Thursday, January 22, 2009


ကျွန်တော့် လူရယ်လို့ စဖြစ်ခဲ့တဲ့ အူဝဲဆိုတဲ့ ဘ၀ကနေ ယခုအရွယ်ထိ ဘ၀တလျှောက် အဖေက လက်ဆောင်တွေ အ၀တ်အစားတွေ ၀ယ်ပေးခဲ့ဘူးတယ်။ မီးရထားစက်ခေါင်း ကော်ရထားလေးကနေ ဆွဲကြိုး ၊ လက်စွပ်ထိ။ ဒါပေမယ့် သူ့လက်ထဲမှာတော့ နာရီတလုံးပဲ ရှိခဲ့တယ်။


အဖေက သူ့ဘ၀မှာ အတန်းပညာ ဘွဲ့ရအောင် မသင်ခဲ့ဘူးပေမယ့် မိသားစုတစ်စုကို ရှာဖွေကျွေးမွေးနိင်တဲ့ အတက်ပညာတစ်ခုတော့ သူမှာ တက်မြောက်ထားခဲ့တယ်။ ဒီပညာနဲ့ပဲ ကျွန်တော် ငယ်ငယ်တုန်းကနေ အခုအချိန်ထိ ကျွန်တော့်တို့အတွက် အရုပ်ပေါင်းများစွာ ၊ အ၀တ်အထည်ပေါင်းများစွာ ငြိုငြင်ခြင်း မရှိဘဲ ၀ယ်ပေးခဲ့တယ်။ ဘယ်သားသမီးက ဘာလိုချင်သလဲ ၊ သီတင်းကျွတ်မှာ သူများ သားသမီးတွေ ( ငွေကြေးတက်နိင်သူတွေ )က အင်္ကျီ အ၀တ်အစား အသစ်တွေ ၀တ်လို့ လိုချင်တယ်ဆိုရင်ဖြင့် ဘယ်ကဘယ်လို ရှာလာမှန်း မသိတဲ့ ပိုက်ဆံတွေနဲ့ ချုပ်ပေးတော့တာပါပဲ။ တကယ်တော့ အဖေက လခစားဝန်ထမ်းတစ်ယောက်ပါ။ လခထုတ်ချိန်က လွဲလို့ သူ့မှာ ဘာအပိုဝင်ငွေမှ မရှိခဲ့ဘူး။ သူတက်သလောက် ပညာလေးနဲ့ စနေ ၊ တနင်္ဂနွေ ရေစုပ်စက်တွေ ၊ မီးစက်တွေ လိုက်ပြီး ပြင်ပေးရင်း အပိုဝင်ငွေ ရှာခဲ့တယ်။ တခါတလေ သံတိုသံစ ၊ စက်ရုံက သုံးလို့မရတဲ့ စက်ပစ္စည်း တပတ်နွမ်းတွေကို ကျွန်တော်နဲ့အတူ သွားရောင်းနေကြ။

အချိန်ကာလတွေဟာ နွေမိုးဆောင်း သုံးရာသီကြားထဲမှာ ပြောင်းလဲသွားသလို ကျွန်တော်လည်း တဖြည်းဖြည်း လူလားမြှောက်ခဲ့တာပေါ့။ ဟိုအရင်ကလေးဘ၀က မပတ်ခဲ့ရဘူးတဲ့ နာရီတွေ ၊ ခဏခဏ ဘောလုံး စီးကန်လွန်းလို့ ရာဘာဖိနပ်နေရာမှာ ကတ္တီပါ ဖိနပ်လေးတွေ ပြောင်းလဲ ခဲ့ရပေမယ့် အဖေ့လက်မှာတော့ စီကို နာရီလေးက မပြောင်းလဲခဲ့ပါဘူး။ တခါတလေ သူ့နာရီလေးကို သူလှုပ်ကြည့်မယ်။ တခါတလေ ကြည့်မြင်တိုင် ညဈေးဘက်ရောက်ရင် နာရီဆိုင်မှာ ကြိုးလဲဖို့ သူသွားကြည့်မယ်။



အဖေ့နာရီက တော်တော်ဟောင်းနေခဲ့ပြီ....အဖေ ။ အသစ်ကောင်းကောင်းလေး ၀ယ်ပတ်ပါလားလို့ ၁၀ တန်းအရွယ်လောက် တုန်းက ကျွန်တော် ပြောမိသေးတယ်။ ဒီနာရီက ကောင်းပါတယ်ကွ။ သူက အော်တိုသွားတာ။ သံပတ်နဲ့ပေါ့တဲ့။ အဖေ့နာရီက လက်လှုပ်တဲ့ အချိန်တလျှောက်လုံးး သံပတ်ပေးထားသလို ဖြစ်နေတာပေါ့လို့ ဆိုပြီး သူ့နာရီ အတွက် ဂုဏ်ယူခဲ့သေးတယ်။ ကျွန်တော် သင်တန်းစတက်တော့ ရိုးရိုးသာမန် ကက်စီအို နာရီလေးကနေ စတော့ဝှက်ခ်ျတွေ ၊ မီးအလင်းတွေပါတဲ့ ရေစိမ်ခံနာရီလေးကို ၀ယ်ခိုင်းခဲ့သေးတယ်။

ကျွန်တော်သင်တန်းဆင်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ၊ ငွေကြေးတွေ များစွာ ကုန်ခဲ့ပေမယ့် ရလာတဲ့ ငွေကြေးတွေကို အဖေက သူ့နာရီလေး အသစ်ပတ်နိင်ဖိုက ဘယ်တော့မှ ထုတ်မသုံးခဲ့ဘူး။ သင်တန်းဆင်းပွဲကို အဖေလာတော့ သတိတရနဲ့ အဖေ့နာရီလေးကို ကြည့်မိတယ်။ ဟော..အဖေ အဖေ့နာရီ အပေါ်ထောင့်လေးမှာ မှန်လေးအတ်နေတာပါလား ဆိုတော့။

“ အေးကွ...ဒီကိုမလာခင် ဟိုတနေ့က ပစ္စည်းသယ်ရင်း ထိမိသွားတာ တဲ့ ”


အဲဒီနာရီ မှန်အတ်လေးကိုပဲ အဖေ့မှာ ကျွန်တော် ငယ်ငယ်တုန်းကနေ ယနေ့အချိန်အထိ ၀တ်လာလိုက်တာ အခုဆို ဒီနာရီလေး ရှိသေးရင် တော်တော်ကြာပြီပေါ့။ မှတ်မှတ်ရရ ကျွန်တော် ဒီကိုလာခါနီးမှာပဲ အဖေ့နာရီလေးဟာ ဘယ်လိုမှ ပြင်လို့မရတော့ဘဲ ရပ်သွားခဲ့တယ်။ ဒီနောက်ပိုင်း အဖေ့မှာ ဘယ်နာရီမှ ၀တ်တာ မတွေ့ခဲ့ရတော့ပါဘူး။ နာရီဆို အကောင်းကြိုက်တက်တဲ့ အဖေဟာ သားသမီးတွေ လိုအပ်ချက် ၊ အိမ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရင်း သူလိုချင်တဲ့ နာရီကို ဘယ်တော့မှ မ၀တ်ခဲ့ရဘူး။ မိသားစုအတွက် ဆန္ဒတွေကို သူ့ဆန္ဒနဲ့ လဲလှယ်ရင်း နေခဲ့ရတာ။

ကျွန်တော်လည်း လူလားမြောက်လို့ ကိုယ်ပိုင်လခတွေလည်း ရလာခဲ့ပါပြီ။ ကိုယ်လိုချင်တာကို ၀ယ်တုန်း ။ ကိုယ်ဝတ်ချင်တာကို ရအောင် ကြိုးစားပြီး ယူတုန်း။ ဘောင်းဘီအဆန်းလား ၊ နာရီအသစ်လား ၊ ဖိနပ်က ဘာရောင်လဲ ။ ဈေးဘယ်လောက် ရှိသလဲ ။ ရတဲ့ လခနဲ့ မလောက်ရင် သူငယ်ချင်းဆီက ချေးငှားပြီး စုဝယ်နေကြ။ ကျွန်တော် လက်ထဲမှာ ထိမိခိုက်မိလို့ ၊ ဘောလုံးကန်ရင်း ၀တ်ကန်လို့ နာရီတွေ အမျိုးမျိုးသာ ပြောင်းလဲခဲ့တယ်။ အဖေ့လက်ထဲမှာတော့ ဟင်းလင်းပြင်ပါပဲ။

ဘ၀တလျှောက်လုံး ကျွန်တော့်တို့ လိုချင်တာကို ၀ယ်ပေးခဲ့တဲ့ အဖေရယ်လေ။ သူကတော့ သူ့ဆန္ဒတွေကို ရင်မှာမျိုသိပ်လို့ အ၀တ်အစား မပြောနဲ့ နာရီလေး တလုံးတောင် မပတ်ခဲ့ဘူး။ သူမပတ်ချင်တော့တာလား။ သူ့မှာ ပိုက်ဆံမရှိသေးလို့လား။ တကယ်ဆို ဘ၀တလျှောက်လုံးမှာ အဖေ့အတွက် အမှတ်တရ ဒီအသက်အရွယ်ထိ ကျွန်တော် ဘာလက်ဆောင်မှ မပေးခဲ့ရသေးပါဘူး။ ကျွန်တော် လိုချင်တာတွေကိုပဲ တောင်းတက်ခဲ့တာ။ သူလိုချင်တာတွေ ကျွန်တော် မမေးခဲ့ဘူး။

ကျွန်တော့် စဉ်းစားကြည့်တယ်။ တကယ်လို့များ အဖေ တခုခုများ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေး ကျွန်တော့်ခေါင်းထဲကို ၀င်ရောက်လာခဲ့တဲ့ အချိန်မှာ ကျွန်တော် တုန်လှုပ်သွားမိတယ်။ ကိုယ့်အတွက်သာ သုံးဖြုန်းခဲ့တဲ့ ကျွန်တော် အဖေ့အတွက် ဘ၀မှာ ဘာလက်ဆောင်များ ပေးခဲ့ဘူးသလဲ။ အရင်တုန်းကတော့ ကျွန်တော် ငယ်ရွယ်သေးလို့ ပိုက်ဆံမရှာနိင်တဲ့ အခြေအနေမို့လို့။ အခုတော့ရော။ အခုတော့ ကိုယ်ပိုင် ၀င်ငွေရလာခဲ့ပေမယ့် လက်ဆောင်ကတော့ ၀ယ်မပေးခဲ့နိင်သေးဘူး။

အထူးသဖြင့် အဖေ့အတွက် သူလိုချင်တဲ့ နာရီလေးတစ်လုံးကို ကျွန်တော်လခလေးနဲ့ ၀ယ်ပေးလိုက်မယ် ၀ယ်ပေးတဲ့ အချိန်မှာမှ အဖေတခုခု ဖြစ်သွားခဲ့ရင် ကျွန်တော် ဒီနာရီကို ဘယ်သူ့ကို ပေးရတော့မှာလဲ။ ( ဒီနေရာမှာ အဖေမရှိတော့တဲ့ သူတွေကို ကျွန်တော် အရမ်းကိုယ်ချင်း စာပါတယ်လို့ ပြောချင်ပါတယ် )။ ဒီနာရီလေး တလုံးနဲ့ အဖေ့ကို ကျေးဇူးဆပ်တာ မလုံလောက်မှန်း သိပေမယ့် အဖေအတွက် နာရီအကောင်းစားလေး တစ်လုံးလောက် လက်ဆောင်ပေးဖို့ အခုအချိန်က စပြီး ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တော့တယ်။ အဖေ၀တ်ပါစေ။ သူဟာ အသက်အရွယ်ကြီးရင့်လို့ သေဆုံးသွားသည့် တိုင်အောင် သူ့ဘ၀မှာ အဖိုးတန် နာရီတလုံးကို သူမွေးထားတဲ့ သားက တန်ဖိုးထား လက်ဆောင်ပေးလို့ ၀တ်ဆင်ခဲ့ရတယ် ဆိုတာ သူမှတ်ယူသွားရင် ဒါဟာ ကျွန်တော့်အတွက် ဘ၀တလျှောက်လုံး ကြည်နှုးနေရမယ့် အကြောင်းအရာတစ်ခုပါပဲ။ ကျွန်တော်ပြန်ရင် လက်ဆောင်ပေးမယ့် အဖိုးတန် နာရီလေးကို အဖေ၀တ်ရင်း သူ့သူငယ်ချင်းတွေ ကြားထဲမှာ အဖေဘယ်လောက် ဂုဏ်ယူလိုက်မလဲ။ မကြားရဘဲ သိနိင်တဲ့ စကားတွေက “ ဒီနာရီပေါ့....င့ါသား ၀ယ်ပေးထားတာလေ ” ဆိုတဲ့ အဖေ့ရဲ့ ပြုံးနေတဲ့ မျက်နှာကို မြင်ယောင်မိပါတယ်။

ကျွန်တော်ရတဲ့ လခလေးက အဖေကိုပေးချင်တဲ့ အဖိုးတန် နာရီတလုံးစာဝယ်ဖို့
အဆမတန် အင်အားနည်းပါတယ် အဖေ။ အဲဒီအဆမတန် ကိုပဲ အဆတန်အောင်
ကျွန်တော်စုပြီး အဖေ့အတွက် နာရီလေး တစ်လုံးလက်ဆောင်အဖြစ် ၀ယ်ပေးမယ်။

တကယ်ဆို အဖေက ငယ်ငယ်လေးကတည်းက သူရတဲ့ လခနည်းလေးနဲ့
ကျွန်တော့်အတွက် နာရီပေါင်းများစွာ ၀ယ်ပေးခဲ့ဘူးတာ မဟုတ်လား။


15 comments:

Anonymous said...

အို ... ကိုဆိုးသွမ်း

အခု ပိုစ့်ကလေးကို ဖတ်မိအပြီးမှာ ကျွန်တော် ကြက်သီးမွေးညင်းဖြန်းဖြန်းထ အောင်ကို ခံစားမိပါရဲ့ ။ ကျွန်တော်လည်း အဝေးရောက်သားတစ်ယောက်မို့ ကိုဆိုးသွမ်းရဲ့ ရင်ဘတ်ထဲက ခံစားမှုကို မျှဝေခံစားမိပါတယ်၊ နားလည်မိပါတယ်ဗျာ ...။ တစ်ပြိုင်နက်တည်းမှာ ကျွန်တော် ဖေဖေကိုလည်း သိပ်ကို သတိရသွားမိပါတယ်။

ဟုတ်တယ် ကိုဆိုးသွမ်း ...
အဖေတွေဟာ အဲဒီ့အတိုင်းပဲ ... သူတို့ ကိုယ်တိုင်ကသာ ကန္တရလို ခမ်းခြောက်ချင် ခမ်းခြောက်နေမယ် သားသမီးကိုတော့ အိုအေစစ်တစ်ခုလို စိုပြေစိမ်းလန်းစေချင်တယ် ... သူတို့ရဲ့ သစ်ကိုင်းတွေကသာ ခြောက်သွေ့ကောင်းခြောက်သွေ့မယ်၊ သူတို့ သားသမီးကို တော့ ရွက်နုလို စိမ်းလန်းစေချင်တယ်။ သူတို့ ဆန္ဒကို ဘယ်တော့မှ ထုတ်မပြော၊ ဖော်မပြပဲ သားသမီးရဲ့ မျက်နှာကိုပဲ အရိပ်အကဲကြည့်ပြီး လိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးတယ် ... ဒါတွေကို ကျွန်တော်တို့ မသိတတ်ခင်တုန်းက လျစ်လျူရှုမိတာကို အသာ ထားနိုင်ပေမယ့် တတ်သိ၊ နားလည်နိုင်တဲ့အခါမှာ လျစ်လျူရှုထားမိတာကတော့ မဖြစ်သင့်တဲ့ အရာတစ်ခုလို့ ကျွန်တော် နားလည်သွားမိတယ် ... ။

အခုလို နာရီလေးတစ်လုံးကနေ ပေးလိုက်တဲ့ အသိတရားလေးတစ်ခုဟာ သိပ်ကို တာသွားစေမယ့် အသိဥာဏ်တွေ အတွေးအခေါ်တွေ၊ နားလည်မှုတွေကို ကိုဆိုးသွမ်း ရင်ဘတ်ထဲ၊ ခေါင်းထဲ၊ နှလုံးသားထဲကို ထည့်သွင်းပေးလိုက်တာပါပဲ၊ ကိုဆိုးသွမ်းဖေဖေရဲ့ မေတ္တာအဟုန်ကို တန်ဖိုးထား လေးစားကြည်ညိုနေမိပါတယ်၊ အခုလို အဖေမျိုးကို ပိုင်ဆိုင်ထားတဲ့ ကိုဆိုးသွမ်းအတွက်လည်း ထပ်တူထပ်မျှ ဂုဏ်ယူနေမိပါတယ်၊ ကိုဆိုးသွမ်း ၀ယ်ပေးမယ့် နာရီလေးကို ရတဲ့အခါ ကိုဆိုးသွမ်းဖေဖေ ပြုံးနေမယ် အပြုံးကို ကျွန်တော် မြင်ချင်လိုက်တာဗျာ ... ။

မိဘမေတ္တာနဲ့ ကျေးဇူးကို အထူးသိတတ်တဲ့ သားသမီးဟာ ဘယ်အခါမှ ဆင်းရဲဒုက္ခမရောက်ပါဘူး၊ ကိုဆိုးသွမ်းရဲ့ ဖခင်အပေါ်ထားအပ်တဲ့ တုံလှယ်မေတ္တာကို လေးစားအားကျဂုဏ်ယူလျှက် .... ။

ခင်မင်မှုများစွာဖြင့် ...

Anonymous said...

ညီလည်းမနေ့ကမှ အဖေ့ကို သတိရလို့ ပို့စ်လေးတစ်ပုဒ်ရေးလိုက်သေးတယ် အစ်ကိုရေးထားလာတောက်မမှီပေမယ့် အဖေ့အတွက် ၇င်ဖွင့်ခွင့်လေးရလို့ ကြည်နူးမိတယ် ရေးထားတာ အရမ်းကောင်းတယ်ဗျို့ ကျနော်တို့ အဖြည့်ခံတွေကို မေ့ထားကြတာပဲ မေ့ဟန်ဆောင်တာ သိသိကြီးနဲ့ပေါ့ ။

မမသီရိ said...

မောင်လေးစိုးသွန်း...
ဒီနေ့ တော့..ညကအိပ်မက်ကောင်းရဲ့သား နဲ့..
Blog တွေ လိုက်ဖတ် ရတာ..ငိုချင် မိ စရာတွေ ချည်း..
ခုပဲ..မောင်လေးမျိုး ရဲ့ အဘ အကြောင်း ဖတ်ပြီး..
ကြည်နူး မျက်ရည်ဝဲ လာခဲ့ တာ...
ခု ..မင့်ဆီရောက်တော့လဲ...
အစ်မ ရဲ့ ဖေဖေ ကို မျက်စိထဲ ပြန်မြင်ယောင်လာပြီး.
လွမ်း လိုက်တာကွာ...ဖေဖေ က ဒီလောက ထဲ က အပြီး အပိုင် ထွက်ခွာ ခဲ့ ပြီ......
မောင်လေး ရဲ့ အဖေ လိုပဲ...သံပတ်နဲ့ဆီကိုနာရီလေးက
အဖေ့ရဲ့ အသဲ စွဲ ပေါ့..
တစ်သက်လုံး... ဆီကို နာရီလေး ပဲ ပတ်သွား ခဲ့ တာ...
အဖေ့ နောက်ဆုံး ကာလတွေမှာ တော့...အစ်မ က အ
ဝေးကြီး မှာ ရောက်နေခဲ့ ပြီ.....

ဟန်လင်းထွန်း said...

နှစ်ခေါက်လောက် ဖတ်သွားတယ်။ ထပ်တူထပ်မျှ ပါပဲဗျာ

Apprenticeship said...

Heart ထိတယ်ကွာ....

Lay Nhyot Shin said...

ညီလေးရေ.. အဖေ့အကြောင်းကိုဖတ်ပြီး.... အဖေ့ကို သတိရသွားတယ်....

khin oo may said...

ပြောမိရင် ငိုမိမှာစိုးလို့ မပြောပါရစေနဲ့တော့ ပိုက်ဆံ မြန်မြန်စုမိပါစေ. အရမ်းဈေးကြီးစရာ မလိုပါဘူး။ ဆီကိုလောက် ရရင် တော်ပါပြီ.။ အသက်ကြီးလာရင် ပိုတောင်နှမျောလာတတ်သေးတယ်။ ဘာဖြေစ်လို့လဲ ဆိုောတ့ ပိုက်ဆံက မဝင်တဲ့အချိန်ရောက်လာပြီမဟုတ်လား. အဲဒီတော့ အိုမီဂါ မလို တစ်ဆော့မလို.။ ဆီကိုဆိုရပါပြီ. အမြန်ဝယ်နိုင်ပါစေ။
(သတိရတယ် အဖေနဲ့ အမေ။။ ) :(

poemflower said...

ကိုဆိုးသွမ်း အတွက် မိဘကို(အဖေ) ကို ကျေးဇူးဆပ်ဖို့ အချိန်ရပါသေးတယ် အချိန်မှီသတိရတဲ့ အတွက် ကိုဆိုးသွမ်းအတွက်လည်း ကုသိုလ်ရသလို ကိုဆိုးသွမ်းအဖေလည်း မမျှော်မှန်းတတ်အောင် ကြည်နူးနေမှာပါ...

ဒေါင်းမင်း said...

အဖေကိုကျေးဇူးဆပ်လိုရပါသေးတယ်ကိုဆိုးဆိုးသွမ်း
ဒီစာလေးကအသိတရားတွေမေ့လျှော့နေတာတွေကို..ဖျက်ခနဲ့အလင်းရောင်ပေးလိုက်သလိုပါပဲ..အရမ်းကို
ကောင်းတဲ့ပို့လေးတခုပဲ..တော်တော်များများကအမေ့
အတွက်ပဲရေးကျတာများတယ်လေ။..အဖေ့အတွက်ရေးကျတာနည်းတယ်လေ...ကိုဆိုးသွမ်း
အောင်မြင်ပါစေဗျာ

Moe Hlaing Nya said...

Wednesday, May 23, 2007
အဖေ

သားသမီးတွေဟာ
ကျောက်တုံးတွေဆိုရင်
သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံး
သူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါ
ငှက်ကြောင့်
ညောင်ပင်ဟာ အသီးနဲ့ဝေးရသလို
ငွေကြောင့်
မိဘဟာ သားသမီးနဲ့ ဝေးရတယ်
ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်
နှလုံးသားဟာ တောက်ပအလင်းဖြာမြဲ
တစ်ခါတစ်ခါ
ခြောက်ကပ်ကပ်အလွမ်းနဲ့
အရပ်ရှစ်မျက်နှာရော်ရမ်းရမ်း
တစ်ခါတစ်ခါ
အထီးကျန်ခြင်းက
သွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်း
မိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာ
မေတ္တ္တာဝေစုကို တလူလူလွှင့်ခဲ့သလို
စကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီ
အပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့
ငါ့ပျက်ကွက်မှုတွေပါ တဲ့
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ။

ကိုသျှပ်(ကန့်ဘလူ)

ကိုဆိုးသွမ်းရေ ကျွန်တော်ကြိုက်တဲ့အဖေကဗျာ တစ်ပုဒ်ကို ကိုဆိုးသွမ်းအတွက်သယ်လာပေးတာ
အဖေက ကျွန်တော်တို့ကိုပေးထားတာအများကြီးပဲ
ကျွန်တော်တို့ကျတော့ အဖေအတွက်နည်းနည်းလေးတောင် ပြန်မပေးဆပ်နိုင်ဖြစ်နေမိတတ်ပါတယ် အဲဒီနာရီလေးအတွက်ပိုက်ဆံအမြန်ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ် ကိုဆိုးသွမ်း ခင်မင်လေးစားခြင်းများစွာဖြင့်

GreenGirl said...

မောင်လေးရေ... မိဘဆိုတာ သားသမီးဆီက မမျှော်လင့်တတ်ပေမယ့် သားသမီးက သိတတ်ပြီး ကန်တော့ရင်တော့ တစ်သက်လုံး တစ်ယုတယ ရွှေလိုဥထားတတ်တာ။ ပါးစပ်ဖျားကလည်း မချတော့ဖူး။ အသက်ရှိတုန်းမှာ၊ ကန်တော့ခွင့်ရှိတုန်းမှာ နောက်မကျပါစေနဲ့။ ဆန်ဒတွေ အမြန်ဆုံးပြည့်ပါစေနော်း)

Dr. Yi Yi Win said...

အဖေ့မှာလည်းအသဲနဲ့ ပါလေ။

ဆိုးသွမ်း said...

တကယ်ပဲ ပို့စ်အတွက် အားတက်သရော
ကွန်မန့်ကောင်းတွေ ရေးပေးထားခဲ့ကြတဲ့
အတွက် လှိုက်လှိုက်လှဲလှဲကို ကြည်နူးမိပါတယ်။

ပြန်ရင် ဒီစာပိုဒ်လေးနဲ့ ကွန်မန့်ကို အဖေ့ကိုပြဦးမယ်။

မီးငယ် said...

အစ်ကိုရေ...
အစ်ကို ဆန္ဒတွေအမြန်ပြည့်ဝပါစေနော်...

Unknown said...

Bro,
Buy it quickly. I can imagine how much your father will be pleased.
I also miss my father so much. He also likes the branded watch but thats were only for me and my brother. I would buy a nice one for my father too but I have to save money first :) .Thanks for good idea.