Saturday, May 31, 2008

အဲဒီ ကျွန်တော့် နတ်သမီးလေ
သူကိုယ်တိုင် ပျံသန်းနိင်ဖို့ထက်
သူများတွေ အမြင့်ရောက်ဖို့ကို အတောင်ပျံတွေ ဖြန့်ကျက်ပေးရှာခဲ့တာ

ဒါနဲ့တောင်
ကံဆိုးခြင်း အ၀တ်ထုပ်က
သူ့အပေါ် ဘုတ်ခနဲ့ ပြုတ်ပြုတ်ကျခဲ့သေးတယ်

ဖုတ်ဖက်ခါ ဖြေထုတ်ဖို့တောင်
အခွင့်အရေး မရခဲ့ပါဘူး
အန္ဒာတတို့ရဲ့ လက်အောက်မှာ သူ့ဘ၀ကို ရွံမုန်းခဲ့ရတယ်

နတ်ဘုရားတို့ရေ
င့ါနတ်သမီး ရလဒ်က ပြင်းပြလှချည်လားကွယ်
စောင်မကယ်ယူမှုမရှိ
မေတ္တာကင်းခြင်း အဆင်းနဲ့
ထုံဝေရစ်မှုးစေတဲ့ သေရည်ဗူး
အရှင်တို့ တိုက်ရက်လေတယ်

ငါကိုယ်တိုင်လည်း တငွေ့ငွေ့
လောင်လို့ပေါ့ ။ ။


Friday, May 30, 2008






မန္ကလေးမြို့ချော်ဆိပ်(သဲဆိပ်)အနီး မှာမနေ့က 28.5.08 မနက် 8 နာရီလောက်က ဧရာဝတီမြစ်ပြင် ရေအောက်က စတင် ဖေါ်ယူခဲ့တာပါ။ ညနေ 6 နာရီလောက်မှာ ဆိပ်ကမ်းကိုအောင်မြင်စွာ ရောက်ရှိခဲ့ ပြီးအနီနားရှိ ရန်မျိုးလုံ ဆုတောင်းပြည့်ဘုရား ၀င်းအတွင်းရှိ စံကျောင်းတော်သို့ ညပိုင်းမှာ ရောက်ရှိ ခဲ့ပါတယ်။

လောလောဆယ် ဘုရားနှစ်ဆူ ဖေါ်ယူရရှိပြီးပါပြီ။ တစ်ဆူက 7 ပေခန့်ရှိပြီး ၊ တစ်ဆူက 3 ပေခန့်ရှိပါတယ်။ ဘုရားများရေ ထဲတွင် ကျန်ရှိနေ သေးသည်ဟု ယူဆပြီး ဆက်လက် ရှာဖွေနေကြ တုံးပါ။ အသက်ကြီး သူများ ပြောစကားအရ လွန်ခဲ့သောနှစ်ပေါင်း 70 ခန့်ကစကျင် ဘက်မှဘုရားများပင့် လာသော ဖေါင် ဒီနေရာတွင်နှစ်မြုပ်ခဲ့ သည်ဟု ဆိုပါသည်။ ဆင်းတုတော်များ၏အချို့နေရာများတွင်သဲကိုက်ထားသော အချေအနေများ အနည်းငယ်ရှိရုံမှ အပ အပျက်အစီးမရှိသလောက် ဖြစ်ကြောင်း ကြားသိရပါသည်။

အပိုင်ကွက်

အဲလက်စ်၏ “ နှလုံးသား တစ်ထောင့်မှာ ” သီချင်းအား ရပ်ကွက်ထဲတွင် ခေတ်စားနေသော ချဲထီ ၊ နှလုံးထီ ၊ သုံးလုံးထီ အကြောင်းများအား ဖျက်ဆိုထားသော သီချင်း -

V1: ကိုယ်ဟာ နှစ်လုံးပဲထိုးနိုင်တာ အပိုင်နည်းက လွဲလို့ မချမ်းသာ မင်းအတွက် တစ်ကွက်တော့ ကိုယ်ပေးဦးမှာပါ

V2: တကယ်တမ်းတော့ နှစ်လုံးဆိုတာ တွက်နေရုံနဲ့ ပြီးမှမပြီးတာ အချိန်တန်တော့လည်း မင်းနားလည်မှာပါ . . . ။

CHO: ကုန်နေပြီမဟုတ်လား ပြောင်နေပြီ မဟုတ်လား အချိန်တန်တော့လည်း မင်း လိုနေမယ် နှစ်လုံးအကွက်များ . . .

လူတွေကခက်တယ် နှစ်လုံးကိုသိပ်ထိုးတယ် အချိန်တန်ရင်တော့ မင်းနားလည်မယ်ကွယ် . . . ။


V3: ကိုယ့်နှစ်လုံးအကွက်ထဲမှာ အပိုင်ကွက်တော့ရှိတယ် ဒါဆိုယုံနိုင်မလား ချစ်သူလေးရေ. . . ဒီအကွက်က မပေါက်ရင်

တို့ချဲဘက်လှည့်မယ် အပိုင်ချီမှာက သုံးလုံးထီပါကွယ် . . . ။


တချက်ပြုံးလျှင် တရက်အသက်ပိုရှည်မှာပါ...



Thursday, May 29, 2008

ဥယျာဉ်မှူး

အမှုထမ်း ။ အရှင့်အမှုတော်ထမ်း အကျွန့်ကို
သနားတော်မူပါ ဧကရီ ။

ဧကရီ ။ စည်ဝေးသဘင် ပြီးဆုံးပြီ။
ငါ့ အမှုတော်ထမ်းတွေထဲ
သင် ဘာကြောင့် ၊ နောက်ကျ ရောက်လာရသလဲ ။

အမှုထမ်း ။ တပါးသူတွေနဲ့
ဆောင်ရွက်ပြီးပြီဆိုရင်
ယခု အကျွန့်အလှည့်ဖြစ်ပါစေ။
အရှင့် နောက်ဆုံး အမှုတော်ထမ်းအတွက်
ကျန်တဲ့ အလုပ်တာဝန်ကို တောင်းခံရအောင်
အကျွန်ုပ်လာခဲ့တာပါ။

ဧကရီ ။ အလွန်အမင်း နေက်ကျနေတာမှ
သင်ဘာကို မျှော်လင့်စရာ
ရှိတော့မှာလဲ။

အမှုထမ်း ။ အရှင့် ပန်းဥယျာဉ်မှာ
အကျွန့်ကို
ဥယျာဉ်မှူး ခန့်တော်မှုပါ ။

ဧကရီ ။ ကြံကြီးစည်ရာကွယ်။

အမှုထမ်း ။ အကျွန့်ရဲ့
တခြားအလုပ်တာဝန်တွေကို
စွန့်လွှတ်ပါရစေ ။
အကျွန့် ဓားလှံတွေ
မြေပေါ် ချလိုက်တော့မယ်။

တိုက်ပွဲသစ်တွေလည်း
မတိုက်ခိုက်ပါနဲ့တော့ ။
အရှင့်ပန်းဥယျာဉ်မှာ
ဥယျာဉ်မှူးအဖြစ်သာ
အကျွန့်ကို ခန့်ထားတော်မူပါ ။

ဧကရီ ။ အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။

အမှုထမ်း ။ အရှင် ငြီးငွေ့တဲ့နေ့တွေမှာ
အမှုတော် ထမ်းဖို့ပါ။
မနက်ဖက်
အရှင် ထွက်တောမှုမယ့်
မြက်ခင်းလမ်းကို
စိမ်းစိုအောင် အကျွန့်ထားမယ်။
အရှင့်ခြေလှမ်းတော်တိုင်းကို
ဂုဏ်ပြုရင်း
အသေခံ ကြွေဆင်းဖို့
ဝန်မလေးတဲ့ ပန်းပွင်တွေနဲ့
အရှင့်ခြေအစုံကို
ကြိုဆိုစေမယ် ။
စရည်ပင်ကိုင်းတွေမှာ
ဒန်းဆင်လို့
အရှင့်ကို လွဲပေးပ့ါမယ် ။
အဲဒီမှာ
အရှင့်ခါဝတ်တော်စကို
နမ်းရအောင် ဆိုပြီး
ညည့်ဦးယံ ဖိုးရွှေလဟာ
သစ်ရွက်တွေကြားက
အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။
အရှင်စက်ရာ သလွန်ဘေးမှာ
ထွန်းလင်းတဲ့ မီးအိမ်ကို
ဆီမွှေးနဲ့သာ ထပ်ကာ ဖြည့်ပါ့မယ်။
အရှင့် ခြေနင်းခုံကိုလည်း
အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး
ရှုမောစရာ ပုံအသွယ်သွယ်
လိမ်းခြယ်ပေးပါ့မယ် ။

ဧကရီ ။ အဖိုးအခ အနေနဲ့
သင်ဘာကို လိုချင်သလဲ ။

အမှုထမ်း ။ ညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့
အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး
လက်ကောက်ဝတ်မှာ
ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -
အရှင့် ခြေဖ၀ါးအစုံကို
အသောက ပွင့်ဖတ်လွှာတွေရဲ့
ပန်းဆီနီနီနဲ့ ခြယ်သခွင့် -
ဒါပြင်
ဖုန်စ ဖုန်နတွေ
ကပ်နေအုံးမည်ဆိုရင်
နမ်းပစ်ခွင့်ကို ပေးသနားပါ ။

ဧကရီ ။ သင်တောင်းတဲ့ဆုကို
ခွင့်ပြုတော်မူတယ် ငါ့အမှုတော်ထမ်း....
ငါ့ ပန်းဥယျာဉ်မှာ
အသင် ဥယျာဉ်မှုး ဖြစ်စေ.....။ ။

တဂိုး

Monday, May 26, 2008


“မောင်” ဆိုတာ ကျမဘ၀မှာ
ထာဝရသာ ပျောက်ကွယ်သွားခဲ့ရင်
ကျမ ဆိုတာ ကျမ မဟုတ်...သံပတ်ပေးထားသော
စက်ရုပ်တစ်ခုသာ ဖြစ်နေလိမ့်မယ်......

“မောင်” ဆိုတာ ဘ၀မှာ
ကျမအတွက်သာ မဟုတ်တော့ဘူးဆိုရင်
သဘာဝလေက ကျမနှာခေါင်းမှတဆင့်
လေပြွန်ထဲကိုဝင် အလိုလျောက်
အလုပ်လုပ်သွားကြတာပဲ ဖြစ်တော့မယ်......

“မောင်” ဆိုတာ ကျမဆိုတာကို
ရင်ထဲကထုတ် ၊ အမှတ်မရတော့ဘူးဆိုရင်
ကျမ ရင်ထဲ သွင်းထားခဲ့တဲ့ မောင့်ချစ်ခြင်းတွေ အတွက်နဲ့
ကျမ နှလုံးသားက လေးလံ ၊ အလုပ်ပုံမှန်လုပ်တက်ကြတော့မှာ မဟုတ်ဘူး......

ဘ၀မှာ “ ထာဝရ အတွက်...မောင် ”
ဆိုတာ မရှိဘဲ
ကျမ ဆိုတာ ပုံမှန်ရပ်တည်လို့ရတဲ့...လူသားမှ မဟုတ်တော့ဘဲ “ မောင်ရယ် ”


အမည်မသိ

Friday, May 23, 2008

တဂိုး


တစ်ကိုယ်တော် အောင်မြင်မှု့အတွက်
သင်၏ သနား ဂရုဏကို ခံယူလိုသော
သတ္တိကြောင်သူ မဖြစ်လိုပါ

ရှုံးနိမ့်သည့် အခါတွင်မှု
သင့် လက်ကို ဆုပ်ကိုင်ထားနိင်ခွင့်
ရရှိသော သူသာ ဖြစ်ရလိုပါ၏.......

Wednesday, May 21, 2008

သူတို့...သူတို့၏


လှည့်ကွက်တွေကြားထဲ ငါတိုးမ၀င်မိရင်
ဒီလိုဇာတ်နာပုံတွေ .............ငါသိခဲ့မှာ မဟုတ်ဘူး
ငါ့ရဲ့ ပင်ကိုအတ္တက ဆင်းရဲရှာတော့
လောကကြီးကို စိတ်နာချင်ပေမယ့်
ကိုယ့်ကိုယ်ကိုယ် စိတ်နာခဲ့

လူတွေကို စိတ်နာချင်ပေမယ့်
သက်မဲ့တွေကို အပြစ်ပုံချခဲ့
အမေရေ.....

ကံဆိုးမိုးမှောင် ကျခဲ့ပုံက
ပတ်ထားသော အပေါစားရွှေရောင်နာရီလေးတောင်
မိုးကြိုးအပစ်ခံရမှာ ကြောက်နေရတဲ့ဘဝ

ဒါကို တချို့ကဆိုရဲ့
မင်း အတော်ရင့်ကျက်သွားပြီတဲ့ ၊
မဟုတ်ဘူး....
သဘာဝကိုက ရင့်ကျက်လာတာပါ

မင်း အတော်တည်ငြိမ်သွားပြီတဲ့
ဟုတ်ကဲ့
ပါးစပ်သေနတ်ဆိုတာ
ဘယ်တော့မှ ယမ်းနံ့မထွက်ခဲ့ဘူး
ဒါပေမယ့်
လူတော့ ခဏခဏသေတယ်။


(တာရာမင်းဝေ)

Tuesday, May 13, 2008

ကံကြမ္မာ

ကျွန်တော်တို့ ရွာကလေးအကြောင်းလား ၊ သိပ်ကို အေးချမ်းတာပေါ့ဗျာ။ လယ်ယာလုပ်ငန်း လုပ်ကိုင်ရင်း ၊ ညနေဆို အဖေက ကွန်ပစ်ထွက် ပါလာတဲ့ ငါး ၊ ပုဇွန်တွေကို အမေက ရောင်းတန် ရောင်း ၊ စားဖို့ ချန်စရာရှိတာ ချန်နဲ့ မချမ်းသာပေမယ့် ၀မ်းဝအောင်တော့ စားရတာပေါ့။ လယ်ကလည်း သိပ်အများကြီး မဟုတ်ပါဘူး။ လယ် ၅ ဧက လောက်နဲ့ မိသားစု ၀မ်းစာဖူလှုံအောင် ကြိုးစားရင်း ဘ၀လေးကို ခိုင်မာအောင် ရပ်တည်နေတာပေါ့။ မိသားစုကတော့ ကျွန်တော်အပါအ၀င်ဆို ၆ ယောက် ။ အဖေနဲ့အမေရယ် ၊ ညီမလေး နုစိန်ရယ် ၊ ညီလေး အေးချမ်းရယ် ၊ အငယ်ဆုံး ညီလေး အောင်ထွေး ရယ်နဲ့ ညနေဖက်တွေဆို ဘယ်သူ့ကိုမှ အဖေါ်ခေါ်စရာ မလိုအောင် ညီအစ်ကိုမောင်နှမတွေက အသက်တွေလည်း သိပ်မကွာကျတော့ ကိုယ့်မောင်နှမ အချင်းချင်းပဲ ပြန်ဆော့ကြတယ်လေ။

နွေရာသီဆို ကျောင်းပိတ်ရင် ရွာက ကဇင်းတန်းတွေမှာ ခုန်ပေါက်ဆော့ကစားရင်း ပေပွနေတဲ့ အ၀တ်တွေနဲ့ အိမ်ကို ပြန်လေ့ရှိတယ် ။ ရွာမှာ ဘုရားပွဲ ကျင်းပပြီ ဆိုရင်လည်း အမေ့ဆီက မုန်းဖို့ကို လက်ဖြန့်တောင်းရင်း မီးနဲ့ရှို့စားရတဲ့ မုန့်ကို ၀ယ်စားနေကြ။ ဒီလိုလေးနဲ့ ကျွန်တော်တို့ ရွာလေးက ပျော်စရာလေးပေါ့ဗျာ။ တစ်နေ့တော့ အဖေတို့ လူကြီးတွေ ညဖက် စကားပြောနေတာ ကျွန်တော်သွားနားထောင်တော့ လေမုန်တိုင်း တိုက်မယ်ဆိုလား မသိပါဘူး။ နားစွန်နာဖျားတော့ ကြားလိုက်မိတယ်။ ဒါနဲ့ ဘကြီးအေးက “ အင်း..ငါ တသက်တော့ ရေဒီယိုက ဒီလိုပဲ လွှင့်နေကြပါ ။ ပြီးတော့ တို့ဆီမှာလည်း မုန်တိုင်းဆိုပေမယ့် ခဏလောက် လေပြင်းတိုက်ပြီး ပြီးသွားတာပဲ ။ အဓိက အချက်က ကိုယ့်အိမ်ထဲမှာ နေရင် ပြီးတာပဲ။ အန္တရယ် မရှိလောက်ပါဘူး။ ဒါပေမယ့် သတိတော့ ထားကျပေါ့။ ကြိုမြင်ရတာ မှ မဟုတ်တာပဲ ဆိုပြီး အဖေတို့လည်း စကားဝိုင်းကို သိမ်းခဲ့ကြပါတယ်။ ကျွန်တော်လည်း ညရောက်တော့ ကလေးပီပီ ဟန်ချီချီပေါ့ ။ တောင်တွေးမြှောက်တွေးနဲ့ မုန်တိုင်းဆိုတာ ဘာလည်းပေါ့။ လေတွေတိုက်တာကတော့ သိပါတယ်။ ဒီလိုပဲ လယ်ကွက်ထဲမှာ ဆော့နေရင်း လေတိုက်နေကြ ။ အဲဒီအခါ ကျွတ်ကျွတ်အိတ်တွေတောင် လေနဲ့ပါလာသေးတာ အိမ်ဘေးက ချစ်မောင်တို့နဲ့ လိုက်လုပြီး ကောက်ရတာ ပျော်စရာကြီး ။ အဲဒီလို ဆိုရင်တော့ ချစ်မောင်ကို ကြိုပြောထားရမယ် ဒီတခါ မုန့်ကျွေးကြေး လုကောက်ကြမယ်လို့။ ဒီလိုနဲ့ ကျွန်တော်လည်း ဘေးနားမှာ အတူအိပ်နေတဲ့ ညီလေးနဲ့ ညီမလေးကို ကြည့်ပြီး အိပ်ပျော်သွားတာပေါ့။ ညနာရီပြန် ၁ ချက်တီးလောက်ကြတော့

“ ဟဲ့ ကလေးတွေ ထကြ ၊ ထကြ ” လို့ အမေ့နိးသံ ကြားလိုက်တော့ ကျွန်တော်တို့ မောင်နှမတွေလည်း အိမ်ရှေ့အခန်းမှာ အိပ်နေရင်း လန့်သွားကြတာပေါ့။ ဘာဖြစ်လို့ပါလိမ့်ပေါ့။ အမေက ပြောပြောနဲ့ အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ ရုတ်ချည်းဆို ကောင်းကင်ကြီးက နီရဲလာလိုက်တာဗျာ ၊ ပြီးတော့ လေတွေကလည်း အသားကုန် တိုက်နေတာ။ ချစ်မောင်နဲ့ ဆော့ကြမယ်လို့ ပြောထားတဲ့ လေမျိုးလည်း မဟုတ်ဘူး။ သစ်ပင်တွေက အသားကုန်အော် ။ ၀က်သံ ၊ ကျွဲသံ ၊ နွားသံ ၊ ကြက်သံ ၊ လူသံတွေနဲ့ ပတ်ဝန်းကျင်မှာ ကမ္ဘာ ပျက်သွားသလား အောက်မေ့ရတယ်။ ချစ်မောင်တို့ အမေကလည်း သူ့သားသမီးတွေ ကို တကြော်ကြော် ခေါ်သံတွေနဲ့ ဆူညံသွားတာပဲ။ အောက်က ညီအငယ်ဆုံးလေးကလည်း ကလေးဆိုတော့ အော်ငိုနဲ့ အမေက ကျွန်တော့်ကို မငိုအောင် လုပ်ထားဖို့ ပြောရင်း အိမ်ရှေ့မှာ လှမ်းထားတဲ့ ပစ္စည်းတွေ သိမ်းနေလေရဲ့။ ညီမလေးက “ ကိုကြီး ညီမလေး ကြောက်တယ်တဲ့ ” ။ ဒီကြားထဲ အဖေကလည်း ပြန်မလာသေးဘူး။ ရွာတောင်ပိုင်းကို မနှစ်က ကျန်တဲ့ စပါးကြွေးသွားပေးနေတာ ။ ကျွန်တော့် စိတ်ထဲမှာလည်း အဖေ မြန်မြန်ပြန်လာပါစေ လို့ဆုတောင်း နေမိတော့တယ်။ အမေဆို မျက်ရည်နဲ့ မျက်ခွက်။ သူ့လင်သားကို စိုးရိမ်နေတာနဲ့ ပတ်ဝန်းကျင်ကလည်း အသံမျိုးစုံကြောင့် လန့်နေတာလည်း ပါမယ် ထင်ပါတယ်။

ကျွန်တော်တို့ အိမ်အမိုးတွေ လန်ထွက်သွားတာနဲ့ အတူ ၀ုန်းဆို အိမ်ဘေးက သရက်ပင်ကြီး လဲသွားသံ ကြားတယ်။ တဆက်တည်းမှာပဲ အဖေပြန်ရောက်လာတာကို တွေ့လိုက်ရတော့ အားရှိလိုက်တာဗျာ။ ရင်ထဲမှာ ပြောမပြတက်အောင်ပဲ။ ညီမလေးကို အဖေ့ကို ဖတ်ရင်း “ ဖေကြီး သမီးကြောက်တယ် ကြောက်တယ်နဲ့ ” ။ အဖေက အမေ့မျက်နှာကို လှမ်းကြည့်ပြီး ချစ်ရင် “ ကမ်းနားက ရေတွေ အရမ်းတက်လာတယ် ။ ငါတို့အိမ်ကိုလည်း မကြာခင် ရောက်လာတော့မှာ ၊ ဒီတော့ ငါတို့ ရွာနောက်က ကုန်းမြင့်တောစပ်ကို သွားနေမှ ဖြစ်မယ် ” လို့ ပြောနေတုန်းရှိသေးတယ် ကျွန်တော်တို့ အိမ်ကြီး တချမ်းစောင်းသွားပါ ရောလား ။ ဒီတော့ အဖေလည်း ကျွန်တော်တို့ကို “ မကြောက်နဲ့ မကြောက်နဲ့ အဖေ ရှိတယ် ဆိုပြီး ” သူ့အနားမှာ လှေချည်တဲ့ ကြိုးကိုယူ ပြီးတော့ ကျွန်တော်တို့ မောင်နှမ ( ၃ ) ယောက်လက်ကို ဆွဲပြီး အမေ့ကို သူပြန်လာခေါ်မယ်ဆိုတဲ့ အကြောင်း နဲ့ အခုကလေးတွေကို ရွာအနောက်ကုန်းမြင့် တောစပ်က အရီးလှတို့ ခြံမှာ သွားထားမယ်ဆိုပြီး ကျွန်တော်တို့ကို ခေါ်လာခဲ့ပါရော။ အမေကလည်း ကိုလှငွေ ကျမ စောင့်နေမယ်နော် ။ ကလေးတွေကို လုံခြုံတဲ့ နေရာမှာ ထားပြီး ပြန်လာခဲ့။ ကျမ သိမ်းစရာရှိတာ သိမ်းထားလိုက်မယ်ဆိုပြီး ညီမလေးကို ပိုက်ကာ နေခဲ့လေရဲ့။

ကျွန်တော်တို့လည်း အိမ်အပြင် ထွက်လိုက်တာနဲ့ လေတွေက လူကို လွင့်ပါမတက် တိုက်နေတာဗျာ။ အဖေက တစ်ယောက်လက်ကို တစ်ယောက် မြဲမြဲကိုင်ထားဆိုပြီး ရွာအနောက်ကို ခေါ်သွားလေရဲ့။ လမ်းမှာ ရေတွေက ခြေကျင်းဝတ်တောင် မြုပ်နေပြီလေ။ လူတွေလည်း အော်ဟစ်တဲ့ လူကအော် ၊ ပြေးတဲ့ လူက ပြေးနဲ့ ။ တစ်ယောက်နဲ့ တစ်ယောက် ကူဖို့တောင် သတိမရကြဘူး။ ဒါနဲ့ ရွာအနောက်ဖက် ရောက်တော့ အရီးလှတို့ အိမ်လေးကလည်း ပြိုနေပါပြီ။ ဓနိမိုးအိမ် အပျက်လေးနားမှာ သစ်ပင်ကို ကိုင်ရင်း ငိုနေတဲ့ အရီးလှတို့ သားအမိကို တွေ့လိုက်ရတော့ အဖေလည်း မျက်ရည်တွေကျလို့ ။ ဒါနဲ့ အရီးလှတို့ကို ကျွန်တော်တို့ မောင်နှမတွေကို အပ်ထားပြီး အမေ့ခေါ်မယ်လို့ ပြောလိုက်တော့ “ ဟဲ့ လှငွေ ၊ ဒီအတိုင်းထားရင် လေတိုက်တာနဲ့ အကုန်ပါကုန်လိမ့်မယ် ၊ ငါလည်း အိုကြီး အိုမနဲ့ လိုက်မဖမ်းနိင်ဘူး။ ဒီတော့ စိတ်ချရအောင် ကလေးတွေလက်ကို သစ်ပင်မှာ ကြိုးနဲ့ ချည်ခဲ့ ။ ဒါဆို သူတို့လည်း မလွင့်တော့ဘူး။ ငါလည်း သူတို့နဲ့ အတူရှိနေမှာပဲ ဆိုတာကြောင့် အဖေလည်း လှေချည်ဖို့ ကြိုးကို ကျွန်တော်တို့ မောင်နှမတွေ လက်မှာ သစ်ပင်နဲ့ ပူးချည်ပြီးတော့ အဖေ “ အမေ့နဲ့ ညီမလေးကို ခေါ်ပြီး ပြန်လာခဲ့မယ် ၊ မငိုကြနဲ့နော် ” ဆိုပြီး ကျွန်တော်တို့ကို နမ်းကာ လေတွေတိုက် ၊ မိုးတွေရွာ ၊ ရေတွေတက်လာနေတဲ့ ကြားထဲကနေ ထွက်သွားလေရဲ့။

ဒီလိုနဲ့ ညလည်း တဖြည်းဖြည်း နက်လာလိုက်တာ အဖေကလည်း ပြန်မလာသေးဘူး။ ရေကလည်း တက်လာလိုက်တာ အခုဆို ကျွန်တော့် ခါးတောင် ရောက်နေပြီ။ ညီလေး ဆို ရင်ဘက်ထိတောင် ရောက်နေပြီ။ ဒီကြားထဲ အရီးလှ ကလည်း ဘယ်ကိုထွက်သွားမှန်း မသိဘူး။ ဒါနဲ့ ညီလေးက အော်ငို ၊ ကျွန်တော်လည်း လက်က ကြိုးကို ဖြေပြီး ညီလေးကို ချီထားမယ်ပေါ့ဆိုပြီး ကြိုးစားပမ်းစားဖြည်နေပေမယ့် ကြိုးက အလုံးတုတ်တဲ့ အပြင် ကျွန်တော်ဖြည်ရင် တခြားညီလေး နဲ့ ညီမလေး လက်တွေပါ နာတာကြောင့် အရမ်းလည်း မဖြည်ရဲဘူး။ ဒါနဲ့ မိုးရေတွေထဲ အငယ် ၂ ယောက်က ငိုနဲ့ ကျွန်တော်လည်း အစ်ကိုကြီးဆိုပေမယ့် မျက်ရည်တွေကျပြီး ကိုယ့်ညီတွေ ညီမလေးတွေ အရှေ့မှာ မနည်းဟန်ဆောင်ပြီး ချော့မော့နေရတယ်။ “ အဖေကြီးက လာခေါ်မှာပါ ၊ စိတ်မပူနဲ့ အစ်ကိုကြီး ရှိတယ်ဆိုပြီး နှစ်သိမ့်နေရတယ်” ။ ကံကြမ္မာက ကျွန်တော်တို့ကို မျက်နှာသာ မပေးခဲ့ပါဘူးဗျာ။ ဘယ်ဘ၀က ၀ဋ္ဋ်ကြွေးတွေလဲ မသိပါဘူး။ ဘုန်းခနဲ့ သိမ့်သိမ့်ခါ သွားတဲ့ လေသံနဲ့ အတူ ကျွန်တော်တို့ ကမ္ဘာကြီး ဇောက်ထိုးဖြစ်သွားလားလို့တောင် မသိတော့ပါဘူး။ ရုန်းရင်းဆန်ခက် ရေယက်သံတွေ ၊ ဗလုံးထွေး အော်ဟစ်သံတွေနဲ့ ကြယ်တွေက ဝေးလာလိုက် နီးလာလိုက်နဲ့ သတိရလို့ မျက်လုံး ဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ညီ အငယ်ဆုံးလေးက ရေထဲမှာ မြုပ်နေပြီလေ။ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းက သစ်ပင်ရိုက်ထားတဲ့ ဒဏ်ကြောင့် မူးနောက်နေပြီ ညီမလေးက ကျွန်တော့်ကို မျက်လုံးပြူးပြီး ကြည့်နေလေရဲ့။

ဒါနဲ့ ကျွန်တော်လည်း လက်က ကြိုးကို အသားကုန်ဖြည် ၊ ဖြည်လို့မရတော့ ညီလေးကို ခြေထောက်နဲ့ လှုပ်နိး ၊ လက်တဖက်နဲ့ ဆွဲတင်လိုက် ၊ ပြုတ်ကြသွားလိုက်နဲ့ “ တကယ်တော့ ကျွန်တော် စိတ်ထဲက လုပ်နေမိတာပါ ၊ လက်တွေ့မှာတော့ ကျွန်တော်ကိုယ်တိုင်တောင် နှာခေါင်းနားမှာ ရေက မရောက်တရောက်နဲ့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေက စိတ်ထဲ ရောက်နေတာ ။ ညီမလေးကလည်း မျက်လုံးကြီး ပြူးပြီးနဲ့ ကြည့်နေတုန်း ။ အဖေက လာခေါ်မယ်တဲ့ ။ အဖေ ...ဘယ်မှာလဲ အဖေ။ ညီလေးနဲ့ ညီမလေးက လည်း ခေါ်လို့မရတော့ဘူး အဖေ ဘယ်မှာလဲ။ အမေနဲ့ ညီမလေးက ရော ဘယ်မှာလဲ ။ သားတို့ကို လာခေါ်ပါဦးအဖေ ။ သားတို့ကို လာခေါ်ပါနော်။ တဖြည်းဖြည်းနဲ့ ....အာရုံတွေ ဝေး၀ါးလာကာ ကျွန်တော်ကိုယ်တိုင်လည်း အသိလက်လွတ် ဖြစ်သွားခဲ့ပြီးနောက်မှာတော့...



ဤပုံလေးကို ကြည့်မိ၍ ခံစားရေးဖွဲ့ပါသည်။



အဖေနဲ့ ညီမလေးကရော


အမေကရော



Sunday, May 11, 2008

အမေများနေ့

အမေများနေ့ ဖြစ်ပေါ်လာပုံ

တကယ်တော့ နေ့တိုင်း နေ့တိုင်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ ရာစုနှစ်နဲ့ ချီပြီး ရှည်လျားတဲ့ သမိုင်းကြောင်းဟာ ရှေ့ဟောင်း ဂရိခေတ်က စတယ်လို့ဆိုပါတယ်။ နတ်ဘုရားများရဲ့ မယ်တော်ရီ ဟာ ( Rhea ) ၊ အား ဂုဏ်ပြုပွဲကို ဂရိတွေက ကျင်းပကြတယ်။ ရှေးတုန်းက ခရစ်ယာန်တွေက မယ်တော်မာရီ (Mary) ၊ ကို ဂုဏ်ပြုဖို့ ၀ါတွင်းကာလရဲ့ စတုတ္တမြောက် တနင်္ဂနွေနေ့မှာ မယ်တော်ပွဲကို ကျင်းပကြတယ်။ စိတ်ဝင်စားဖို့ ကောင်းတာကတော့ နောက်ပိုင်းမှာ ဘာသာရေးဂိုဏ်း တစ်ဂိုဏ်းကနေပြီးတော့ အဲ့ဒီနေ့မှာ အမေအားလုံးကို ပါဝင် စေခဲ့တာပဲ။ နေ့ကိုလည်း အမေများရဲ့ တနင်္ဂနွေလို့ မှည့်ခေါ်ခဲ့ကြတယ်။ အမေရိကမှာ အခြေစိုက်တဲ့ အင်္ဂလိပ်ကိုလိုနီတွေကတော့ အချိန်မရကြလို့ အချိန်မရကြလို့ အဲဒီအစဉ်အလာကို မလိုက်နာနိင်ကြပါဘူး။ ၁၈၇၂ ခုနှစ်မှာ ဂျုလီယက်ဝပ်ဒ်ဟိုဝီဟာ ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အမေများနေ့အတွက် နေ့တစ်နေ့ကို ကျင်းပ ကြပါတယ်။ ဒါဟာ အမေ့နေ့ရဲ့ သမိုင်းမှာ မှတ်တိုင် တစ်ခုပါ။

၁၉၀၇ ခုနှစ်မှာ ဖီလာဒီယ်လ်ဖီးယားကျောင်း ဆရာမ တစ်ဦးဖြစ်တဲ့ အင်နာအမ်ယာဗစ်က သူ့မိခင်ကို ဂုဏ်ပြုပြီး နိင်ငံတော်အဆင့် အမေနေ့သက်မှတ်ရေးကို လှုပ်ရှားခဲ့ပါတယ်။ ရာချီတဲ့ ဥပဒေပြု လွှတ်တော် အမတ်တွေနဲ့ ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီကို ရယူပြီး ပထမဆုံး အမေနေ့ကို သူ့မိခင်ကို ဂုဏ်ပြုပြီး ဘုရားကျောင်းမှာ ကျင်းပနိင်ခဲ့ပါတယ်။ အင်နာဟာ သူ့အမေ အကြိုက် ကာနေရှင်းပန်းတွေ ဘုရာကျောင်းမှာ ဝေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပန်းဟာ ချိုမြိန်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း နှင့် စိတ်ရှည် သည်းခံခြင်းတို့ကို ကိုယ်စားပြုလို့ပါ။ သူ့ရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၄ ခုနှစ်မှာ အမေရိကန် သမ္မတကြီး ၀ုဒ်ဒရိုးဝီလ်ဆင်ဟာ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကို နိင်ငံတော် အားလပ်ရက်အဖြစ် ကြေငြာ ပေးခဲ့ပါတယ် ။ တဖြည်းဖြည်း တရွှေ့ရွှေ့နဲ့ အမေများနေ့ဟာ ပိုမိုထင်ရှားလာခဲ့သလို လက်ဆောင်ပေးတဲ့ လုပ်ရှားမှုတွေဟာလည်း တိုးပွားလာကြပြီး စီးပွားရေးအရ လုပ်စားလာကြလို့ အင်နာဟာ အလွန်အမင်း ဒေါသထွက်ခဲ့ရပါတယ်။ အင်နာ ဘယ်လိုပဲ သဘောထားထား အမေများနေ့ဟာ အမေရိကမှာ ထွန်းကား လာရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးမှာတောင် ပြန့်နှံခဲ့ပါတယ် ။

ကျင်းပတဲ့ ရက်တွေသာ ကွဲလွဲကြပေမယ့် ဒိန်းမတ် ၊ ဖင်လန် ၊ တူရကီ ၊ အီတလီ ၊ သြစတြေးလျ နဲ့ ဘယ်လ်ဂျီယံ စတဲ့ နိင်ငံတွေမှာတော့ မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့ကိုပဲ အမေများနေ့ အဖြစ် ကျင်းပကြပါတယ်တဲ့ ။

အမေနှင့်ပတ်သက်၍ နိင်ငံတကာ အခေါ်အဝေါ်တွေကတော့

ပြင်သစ် - မဲ
ဂျာမန် - မတ်တာ
ရုရှား - မှက်ခ်ျ
ဟိန္ဒီူ - မာဂျီ
အင်္ဂလိပ် - မာမီ
အီတလီ - မက်ဒါ
ဆားဘီးယား - မက်ဂ်ျကာ
ဒက်ခ်ျ - မိုအာ
အက်စတိုးနီးယား - အမ်မာ
ဂရိ - မာနာ
ဟာဝိုင်ယီ- မာယူယာဟိုင်း
ဟန်ဂေရီယား - အင်နာ ၊ ဖူ
အင်ဒိုနီးရှား - အင်ဒု(က်) ၊ အီဘူ ၊ ညိုကက်
မြန်မာ - အမေ ၊ မေမေး)

အထက်ပါ စာတွေကတော့ ကျွန်တော်ရေးတာ မဟုတ်ပါဘူး။ ပေါ်ပြူလာမြန်မာကနေ ဖတ်မိတာလေးကို ရေးထားတာပါ။ အသေးစိတ် သိချင်ရင် ဒီနေရာ လေးကနေ သွားရောက် ဖတ်ရှု့နိင်ပါတယ်။ အားလုံးပဲ မုန်းတိုင်းဒဏ်ကြောင့် ၀မ်းနည်းနေမယ်ဆိုတာ သိပေမယ့် အမေများနေ့မှာ ၀မ်းနည်းစွာနဲ့ မုန်းတိုင်းထဲမှာ ပါသွားတဲ့ အမေတွေရော ၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေတွေအားလုံးကိုရော ဒီပို့စ်လေးကနေ ကန်တော့အပ်ပါသည်။ အမေ.......

M = Motivater
O = Only
T = Truelove
H = Heartiest
E = Exceptional
R = Responsible

M = Million thing she gave we
O = She is growing old
T = Tear she shed to save we
H = Heart of purest gold
E = Her Eyes , with love , Light shinning
R = Right , and right she`ll always be

Thursday, May 1, 2008

နင်ဟာ ငါ့ကောင်းကင်တစ်ခုပါ ၊ ငါပိုင်သမျှ နင့်တစ်ယောက်တည်းပါငါအချိန်တိုင်း နင့်ရဲ့အနားမှာ ၊ နင်လိုသမျှ ဖြည့်ဆည်းချင်လို့ပါ
ဘာကိုမှ ငါ မမျှော်လင့်ပါ နင့်အတွက်ပဲ.....

နင်ကြေကွဲ အားငယ်တဲ့ အခါ
ငါနင့်အနား နှစ်သိမ့်မြဲပါ ၊ ငါတစ်ယောက်တည်း မဖြစ်နိင်လို့ပါ
နင်ဘယ်သွားသွား ငါ့ကိုခေါ်ပါ ၊ ငါ့ဆန္ဒတွေရယ် အလှမ်းကွာ တကယ်ကိုငါ မင်းအနားမှာ
နေချင်ပေမယ့်လည်းပဲ.......

( အတူနေဖို့ ဘယ်လောက်ထိ ဝေးရမလဲ ၊ အတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ
ငါဒီလို မျှော်လင့်ရင်း မောပြီ၊ အချိန်တွေသာ ဒီလိုနဲ့ လည်ပတ်ခဲ့....
အတူနေဖို့ ဘယ်လောက်ထိ ဝေးရမလဲ ၊ အတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ
ငါဒီလို မျှော်လင့်ရင်း ဝေးပြီ ၊ အချိန်တွေသာ ဒီလိုနဲ့ လည်ပတ်ခဲ့ပါပြီ )


သီချင်းလေး ကြိုက်လို့ ကိုယ့်လိုပဲ နားဆင်နိင်အောင် တင်ပေးတာပါ ခင်ဗျာ။ တစ်ချို့လည်း နားထောင် ဖူးကြမယ်လို့ ထင်ပါတယ်။ နားဆင်ရင်း ပျော်ရွှင်နိင်ကြပါစေ။ တခုခုတော့ ခံစားမိကြမယ်လို့လည်း မျှော်လင့်မိပါတယ်။ လေးစားစွာဖြင့်...


တေးဆို - IMP
တေးရေး - ပူစူး