထည်နဲ့ ထားစရာ မာနမရှိပေမယ့်
မီးခြစ်ဆံခေါင်းလောက် မာနလေးကို
ဘယ်သူမှ မမြင်အောင် ဖွတ်ထားတာ

လျှောက်ခဲ့ရတဲ့ လမ်းမှာ
အားလုံးကို နားလည်ပေးခဲ့တာကြောင့်
မီးခြစ်ဆံခေါင်းမာနလေးကို ဘယ်တော့မှ ထုတ်မသုံးဖြစ်ခဲ့ဘူး

“ အော်...နာမှ နာတက်ပါ့မလားလို့တဲ့ ”
တချိန်တုန်းက...မင်းင့ါကို အဲဒီလိုပြောဖူးတယ်
မင်းကတော့...ဘာရယ်မဟုတ်
ချစ်လွန်းလို့ ပြောလိုက်တာ....နေမှာပါလို့
( ငါ့စိတ်ထဲ ) အမှတ်မထားခဲ့ဘူး

င့ါမာနတွေကလည်း မင်းရှေ့ရောက်ရင်
ကျောက်စက်ရေတွေလိုပဲ တစ်စက်ချင်း တစ်စက်ချင်း
................အေးစက်
မနက်စောစော နေရောင်လာလို့ ဖယ်ရှားပေးလိုက်ရတဲ့
မြူနှင်းတွေလို့....ပျောက်ဆုံးလို့

မင်းသတင်းတွေ ၊ မင်းအကြောင်းတွေ
တွေးမိရုံနဲ့တင် စိတ်က အလိုလို
ပျော့ညံသွားတက်တာ...ဘာနဲ့မှ ဖြေမရခဲ့ဘူး

င့ါရင်ဘတ်ထဲမှာ မင်းကိုချစ်တဲ့ စိတ်တွေရှိနေသ၍လည်း
ငါဘယ်တော့ မသည်းမကွဲဘူး
( မင်းင့ါကို ချစ်တာ ၊ မချစ်တာတော့ တကဏ္ဍပေါ့လေ )
ဒီလိုပဲ ငါခံယူတယ်

ငါ့ရဲ့ မီးခြစ်ဆံခေါင်းမာနလေးကို
ဒီတသက် မင်းအပေါ် ထုတ်သုံးခွင့် ထာဝရပိတ်ပင်လိုက်ပါတယ်
ဘာလဲဆိုတော့
မီးခြစ်ဆံခေါင်းတော့ မီးခြစ်ဆံခေါင်းပဲ
အဲဒီမာနက အရင်ကတည်းက ယူရေနီယမ်တွေနဲ့
ဖွဲ့တည်ထားတာ

မီးခြစ်ဆံခေါင်လေး ပေါက်သွားရင်
မင်းကိုလည်း ငါမသိတော့ဘူး...ငါ့ကိုငါလည်း မသိတော့ဘူး
ငါ့ကိုငါ မသိတော့မှာထက်..မင်းကို ချစ်ခွင့်မရတော့မှာကို မသိတာ
ငါကြောက်နေခဲ့လို့ပါ.......




Saturday, June 6, 2009



မလိမ်မာလို့ ကဗျာရေးပါတယ်
အမှတ်မရှိလို့လည်း ကဗျာရေးတယ်
အမှန်တရားအတွက် ကဗျာရေးတယ်
မျိုသိပ်မရတဲ့ အတွက် ကဗျာရေးတယ်

ကဗျာရေးမိတယ်....
ကာရံညီအောင် မသုံးတက်လည်း ကဗျာရေးတယ်
စကားလုံး သုံးစွဲမှု ဆင်းရဲလည်း ကဗျာရေးတယ်
လမ်းမပေါ်က အထီးကျန်နီယွန်မီးတွေအတွက် ကဗျာရေးတယ်
ဘယ်ဘက်ရင်အုံအောက်က သစ္စာတရားအတွက် ကဗျာရေးတယ်

ကဗျာတွေ ရေးပါတယ်
ရေးတိုင်းလည်း.....သတ်ပုံတွေက မှားဆဲ
ဘ၀တွေကလည်း ခါးဆဲ

.....ကြာလာတော့
ကဗျာတပုဒ် ရေးပြီးတိုင်း
ဆေးခါးကြီး တခွက်ကို အပြီးမော့ချလိုက်ရသလို
ပျို့တက်ချင်လာတဲ့ စိတ်ကို
အိပ်ရာထဲ ခေါင်းထိုးပြီး ဖျောက်ပစ်တက်ခဲ့

တွေ့ကရာ ခံစားမှုကို ဘော်တယ်ကုလားလို
အကုန်ဝယ်ထည့်တော့
အနာကြီး ရောဂါသည်တွေလို
ရင်ဘတ်ထဲမှာ သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ ၊
အကင်းမသေသေးတဲ့ အမာရွက်တွေနဲ့ ပြည့်လို့

ဒါပေမယ့်
( ဘယ်သူမှ မသိကြပါဘူး.....
ကဗျာဆရာတွေရဲ့ သစ္စာကြီးမားမှုအကြောင်း )



Friday, June 5, 2009




မင်း မရှိရင်
ငါ့ အတွက်၊ ဘာမှ မရှိတော့ဘူး
အမောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ
မင်းသာ...ငါ့ရဲ့ အသက်ရှုရာ

ကြမ်းတမ်းခဲ့တဲ့
ခက်ထန်စရာ ရာသီဆိုးထဲမှာ
မင်းသာ...င့ါရဲ့ လဲလျောင်းရာ

လှိုင်းထန်ခဲ့တဲ့
ထိတ်လန့်စရာ မုန်တိုင်းများကြားမှာ
မင်းသာ...ငါ့ရဲ့ ကယ်တင်ရာ

မွန်းကျပ်ခဲ့တဲ့
ရင်နင့်စရာ နေ့ညများစွာမှာ
မင်းသာ...ငါ့ရဲ့ ရင်ဖွင့်ရာ

မင်း မရှိရင် .. အသက်ရှုမ၀ဘူး
မင်း မရှိရင် .. လဲလျောင်းရာ နေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်း မရှိရင် .. စကားပြောဖော် မရှိဘူး
မင်း မရှိရင် .....

ငါ့မှာ.....ဘာမှ မရှိတော့ဘူး

( မောင်လှမျိုး )

Thursday, June 4, 2009





ခြေကျင်းလေး တစ်ခုပါ
မြင်ကတည်းက သတိထားခဲ့မိတဲ့
ခြေကျင်းလေး တခု.....
သူမရဲ့ ဘယ်ဘက်ခြေကျင်းဝတ်လေးနားမှာ
အမြဲတမ်း နေရာယူထားတယ်

ရွှေကြိုးပါးပါး မြှင်မြှင်လေးတွေနဲ့
အသည်းပုံတွယ်ချိတ်လေးတွေလား ၊ ဆွဲသီးသေးသေးလေးတွေလား
အဲဒီ ခြေကျင်းလေးမှာ ကပိုကရိုနဲ့

ခြေကျင်းလေးလား...လှပါတယ်
အထူးသဖြင့်...သူမခြေထောက်တွေနဲ့
ခြေကျင်းလေးက သိပ်လိုက်ဖက်တယ်

နားမဆင်ဘူးပေမယ့်
သူမလမ်းလျှောက်တဲ့အခါ...ခြေကျင်းခတ်သံလေးက တချွင်ချွင်နဲ့
ရင်ထဲမှာ မြည်လို့

အခုတော့
စတွေ့ကတည်းက ဘယ်ဘက်မှာ အမြဲနေရာယူတက်တဲ့
ခြေကျင်းလေးကို....ညာဘက်ကို ပြောင်းလဲပြီး
သူမ ၀တ်ဆင်သွားခဲ့ပြီ
ဘယ်တော့မှ မမေ့ပါဘူး......ဘယ်တော့မှလည်း မေ့မရခဲ့ဘူး


ခြေကျင်းလေးရယ်....
သခင့်ရင်အလိုကျအတိုင်းပေါ့

သူမ ပျော်ရွှင်နေဖို့ပဲ အရေးကြီးပါတယ်
စိတ်ပါတဲ့အခါ တပ်ထားလိုက် ၊ စိတ်မပါတဲ့ အခါ ဖြုတ်ထားလိုက်နဲ့
ဘယ်ကနေ ညာကိုပြောင်း ၊ ညာကနေ ဘယ်ကိုပြောင်းနဲ့
ငါတို့ဘ၀တွေက အသုံးတော်ခံပစ္စည်းမျှသာ....


Wednesday, June 3, 2009


ဟန်ဆောင်တက်တဲ့
လူယဉ်ကျေးတွေကို ......မုန်းတယ်

အကူအညီပေးသလိုလိုနဲ့
အခွင့်အရေး ယူတက်တဲ့ လူတန်းစားတွေကို....မုန်းတယ်

ကိုယ်ဘက်ပဲ ကိုယ်ယက်တဲ့
လိပ်လို လူစားတန်းတွေကို....မုန်းတယ်

စည်းစိမ်ယစ်မှုး...ပါဝါမြူးနေတဲ့
လူတန်းစားတွေကိုလည်း.....မုန်းတယ်

မညီမျှတဲ့ လောကမှာ
လူဖြစ်လာရတာကိုလည်း......မုန်းတယ်

သစ္စာတရားကို တန်ဖိုးထားသလိုနဲ့
မုသားနဲ့ ရောထားတဲ့ အရာအားလုံးကိုလည်း....မုန်းတယ်

ဘ၀ပေး အခြေအနေရ
လုပ်ဖြစ်သွားတာပါဆိုတဲ့....သူတွေကိုလည်း မုန်းတယ်

နောက်ဆုံး......
မတူညီမှုတွေ ပေါများမှန်းသိပေမယ့်
အတင်း လိုက်ညှိတက်တဲ့....ကျနော့်စိတ်ကိုလည်း
ကျနော်......မုန်းတယ်



( မုန်းတယ် * ယောင်္ကျားကြီး တန်မဲ့ စာရေးတာ မုန်းတယ်လို့ ထည့်ရွတ်မိတော့
စိတ်ထဲတော့ ဘ၀င်မကျမိပါဘူး။ မုန်းတယ် * မဟုတ်ဘဲ သတ်ချင်တယ် * ဆိုရင်တော့
း) ပိုဆိုးကုန်မှာဆိုးလို့ပါ )


Tuesday, June 2, 2009



အခုတလော နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ ဘာရယ်လို့တော့ မဟုတ်ဘူး။ ဂစ်တာသံ တချက်ချင်း ခက်သွားတာလေးနဲ့ ဇော်ဝင်းထွဋ္ဋ်အသံ အက်ရှရှလေးကိုက လိုက်ဖက်သွားတာကြောင့် ဘယ်သူတွေများ နားထောင်ချင်မလဲ ဆိုပြီး တင်လိုက်တာပါ။


ကလေးလေး တစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ
လောက လမ်းမများ စမ်းတ၀ါးဝါးဝဲလည်
အိမ်မက်တို့ ရှည်လျား မောပန်းလို့ နွမ်းနွယ်
ခရီးတော့ မဆုံးခင်အထိ ငါဟာ.......မှားယွင်းရဦးမယ်

ဆုံးဖြက်ချက်တွေနဲ့ ယုံကြည်ခိုင်မာဆဲ
ငါ့အတွက် နားခိုမယ့် အရူးအမူးတမ်းတဆဲ
အေးချမ်းတဲ့ အိမ်လေး တစ်နေ့တော့ တွေ့ရမယ်
အလင်းတန်း မရောက်ခင်အထိ ငါဟာ.......မှားယွင်းရဦးမယ်

( မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အဝေးဆုံးသော အချိန်အထိ ငါဟာ...မှားယွင်းရဦးမယ်

မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ခရီးလမ်း မဆုံးခင်အထိ ငါဟာ...မှားယွင်းရဦးမယ်

မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အလင်းတန်း မရောက်ခင်အထိ ငါဟာ...မှားယွင်းရဦးမယ် )


( Download )