Tuesday, April 29, 2008


အခုလို ချန်ပီယံလိဂ် ဘောလုံးပွဲတွေ လာတော့ ကျွန်တော် မြန်မာပြည်က မထွက်ခွာခင် ပြင်ဦးလွင်မှာ နေခဲ့တုန်းက အဖြစ်အပျက်လေး တစ်ခုကို ပြောပြရဦးမယ်။ ချန်ပီယံလိဂ် ဘောလုံးပွဲတွေ ဆိုတာက သူတို့နိင်ငံမှာတောင် ည ၉ နာရီ ၁၀ နာရီလောက် ကန်ကြတာ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ နိင်ငံမှာဆိုတော့ ပိုနောက်ကျသွားတာပေါ့။ ည ၂ နာရီ ၂း ၃၀ လောက်ကို အချိန်က ရောက်သွားတယ်။ ဒါပေယ့် ဘောလုံး ၀ါသနာ အိုးတွေကတော့ ဒီအချိန်လောက်ကတော့ မမှုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လက်တို့ထားတယ်။ မင်းနိးရင် ငါ့ကိုလာနှိုး ၊ ငါနိးရင်လည်း မင်းကို လာနှိုးမယ် ဆိုပြီး လက်ဝါး ရိုက်ထားကြလေရဲ့။ တစ်ချို့ သူငယ်ချင်း တွေကတော့ အခန်းပြန် မလာကြတော့ဘူး။ အပြင်မှာ တစ်ခုခုလုပ်ရင်း စောင့်နေကြတယ်။

တစ်ညတော့ ကျွန်တော်ရယ် ကျွန်တော့် သူငယ်ချင်းရယ် ချန်ပီယံလိဂ် ဘောလုံးပွဲ ကြည့်ရန် အလို့ဌာ နှစ်ယောက်သား စကားလေး တပြောပြောနဲ့ အိပ်ဆောင်တွေကနေ နှစ်ယောက်သား ထွက်လာခဲ့ကြတယ်။ စက်ဘီး တစ်စီးထဲကို ၂ ယောက်သား အသွားအပြန် တလှည့်စီနင်းမယ်လို့ ကတိပေးရင်း ပထမဆုံး စီးရတဲ့ သူက ကျွန်တော်ပေါ့။ ဒါနဲ့ အဆောင်ကနေထွက်ပြီး ဘောလုံးပွဲ ရှိတဲ့ ရုံကို ချီတက်လာလိုက်တာ လမ်းမှာ ဘုန်းကြီးကျောင်း တစ်ခုကို ဖြက်ရပါတယ်။ အဲဒီဘုန်းကြီးကျောင်းရှေ့မှာ လမ်းက လမ်းစုံလမ်းခွ အသေးလေး တစ်ခုရှိပါတယ်။ မှောင်တာကလည်း တော်တော် မှောင်နေတာကြောင့် စက်ဘီးကိုတောင် သတိထားပြီး နင်းနေရသေးတယ်။ ဒီနေ့မှာ ဘောလုံးပွဲကြည့်မဲ့သူတွေကလဲ မလာသေးတာလား ၊ အရင်ရောက်ကုန်လို့လား ၊ ကျွန်တော်တို့ကပဲ စောနေလို့လား မသိဘူး တစ်ယောက်မှကို မရှိဘူး။ ဘုန်ကြီးကျောင်းနားလဲ ရောက်ရော ခွေးအူသံတွေ ကြားလိုက်ရတာ တော်တော်ကြီးကို ကြက်သီးထသွားတယ်။ အူလိုက်ကြတာဆိုတာ စုစုပေါင်း ၁၀ ကောင်လောက် ရှိမယ်ထင်တယ်။ အူရုံတင်မကပဲ လမ်းမပေါ် ပြေးထွက်လာလိုက်တာ အဲဒီမှာ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိတဲ့ ခွေးတွေနဲ့ ကိုက်နေကြပါလေရော။ ဘုန်းကြီးကျောင်းထဲက ခွေးတွေနဲ့ အပြင်ကခွေးတွေနဲ့ စစ်ခင်းကြတာပေါ့။ အလင်းရောင်ဂိုဏ်းသားတွေနဲ့ အနက်ရောင်ဂိုဏ်းသားတွေ သိုင်းပြိုင်ကြသလိုပဲ။ အပြိုင်အဆိုင် ကိုက်နေကြတာ။ အူတဲ့ ကောင်က အူ။ နာလို့ အော်တဲ့ အကောင်က အော်နဲ့ ။ ကျွန်တော်တို့က သူတို့ကို မကျော်ရသေးဘူး။ ကျွန်တော်တို့ အရှေ့မှာ ဖြစ်နေတာကြောင့် အရှေ့က နင်းနေတဲ့ သူငယ်ချင်းကို လှမ်းမေးလိုက်တယ်။ ဟေ့ကောင် သွားလို့ ဖြစ်ပါ့မလားပေါ့။ ဒီလောက် ကိုက်နေကြတာ လှမ်းမပေါ်ကြီးမှာ။ ငါတို့ဖြက်လို့ လိုက်ကိုက်ရင် ပြေးပေါက်မှားနေပါဦးမယ်ဆိုမှ ကိုယ့်ဆရာက

“ မင်းကလည်း ဖြစ်ပါတယ်ကွာ ၊ လူဖြစ်ပြီး ခွေးကြောက်နေရသေးတယ်တဲ့ ” အမယ် လူလည်း ကြောက်တာပဲ မဟုတ်လား။ ဒီနိင်ငံက ခွေးတွေဆို လူထက်တောင် ကြီးသေးတယ်။ လမ်းမှာ ကျောင်းသွားရင် သတိထားနေရတယ်။ ဒါနဲ့ ဒီကောင်နဲ့ ကျွန်တော်လည်း “ ယားးးးးးးးးးးးးးးးးးးးး ” ဆိုပြီး ကိုက်နေတဲ့ ခွေးအုပ်စုထဲကို အတင်းဖြက်နင်းတာ ။ အဲဒီမှာ ခွေးတွေလည်း ကြောင်သွားတယ်နဲ့ တူတယ် ။ အကုန်ကိုက်နေတဲ့ နေရာကနေ ရပ်ပြီး ကျွန်တော်တို့ကို ၀ိုင်းကြည့်နေကြတယ်။ စက်ဘီးရှေ့က ခွေးတွေကတော့ ရှောင်လို့ ရှောင်နဲ့။ လားလား အနားဖြက်ကြည့်လိုက်တော့မှ ခွေးတွေက အကောင် ၃၀ လောက်ရှိတယ်ဗျ။ တစ်ချို့အကောင်တွေက တကိုယ်လုံး နက်လို့ မှောင်လို့ ။ မျက်လုံးတွေက ညဆိုတော့ လင်းနေကြတာ။ မျက်လုံးပဲ မြင်ရတယ်လေ။ ခွေးအုပ်စုလည်း ပထမတော့ ကြောင်သွားတယ်နဲ့တူပါတယ်။ နောက်လည်း ကြရော သူတို့မျှားဦးက ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းဆီကို ဦးလှည့်သွားတယ်။ ပြည်ပရန်ကို ကျူးကျော်လာရင် မျိုးတူချင်း စည်းလုံးရမယ်ဆိုတာ ခွေးမှာလည်း ရှိတယ်နဲ့ တူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း နောက်ကို လိုက်ကိုက်ကြတာ ကျွန်တော်က နောက်ထိုင်ခုံကနေတော့ မြင်နေရတယ်လေ။ ဒီတော့ “ ဟာ...ဟေ့ကောင် နင်း နင်းဟ ၊ ဟိုမှာ တအုပ်တမကြီး လိုက်လာပြီ ဆိုပြီး ” နင်းပြေးကြတာ ဘယ်လွှတ်မှာလဲ ကုန်းကလဲ ကုန်းနည်းနည်းလေး အတက် ၊ ခွေးကလည်း ၃၀ လောက်နီးပါးဆိုတော့ အနောက်က ကျွန်တော့်ကို ခုန်ဟပ်တဲ့ အကောင်က ခုန်ဟပ် ၊ ပုဆိုးကို ဆွဲတဲ့ ကောင်က ဆွဲနဲ့ ကျွန်တော်လည်း သတ္တိဘယ်ခေ မလဲ ငယ်သံပါအောင် အော်လွှတ်ပြီး ခြေထောက်နဲ့ တောင်ကန် မြှောက်ကန် လုပ်တာပေါ့။

မယုံမရှိနဲ့ တော်တော်လေး လန့်သွားတယ်။ ဒါနဲ့ တော်တော်လေး ဒေါသဖြစ်သွားတယ်။ ဒီကောင်တွေ အုပ်စုအားကိုးနဲ့ အနိင်ကျင့်တယ်။ ဒီလို အဖြစ်မျိုးက လူမှာတင် မဟုတ်ဘူး ၊ ခွေးမှာပါ ရှိတာပါလားဆိုပြီးလည်း သိလိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဒေါသထွက်သွားတာပေါ့။ ခွေးရန်က လွတ်တာနဲ့ အနီးအနားမှာ ခဲလုံးတွေ လိုက်ရှာ ၊ ရှိသမျှကို ခြင်းထဲထည့် ၊ ပြီးတာနဲ့ ခွေးတွေရှိတဲ့ နေရာကို ပြန်သွားပြီး အကုန်လိုက်ထုတာ။ ကျွန်တော် ဆိုးသွမ်းကလည်း အဲဒီလို ခွေးနဲ့ဖက်ပြီး ရန်ဖြစ်အောင်ကို ဖြစ်သေးတယ်။ နောက်ဆုံး ခွေးတွေလည်း ထိတဲ့ အကောင်ကထိ ၊ ပြေးတဲ့ အကောင်က ပြေးနဲ့ တ ဂိန် ဂိန် နဲ့ ပွတ်လောရိုက်သွားတယ်။ နောက်ဆုံး ဘုန်းကြီးကျောင်း သံတံခါးနားမှာ ရပ်နေတဲ့ ခွေးတကောင်ပဲ ကျန်တော့တယ်။ ဒါနဲ့ စဉ်းစားလိုက်သေးတယ်။ ဆက်ထုရင် ကောင်းမလား ၊ မထုရင် ကောင်းမလားပေါ့။ ခဲလုံးကလည်း တလုံးတည်း ၊ ခွေးကလည်း တကောင်တည်း ဆိုတော့ ကိစ္စမရှိပေမယ့် ခွေးအနောက်က သံတံခါးကြီးရှိနေတော့ အသံထွက်သွားနိင်တယ်လေ။ ဒါနဲ့ မထူးပါဘူးဆို ကိုယ့်ကို လိုက်ကိုက်ထားတဲ့ အရှိန်လေးကို မျက်လုံးထဲ ပြန်မြင်လာတာနဲ့ ကောက်ထုလိုက်တာ ထင်တဲ့အတိုင်းပဲ တစက်ကလေးမှ မလွဲဘူး။ တံခါးကို ဒုန်းဆို သွားလည်း မှန်ရော စက်ဘီးနှင်းပြီး ပြေးလိုက်တာ အဆောင်အထိပဲ။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဆုံးဖြက်လိုက်တယ် ။

“ ငါက မတရား အနိင်ကျင့်လို့ကတော့ လူတင်မဟုတ်ဘူး ခွေးနဲ့တောင် ဖက်ပြီး ရန်ဖြစ်တက်တဲ့ ကောင်ပဲလို့ ” ။

ရွှင်လန်းကြပါစေ။

Monday, April 28, 2008

ယဉ်ကျေးမှု


မနေ့က သူငယ်ချင်း တစ်ယောက်က တို့မြန်မာမတွေ သင်္ကြန်မှာကဲ နေတာ မနိင်ဘူးလို့ ပြောလာလို့ ဘာဖြစ်လို့လည်း ဆိုပြီး မေးကြည့်တော့ ကျွန်တော့်ကို metacafe မှာတင်ထားတဲ့ လင့်ခ်လေးပေးလာပါတယ်။ အဲဒီ ဗီဒီယိုလေးထဲမှာ ကနေတာဗျာ။ ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တော်တော်လည်း မူးနေတယ်နဲ့ တူပါတယ်။ သူတပါး သားသမီးကို မကောင်းတဲ့ မိန်းမလို့လည်း မစွပ်စွဲချင်တာကြောင့် ဘယ်လို ပြောရမှန်းတောင် မသိဘူး။ တော်တော်တော့ အတင့်ရဲတယ်ဗျ။ အောက်မှာ ကြည့်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။











တဆက်တည်း ဘာတွေးမိလိုက်လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာတွေ အလေးအနက်ထားတဲ့ သင်္ကြန်နဲ့ ဒီပုံစံနဲ့ မျက်စိထဲ ဘယ်လိုမှ ကြည့်မရဘူး ဖြစ်သွားတယ်။ အိနြေ္ဒဆိုတာ မရှိတော့ဘူး။ ဒီလို ပြောလို့ ကိုဆိုးသွမ်းကလဲ သင်္ကြန်မှာ အကျီရင်ဖုံးနဲ့ ထမိနဲ့ ၀တ်ရမှာလားဆိုလာရင်တော့ အဲဒီလိုလည်း မဟုတ်ဘူးလို့ ဖြေရမှာပါပဲ။ ခေတ်ကိုနားလည်ပါတယ်။ ဒါပေမယ့် မြန်မာမိန်းခလေး ပီသစွာပြုမှုသင့်တယ်။ လူငယ်စကားနဲ့ ပြောရင် ကဲသင့်တယ်။ ဘောင်းဘီ အတိုဝတ်တာ လက်ခံတယ် ။ ဒူးလောက်ဆို တော်ရောပေါ့ဗျာ။ အခုတော့ ပေါင်လည်လောက်ရောက် ရုံတင် မကဘူး ဒင်းက လှန်ပြလိုက် ၊ ကော့ပြလိုက်နဲ့။ ဒီလိုဆို ရှင်တို့ကရော မကြည့်ဘူးလားလို့ မေးလာရင် ကြည့်တာပေါ့ဗျာ။ ကြည့်လို့ ဒီလို မှတ်တမ်းလေးတွေတောင် ရှိလာတာပေါ့လို့ပဲ ဖြေရတော့မှာပဲ။ ၀တ်တဲ့လူက ၀တ်ရဲမှတော့ ကြည့်တဲ့လူကလည်း ကြည့်တာ မဆန်းပါဘူး။ အခုဟာက ၀တ်ရုံတင် မဟုတ်ပဲ လူပုံအလည်မှာ စင်ပေါ်မက်တပ်ရပ်ပြီး ကပြနေလိုက်တာ။ ခုနှစ်လွှာကပွဲတွေ အတိုင်းပဲ။ ၂ လွှာပဲ ကျန်တော့တယ်။ ယဉ်ကျေးမှု ဆိုတာကို ကျွန်တော် တော်တော် စဉ်းစားယူလိုက်ရတယ်။ ဒါက ဒီလောက်ပဲ ရှိသေးလို့ လူမမြင် ၊ သူမမြင်ဟာတွေ ဘယ်လောက်ရှိကုန်ပြီလဲ မသိဘူး။ အရင်တုန်းက ပိတောက်ခက်နဲ့မှ လောင်းတဲ့ခေတ်ကနေ အခုမီးသက်ပိုက်ထိုးတဲ့ ခေတ် ရောက်ကုန်တယ်။ အရင် ရင်ဖုံး ၊ ထမီ ကနေ အခု အတိုအပြက်တွေခေတ်ရောက်ကုန်တယ်။ နောက်ဆိုရင် ၀တ်လစ်စတစ်တွေများ လာကြမလား မသိဘူး။ ကိုယ့်လူမျိုး ကိုယ်ပြန်ပြောရတာလဲ တော်တော် စိတ်ကုန်ပါတယ်။

ဒါက ကျွန်တော့်အမြင်လေးပါ။ စာဖတ်သူလည်း ဘယ်လို ထင်ကြမလဲ မသိဘူး။ လွတ်လပ်စွာ ကွဲလွဲနိင်ခွင့် ရှိပါတယ်။



What are Girls ???? :)

ဘလော့ဂ်ဂါ ညီအစ်ကိုတို့အတွက် ကျွန်တော်ဂျီတော့ခ်မှာတွေ့တဲ့ စာကြောင်းလေးအား ပြန်လည်မျှဝေ လိုက်ပါတယ်.......ဘာပြောထားလဲဆိုတော့

Girls are like Virus:

When they ENTER ur Life,
SCAN ur Pockets,
TRANSFER ur Idea,
EDIT ur Mind,
DOWNLOAD ur Peace,
UPLOAD their Problems,
DELETE your Love.
So.......let's make ourself ACCESS DENIED .

:)


Sunday, April 27, 2008

မနေ့က ဘလော့ဂ်မှ အစ်ကိုတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ဘောလုံးပွဲကို အွန်လိုင်းကနေ ဘယ်လိုကြည့်ရသလဲ ဆိုတာ သိချင်တာကြောင့် ကျွန်တော်လည်း သူ့ကို ပြောပြရင်း ကျန်တဲ့ ဘောလုံးချစ်သော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မ ညီမတွေ တွေပါ ကြည့်မယ်ဆိုရင် ကြည့်နိင်ခွင့် ရရှိအောင်လို့ စေတနာ အရင်းခံနဲ့ ပြောပြပါရစေ။ ဒီလို ကိစ္စမျိုးတွေကလည်း လျိုထားလို့ မသင့်တော်တာပါဘူး။ ဥပမာ အသုံးလိုတဲ့ ဆော့ဖ်ဝဲလ် လေးတွေ ပြောပြ ၊ ရှယ်ယာပေးတာမျိုး ၊ ၀က်ဘ်ဆိုင်ဒ်လေးတွေ ပြောပြာတာမျိုးဆိုတာ အထူးသဖြင့် မြန်မာနိင်ငံသူ နိင်ငံသားတိုင်း အကျိုးအတွက် အများကြီး အသုံးဝင်ပါတယ်။ တစ်ချို့ဘလော့ဂ်တွေမှာ သတင်းအပြင် ၊ နည်းပညာဆိုင်ရာ စာအုပ် ၊ အသုံးဝင်သော ဆော့ဖ်ဝဲလ်လေးတွေ တင်ပေးထားတာကို မြင်ရတော့ တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ စာကဗျာတွေ ရေးတဲ့ ဘလော့ဂ်တွေဟာလည်း ကိုယ်ခံစားမှု့ အကြောင်းကို ကိုယ်ရေးတယ် ဆိုပေမယ့် ဒါတွေကလည်း အမှန်တကယ်လိုအပ်တယ် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် နိင်ငံရေး ၊ ပညာရေး ၊ ဖျော်ဖြေရေး ၊ စတဲ့အချက်တွေနဲ့ အကျုံးဝင်တဲ့ မြန်မာနိင်ငံသူ နိင်ငံသား ဘလော့ဂ်ဂါ အားလုံးအား ချစ်ခင်လေးစားလျက် ရှိပါကြောင်း ဒီပို့စ်လေးနဲ့ အတူ ကျွန်တော် ပြောကြား ပါရစေ။

ပထမဆုံး စသွားရမှာကတော့ www.myp2p.eu ဆိုတဲ့ ဆိုဒ်ကလေးပါ။ အဲဒီလိပ်စာလေးကို ရိုက်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီမှာ အ၀ိုင်းပြထားတဲ့ Live sports ဆိုတာလေးကို ရွေးချယ်ပေးပါ။




Live Sports ကိုရွေးချယ်ပြီးတဲ့ အခါမှာတော့ နောက်တစ်မျက်နှာ ချိန်းသွားတဲ့ အခါ အောက်မှာပါလာတဲ့ အမျိုးအစားတွေထဲက Football ဆိုတာလေးကို ရွေးချယ်ပေးပါ။



ရွေးချယ်ပြီးသွားလို့ Next Page ပေါ်လာတဲ့ အခါမှာတော့ အောက်မှာပါတဲ့ ပုံအတိုင်း လက်ရှိအချိန်အတွင်းမှာ ကန်နေသော နိင်ငံတကာချစ်ကြည်ရေးပွဲ ၊ ကလပ်ပွဲတွေကို မြင်တွေ့ရမှာပါ။ အဲဒီအခါမှာ ကိုယ်ကြည့်ချင်တဲ့ အသင်းကို တွေ့ရင် ညာဘက်မှာပါလာတဲ့ တီဗွီပုံလေးနဲ့ Live ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်တဲ့ အခါမှာတော့.....



ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်း ၂ သင်း တစ်ခုတည်းသာပါတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ၂ သင်းရဲ့ အောက်မှာတော့ ထိုနှစ်သင်းကန်နေတာကို ပြသမဲ့ လင့်ခ်တွေ ပေါ်လာပါလိမ့်မယ်။


ညာဘက်မှာ ရှိနေတာက ပြသနေတဲ့ လိုင်းတွေ ဖြစ်ပြီး အနီဝိုင်းထားတဲ့ နေရာကို ကလစ်လိုက်ယုံနဲ့ ဘောလုံးပွဲတွေကို စတင်ကြည့်ရှု့လို့ ရပါပြီ။


အရေးကြီးတာ တစ်ခုကတော့ အဲဒီလို ကြည့်ရှု့ဖို့ အတွက် ဆော့ဖ်ဝဲလိုတာပေါ့။ ဆော့ဖ်ဝဲလ်က 3 Mb လောက်ရှိတာကြောင့် သိပ်လည်း မလေးတဲ့ အပြင် ဘောလုံးပွဲတွင်သာ မကာ တခြားဖျော်ဖြေရေး တွေကိုလည်း ပြသပေးပါတယ်။ ဒေါင်းလုပ်ဘယ်လို ချရမလဲဆိုတော့ www.myp2p.eu ကိုဝင်လိုက်ရင် Live Sports ဆိုတာရဲ့ ညာဘက်ဘေးနားမှာ Softwares ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Page ကိုဝင်လိုက်တာနဲ့ အောက်မှာပေးထားတဲ့ Sopcast ၊ TVU Player ၊ Tv Ants ၊ Window mediaplayer အစရှိသည်ဖြင့် တွေ့ရမှာပါ။ အကောင်းဆုံး Player တွေကတော့ Sopcast and TVU Player တို့ပါပဲ။ ဒီပလေယာတွေကို ဒေါင်းလုပ်ချပြီး အင်စတော် လိုက်လိုက်ပြီးပြီး ဆိုတာနဲ့ ပလေယာကို ဖွင့်ထားပါ ။ ပြီးရင် အပေါ်မှာ ကျွန်တော် ပြောပြထားတဲ့အတိုင်း အစီအစဉ်တကျ သွားပါ။ နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရွေးချယ် ကြည့်ချင်တဲ့ လိုင်းနေရာလေးမှာ Sopcast နဲ့ တစ်တန်းထဲ ရှိတဲ့ Play ဆိုတာလေးကို ကလစ်လုပ်လိုက်တာနဲ့ နဂိုဖွင့်ထားတဲ့ ပလေယာထဲကို လင့်ခ်သွားချိတ်ပြီးတော့ ဘောလုံးပွဲ စတင်လာပါတော့တယ်။ Buffering တော့ စောင့်ရတာပေါ့ဗျာ။ TVU Player ကိုလည်း ရွေးချယ်နှိပ်နိင်ပါတယ်။ ကျွန်တော်ကတော့ လိုင်း ၂ ခုလုံး ဖမ်းကြည့်ပါတယ်။ တစ်ခုမကောင်း တစ်ခုဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။




သတိပြု စေချင်တာက ။ တစ်ချို့ကွန်ပျူတာတွေမှာ IE နဲ့ဝင်လို့ လင့်ခ်ချိတ် မရတဲ့အခါ ၊ အော်တိုမစ်တစ် မ၀င်သွားတဲ့ အခါဆိုရင် FireFox နဲ့ ၀င်ကြည့်ပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့် ကွန်ပျူတာမှာတော့ IE နဲ့မှပဲ ကြည့်ရှု့လို့ရပါတယ်။ FireFox နဲ့ မရတာကြောင့်ပါ။ ဒီလိုဆိုရင် စလောင်း မရှိတဲ့ သူတွေရော ၊ တီဗီက မပြတဲ့ ဒုက္ခကပါ ကင်းဝေးပြီး လူမပင်ပန်း ၊ ငွေမကုန်ပဲ ဘောလုံးပွဲများကို မိမိနေရာ ၊ စားပွဲ ၊ ကုတင် ပေါ်မှာ လွတ်လပ်စွာ စိတ်ကြိုက် ကြည့်ရှု့ခွင့် ရနိင်ပြီပေါ့။ အားလုံးလည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဆင်မပြေခဲ့ရင်လဲ Cbox မှာ ပြောကြားခဲ့နိင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းရင်း ။


Saturday, April 26, 2008


ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အဘကို သတင်းပို့ကာ ကျွန်တော်စခန်း ချခဲ့ရာ စခန်းသစ် စခန်းဆီသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။ တော်တော်လေးကို အောင့်အီးပြီး သည်းခံခဲ့ရတဲ့ ဂစ်တာတီးချင်စိတ်ကို အတိုးချ တီးရအောင်လည်း ကိုယ်နဲ့ တပါးတည်း ယူဆောင်ခဲ့တာပေါ့။ ဟိုရောက်တော့ ကိုယ့်တဲ ကိုယ်ပြန်သွား ၊ ပစ္စည်းတွေ ပြန်ချနဲ့ နေခဲ့ဘူးတော့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့ပါဘူး။ ဆရာကြီးတွေကလည်း ကိုယ်နဲ့ လက်တွဲခဲ့ပြီးသား ဆရာကြီးတွေ ဆိုတော့ သူတို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပေါ့။ ကာလကတော့ သင်္ကြန်ပြီးသွားတော့ ရာသီဥတုက မိုးရာသီစပြီပေါ့။ ညဆို မိုးတွေကရွာ ၊ တောင်ထိပ်ဆိုတော့ လေတွေကတိုက် ၊ တခါ ကျွန်တော်တဲမှာ ညဖက်ကြီး အိပ်နေတုန်း ၀ုန်းဆို လေတိုက်လိုက်တာ တော်တော်ပြင်းတာကြောင့် ကျွန်တော် နေတဲ့ တဲအမိုးကြီး လန်ထွက်သွားပါလေရောလား ။ ရှိသမျှ အကုန်စိုတော့တာပါပဲ။ အိပ်ရာ ၊ ဘုရားစင် ၊ လက်နက် ၊ စာအုပ် ၊ အကုန်ဆိုတာ။ မိုးတော်တော်သဲနေတဲ့ အချိန်မို့လို့ ဒီလောက်ထိ ဖြစ်သွားတာပါ။ အသံကြားတော့ ဆရာကြီးတွေက မိုးရေကြီးထဲ ရောက်လာပြီး ပြုတ်ထွက်သွားတဲ့ အမိုးကို ပြန်ကာပေးကြနဲ့ အဲဒီညက အိပ်ရေးပျက်သွားကြပါတယ်။ မိုးကလည်း တစ်ခါရွာရင် ၃ ၊ ၄ ရက်လောက် ဆက်တိုက်ရွာတာ ဆိုတော့ စောင် ၊ ခြင်ထောင်တွေကိုလည်း နေလှမ်းလို့ မရနဲ့ အဲဒီတုန်းက တော်တော် ဒုက္ခ ရောက်ခဲ့ရပါသေးတယ်။

မိုးတွေ ဆက်တိုက်ရွာတာကြောင့် ပစ်ကျင်းတွေ ထဲကို ရေတွေဝင် ၊ ခံစစ်စည်းအတွက် ကာထားတဲ့ တိုင်တွေက ယိုင်နှဲ့ကုန်လို့ မိုးရွာထဲလဲ ရှိသမျှ ပုန်းတွေ ၊ ခွက်တွေနဲ့ လူခွဲပြီး ခပ်ထုတ် ၊ တိုင်တွေ ပြန်စိုက်တဲ့ သူက စိုက်နဲ့ လူ ( ၇ ) ယောက်လေးနဲ့ လှုပ်ရှားရတာပေါ့။ ထမင်းချက်နဲ့ ကင်းသမားက လွဲလို့ ကျန်တဲ့ ( ၅ ) ယောက်နဲ့ လှုပ်ရှားရပါတယ် ။ မိုးရွာတဲ့ နေ့တွေဆို ကိုယ့်တဲမှာ ကိုယ်နေပြီး အိပ်ချင်အိပ် ၊ မအိပ်ချင်လည်း အိပ်နဲ့ အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။ မိုးမရွာတဲ့ နေ့တွေဆိုရင်တော့ နေ့ခင်းနေ့လည်ဘက် စခန်းအလယ်ကောင်က ထိုင်ခုံစာပွဲလေးမှာ ၀ိုင်းထိုင်ပြီး အလုပ်ပြန်မစခင် အမောဖြေရင်း စကားပြောပေါ့။ အလုပ်ဆိုတော့ ဘာတွေများ လုပ်ရသလဲလို့တော့ မေးချင်မှာပေါ့။ ကိုယ့်စခန်းလုံခြုံရေးကို တက်နိင်သမျှ အကောင်းဆုံး ပြင်ဆင်ခြင်း တစ်ခုကိုပဲ အဓိက ထားလုပ်ပါတယ်။ စခန်းနား ပတ်ပတ်လည်ကိုလည်း လုံခြုံမှု ရှိမရှိ ၊ တည်နေရာ အနေအထား လေးတွေ လိုက်ကြည့်နဲ့ပါပဲ။ ဆရာကြီးတွေက အရက်သောက်တက် တာကြောင့် တခါတလေ ရွာထဲ ဆင်းဝယ်ခိုင်း ပေမယ့် စခန်းမှာပဲ ပြန်လည် သောက်ခိုင်းခဲ့ရတယ်။ ပြဿနာ မတက်စေချင်လို့ပါ။ ညနေဖက်တွေ ရာသီဥတုက သာယာတာကြောင့် ပါလာတဲ့ ဂစ်တာလေးတီးကာ သီးချင်းဆိုကြရင်း ၀ါသနာပါတာရော ၊ ဆေးဖြစ်ဝါးဖြစ်ပါ အရက်သောက်ကြတာပေါ့။ သောက်တယ်ဆိုပေမယ့် လွန်လွန်ကျွံကျွံ မဖြစ်အောင် သောက်ဖို့တော့ မှာထားရပါတယ်။ အဲဒီတုန်းက ဆရာကြီး တစ်ယောက် တီးတဲ့ သီချင်းလေးကို ကျွန်တော် တော်တော်လေး သဘောကြခဲ့သေးတယ်ဗျ။ အားလုံးလည်း နားထောင်ဖူးမှာပါ။ ကျွန်တော်ကတော့ အဲဒီအချိန်တုန်းကမှ ကြားဖူးတာ။ ညနေ နေ၀င်ချိန်လေးမှာ ဆရာကြီးက ဂစ်တာလေး ခေါက်ပြီး ဆိုတဲ့ သီချင်းလေးက ဆိုင်းစိုင်မော့စ် ဆိုထားတဲ့ “ ချယ်ရီသက်သေ မောင့်မျက်ရည် ” ဆိုတဲ့ သီချင်းလေးပါ စာသားလေးက

“ ချယ်ရီတွေ ငိုနေပြီ နန်းရယ်~~~~~ဆောင်နှင်းရဲ့ အညှိုးတွေ ကြောင့်ဖြစ်မယ်~~~~~နှင်းဆဲလို့ ရောင်နီ လာတော့မှ အငိုတိတ်နိင်မယ် ~~~တောင်ပြာတွေ ငိုပြန်ပြီ နန်းရယ်~~~~ မိုးမင်းရဲ့ အညိုးတွေကြောင့် ဖြစ်မယ် မိုးနှောင်းလို့ ဟေမာန်လာတော့မှ အငိုတိတ်နိင်မယ်~~~ အခုများတော့လေ ဝေဒနာတွေပေး ပေးရက် တယ်ကွယ်~~~~ ချစ်ရသူရယ် မုန်းရက်နိင်တယ် ~~~~~စိုင်းရင်မှာ ငိုနေတယ် နန်းရယ် နန်းလေးရဲ့ အမုန်းတွေကြောင့် ဖြစ်မယ် နန်းအပြုံးနဲ့ ပြန်ကာ လာချော့မှ အငိုတိတ်နိင်မယ် ” ဆိုတဲ့ သီချင်းလေးပါ။ ဘယ်သူ့ကိုမှ သတိရတာ မဟုတ်ပေမယ့် အချိန်အခါနဲ့ ရာသီဥတုက အလွမ်းသီချင်းဆိုတော့ စိတ်ထဲ လေးလေးလံလံတော့ ဖြစ်သွားတာပေါ့။

ကျွန်တော် စခန်းသစ်စခန်းကုန်းမှာ တာဝန်ကျတုန်းက ဘိန်းဖမ်းမှု့တစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် ပြန်ကြားရတဲ့ သတင်းကို ရေးပြပေးလိုက်ပါတယ်။ ဖြစ်ပုံက လှုပ်ရှားစခန်းခွဲတစ်ခု ဖြစ်တဲ့ စခန်းတစ်ခုမှာ တာဝန်ကျတဲ့ ရဲဘော်တစ်ယောက်က ဘယ်က ဘယ်လိုနည်းနဲ့ သတင်းရသွားလည်း မသိပါဘူး။ ရဲဘော်ဆိုပေမယ့် နယ်မြေခံ ခွင်ကို တော်တော်လေး အတွေ့အကြုံ ရှိတဲ့ ရဲဘော်ပါ။ သူ့အဆက်အသွယ်နဲ့ ရတာလား ဘယ်သူက သတင်းလာပေးတာ လဲတော့ မသိဘူး ။ လမ်းမှာ ဘိန်းတင်ထားတဲ့ ဆိုင်ကယ်တစင်း ဖြက်သန်းမယ်ဆိုလို့ သူက ဘယ်သူမှ မသိအောင် ကင်းပုန်းသွားဝပ်ပြီး စောင့်ဖမ်းဖို့ ကြိုးစားတာပေါ့။ ညနေ ၆ နာရီလောက်ကြာတော့ သတင်းရထားတဲ့ အတိုင်း ဆိုင်ကယ်တစ်စီးလာပါတယ်။ ဒီတော့ ဒီကောင်လည်း ၀ပ်နေရာက ထွက်ပြီး ၊ စစ်ဆေးတာပေါ့။ ဟိုရှာဒီရှာ လုပ်တော့ ဆပ်ပြာတုံးအရွယ် ဘိန်းထုပ်လေးကို တွေ့ပါတယ်။ ကာလပေါက်ဈေးနဲ့ဆို ၁၀ သိန်းအထက်လောက်များ ရှိမလား မသိဘူး။

ဒါနဲ့ ဒီကောင်လည်း စစ်ဆေးမေးမြန်းပြီး ငွေစကားပြောတာပေါ့။ လူငယ်ဆိုတော့ သူလည်း ပိုက်ဆံသုံးချင်တာနဲ့ ဒါကြောင့် မင်းငါ့ကို ငွေ ၅၀၀ ပေးရင် လွှတ်ပေးမယ်ဆိုပါတယ် ။ ငွေက တရုတ်ငွေ ၅၀၀ ပါ။ ဒီတော့ ဟိုကောင်ကလည်း ငါ့ဆီမှာ အဲဒီလောက်မပါဘူး။ ၂၀၀ ကျော်ပဲ ပါတယ် ဆိုတော့ အဝေမတည့် ဖြစ်ပြီး စက်နဲ့ အဘတပ်ရင်းမှုး ရှိရာကို ဘိန်းထုပ် ဖမ်းဆီး ရမိနေပြီ ဖြစ်ကြောင်း သတင်းလှမ်းပို့ပါတယ်။ အဲဒီအချိန် ကျွန်တော်ကလည်း အဘကို ထူးခြားဖြစ်စဉ် မရှိကြောင်း စက်နဲ့ သတင်းပို့ဖို့ အတွက် စက်ကို ဖွင့်တော့ ဟိုဘက်က ရဲဘော်ပြောနေတဲ့ အသံတွေ ၀င်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း နားထောင်နေတာပေါ့။ တဖက်က အဘ ပြန်ပြောတာကိုလည်း ကြားနေရပါတယ်။ အချိန်က ည ၇ နာရီ ခွဲလောက် ရှိနေပါပြီ။ သတင်းကလည်း ရနေတယ်ဆိုတော့ အဘတို့လည်း ဗျူဟာမှုးကို သတင်းပို့ပြီး ချက်ချင်း ရှာဖွေဖမ်းဆီးဖို့ ပြင်ဆင်ပါတော့တယ်။ ဒီနေရာမှာ တစ်ခုပြောပြချင်တာက....

ကျွန်တော့် တပ်ရင်းမှုးက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆို တော်တော်လေးကို မုန်းပါတယ်။ ဘာကြောင့် သူဒီလို ဖြစ်သွားလဲလို့ ဆရာကြီးတွေကို မေးကြည့်တော့ တခါသူရှေ့တန်းထွက်တုန်းက အထက်က တာဝန်ပေးလာတာကြောင့် ဘုရားတည်ဖို့ တာဝန်ယူရပါတယ်။ ရှေ့တန်းဆိုတော့ ကိုယ်တာဝန်ယူရတဲ့ နယ်မြေအလိုက် ရှိပါတယ်။ ကိုယ့်လိုပဲ ကျန်တဲ့ နယ်မြေတွေကို တခြားတပ်ရင်းတွေက တာဝန်ယူပေါ့။ အဘက ဘုရားတည်ဖို့ ကြိုးစားနေချိန်မှာ သူတာဝန်ယူရတဲ့ နယ်မြေမှာ ဘိန်းချက်စခန်း တစ်ခုရှိတာကို ရဲက သတင်းရတော့ တာဝန်ယူရတဲ့ အဘတို့ကို သွားမပြောဘဲ နယ်မြေခံတပ်ရင်းကို သွားသတင်းပို့တော့ အဲဒီတပ်ရင်းက ရှိတဲ့ လူအင်အားနဲ့ ထွက်လိုက်သွားပြီ လက်ရဖမ်းဆီးနိင်လိုက်ပါတယ်။ ပြဿနာက ဘာဖြစ်သွားလဲ ဆိုတော့ တာဝန်ယူနေတဲ့ တပ်ရင်းက မသိရဘူးလား ၊ လက်ဘ်စား ထားလို့ မသိတာလား ဆိုပြီး စတော့တာပါပဲ။ အဲဒီမှာ အဘလည်း “ ဘုန်းကြီးအမှု ရွာပတ် ” ပြီ ဆားဗစ်ကဒ် ထိကာ ဗိုလ်မှုးရာထူးကနေ ပင်စင်ယူသွားတဲ့ အထိ မတက်တော့ပါဘူး။ အထက်က အချိန်မှီ ပြီးစီးအောင် လုပ်ခိုင်းထားလို့လည်း ဘုရားတည်နေရသေးတယ် ဖြစ်လာတော့ ဘာမှ ရှင်းပြလို့လည်း မရခဲ့ပါဘူး။ ဒါကြောင့် အဘက မူးယစ်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေဆို တော်တော်လေးကို မုန်းတီးခဲ့ပါတယ်။

ဒီလိုနဲ့ အဘ အပါအ၀င် ၊ ဗျုဟာမှုး ၊ နယ်မြေခံ ရဲတပ်ရင်းတို့လည်း သတင်းရတဲ့ အိမ်ကို သွားရှာကြတာပေါ့။ တရားခံတစ်ယောက်လုံး ပါနေတာတောင် အိမ်ရှင် တရုတ်လင်မယားက ဘူးခံပြီး ငြင်းနေပါသေးတယ်။ နောက်ဆုံး တစ်အိမ်လုံး မွှေနောက် ရှာတာ မတွေ့တာကြောင့် လက်လျှော့မယ် အဆုံး ကြမ်းခင်းလေး တစ်ခုက ဟနေပြီ အိတ်အစလေး တစ်ခုက ထွက်နေတာကြောင့် လှန်ကြည့်တော့မှ အောက်မှာ ဆာလာအိတ်နဲ့ တခါတည်း ပါကင်ထုတ်ပြီးသား အိတ်တွေကို သွားတွေ့ရပါတယ်။ ကာလပေါက်ဈေးနဲ့ဆို သိန်းကို သောင်းချီပြီးတော့ ရမယ့် ပိုက်ဆံအရေအတွက်ပါ။ ဒါနဲ့ အိမ်မှာ ရှိတဲ့သူ အကုန်ဖမ်း ၊ ၄ နှစ်သမီးအရွယ် သူတို့ကလေးကိုတော့ ရွာထဲက သူတို့ အဘွားတွေဆီမှာ အပ်ထားခဲ့ပြီး လင်မယား နှစ်ယောက်စလုံးကို ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပါတယ်။ အချိန်က ည ၁၂ ကျော်နေပါပြီ။ ကျွန်တော့်စခန်းနားကို ယဉ်တန်းဖြက်တော့ လုံခြုံရေး ယူလိုက်ပြီး စခန်းအောက်မှာ ဆင်းကာ အလေးပြု သတင်းပို့ပါတယ်။ ဗျူဟာမှုးက ထူးခြားဖြစ်စဉ် ရှိမရှိ မေးပြီး အရင်ကထက် စခန်းကို ပိုမို ဂရုစိုက်ဖို့ မှာကြားကာ ပင်မဌာနချုပ်ကို မောင်းထွက်သွားပါတယ်။

အဲဒီဘိန်းဖမ်းပြီး နောက်တစ်နေ့က စပြီး စခန်းလုံခြုံရေးကို အရင်ကထက် ပိုမို ဂရုစိုက်ဖို့နဲ့ ဘိန်းဖမ်း ထားတာကြောင့် သူတို့၏ လုပ်ဖော်ကိုင်ဖက်များက ကောင်တာ ပြန်လာနိင်ကြောင်း ပြောကြားပါတယ်။ တစ်ညတော့ ကျွန်တော်လည်း မြို့ထဲကို ဆရာကြီး တစ်ယောက်နဲ့ အဖော်လိုက်သွားတာ ပြန်လာတာ နောက်ကျတာကြောင့် အဘက စိုးရိမ်ပြီး တစခန်းလုံး တပ်လှန့်ရှာတာ နောက်ဆုံး ကျွန်တော့်ကိုတွေ့တော့မှ စိုးရိမ်တာ ရပ်လိုက်ပေမယ့် အဘ လက်သီးက မရပ်ပါဘူး။ “ ခွပ် ” ဆို ပါးစောင်တည့်တည့် ကို အထိုးခံလိုက်ရပါတယ်။ သူ့စိုးရိမ်စိတ်ကလည်း လွန်လိုက်တာနော်။ အပွဲပွဲ နွှဲလာသမျှ ရွှေဘ လည်း အခုမှ ခံရတယ် ဖြစ်နေတယ်။ ထိုးခံလိုက်ရခြင်း စိတ်ထဲမှာ ၀မ်းနည်းသွားပေမယ့် ကျွန်တော့်ကို ချစ်လို့ပဲလေ ဆိုပြီး ဘာမှတော့ မခံစားရပါဘူး။

ဒီလိုနဲ့ ကျွန်တော်လည်း ရှေ့တန်းမှာ ဟိုနေရာ ပြောင်း ၊ ဒီနေရာ ရွှေ့နဲ့ ၆ လနီးပါးလောက်ပဲ တာဝန် ထမ်းဆောင်ပြီး တဲ့အခါမှာ တွယ်တာခဲ့ရသော ၊ အတွေ့အကြုံရခဲ့သော ၊ တခါတလေ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော ၊ ချစ်ခင်တွယ်တာခဲ့ရသော လုပ်ဖော်ကိုင်ဖက် ဆရာကြီးများနှင့် တပ်စုမှုး သင်တန်း တပ်ရန် အလို့ဌာ ဗထူးမြို့သို့ သွားရောက်ရန် အကြောင်းကြားလာတာကြောင့် မုံးကိုး ရှေ့တန်း စခန်းကို စွန့်ခွာ ခဲ့ရပါတယ်။ ပြီးပါပြီ။

ကျွန်တော် ဒီပို့စ်လေး ရေးနေစဉ် အတွင်းမှာ မရည်ရွယ်၍ပဲ ဖြစ်ဖြစ် ၊ရည်ရွယ်ပြီး ရောက်လာတဲ့သူပဲ ဖြစ်ဖြစ် ၊ ကော်မန့်ရေးပေးတဲ့ ချစ်စွာသော ဘလော့ဂ်ဂါ ညီအစ်ကိုမောင်နှမတို့အား လှိုက်လှဲစွာ ကျေးဇူးအထူး တင်မိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် စာမရေးနိင်ခြင်းကို စိတ်ရှည်သည်းခံစွာ ဖတ်ရှုပေးတဲ့ အတွက် ထပ်မံဝမ်းသာမိပါကြောင်း ပြောကြားအပ်ပါသည်။ ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံး ကျန်းမာချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဒီနေရာကနေ ဆုတောင်းရင်း.........



Wednesday, April 23, 2008


အရေးကြီး လှုပ်ရှားဖို့ ကိစ္စတွေ မရှိတဲ့ အခါ စခန်းလုံခြုံရေးအတွက် ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ရင်း တစ်နေ့ပြီး တစ်နေ့ ရှေ့တန်း ရက်များကို ကြေးနန်းပို့လိုက် ၊ ခံစစ်ပြင်လိုက်နဲ့ အချိန်ကုန်ခဲ့ရပါတယ်။ တခါတလေ အဘကိုယ်တိုင် လက်အောက် စခန်းတွေဆီကို သွားရောက်စစ်ဆေးတဲ့ အချိန် လိုက်ရတာက လွဲလို့ ကျန်တာ မယ်မယ်ရရ ဘာမှ လုပ်ရတာတော့ မရှိပါဘူး။ အနက်မိုးလင်းလျှင် သစ္စာဆို ၊ နောက်တော့ ကိုယ့်စီတာဝန်ခွဲ ၊ နေ့လည်း ထမင်းစား ၁၂ ခဏတန်းဖြုတ် ၊ နေ့လည် ၁ နာရီ အလုပ်ပြန်စ ၊ ကင်းစောင့်တဲ့ သူက စောင့် ၊ ထမင်းချက်တဲ့ သူကချက် ၊ ကျွန်တော်ကတော့ ရုံးအလုပ်လည်း လုပ် ၊ ဖက်ထိတ် ပေးတာလဲ လုပ်ပေါ့ဗျာ။ ဖက်ထိတ် ဆိုတာက တပ်မတော်မှာ အမြဲတမ်း ကြားနေရတဲ့ စကားလေး တစ်ခွန်းပါ။ အရပ်သားစကားနဲ့ ပြောရမယ်ဆိုရင်တော့ အလုပ်လုပ်ရတာပေါ့။ စနေ နေ့မနက်တိုင်း သင်တန်းကျောင်းတွေမှာ တန်းစီပြီး ဟိုနေရာကို ရှင်း ၊ ဒီပစ္စည်းတွေ ဟိုသယ် ၊ ဟိုပစ္စည်းတွေ ဒီပို့နဲ့ လုပ်ရတာပါ။ နွေရာသီထဲ မရောက်လာသေးပေမယ့် မြန်မာရာသီဥတုက ပူပူနဲ့ နေပူပူ လေပူပူမှာ အလုပ်တွေ လုပ်လိုက် ၊ သစ်ပင်ရိပ်မှာ ထိုင်ပြီး ဘာဆက်ဖြစ်မယ် မသိသေးတဲ့ ဘ၀အကြောင်းကို တွေးကြည့်လိုက် ၊ ဌာနေက မိဘညီအစ်ကိုမောင်နှမတွေနဲ့ သူငယ်ချင်းတွေ ဒီအချိန် ဘာလုပ်နေကြမလဲ ဆိုတာကို တွေးလိုက်နဲ့ တခါတခါ ၀မ်းနည်း သလိုလိုတော့ ခံစားခဲ့ရပါတယ်။ ဂစ်တာကလည်း အဘက ဆူထားတော့ မတီးရဲဘူး။ သူနဲ့ စခန်းပြောင်းရတဲ့ အခါမှ အပိုင်တီးမယ်လို့တော့ ဆုံးဖြက်ထားရင်း တစ်နေ့တော့......

“ ဟေ့ကောင် ဗိုလ်ကြောင် ၊ အခုချက်ချင်း လူစု ၊ လက်နက်တိုက်ဖွင့် ၊ သေနတ် အကုန်ထုတ်ထား ၊ လက်နက်ကြီး တွေကလွဲလို့ ကိုယ်ပိုင် လက်နက်တွေ အကုန်ထုတ် ၊ ပြီးရင် တန်းစီထားနှင့် ငါလာခဲ့မယ့် ” ဆိုပြီး နေ့လည်ထမင်းစားချိန်ကြီး အဘက အရေးပေါ် အမိန့်ပေးလာတာကြောင့် ကျွန်တော်လည်း ၀ီစီမှုတ် ၊ ဆရာကြီးကို ခေါ်ပြီး တဆင့် ထပ်မှာ ၊ ကိုယ်တိုင်လည်း Equipment လွယ် ၊ ပစ္စတိုကျည်စစ် ပြီး တန်းစီကွင်းကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့ ရှေ့ကြည့် သတိခေါ်ပြီး တန်းအပ်ဖို့ အဘကို စောင့်နေလိုက်ပါတယ်။ တအောင့်နေတော့ အဘက ဗျူဟာက ပြန်လာပြီး စကားပြောတာက

“ ဘယ်သူတွေ နေခဲ့ ၊ ဘယ်လူက ဘာလုပ်ထား ၊ စက်သမားက စက်ကို ကားပေါ်တင် ၊ ကားဘယ်နှစ်စီးမှာ လူက ဘယ်လို ခွဲလိုက်ရမယ် ” ဆိုပြီး ဒီလောက်ပဲ ညွှန်ကြားပါတယ်။ ကျွန်တော့်ကိုလည်း ဘာမှ မပြောပါဘူး ။ ဒီတော့ ကျွန်တော်လည်း သူခိုင်းတာပဲ လုပ်ရတာတော့တာပေါ့။ ကားလာတော့ သူ့အနောက်က ခုံမှာ ထိုင်ရင်း ကိုယ်လည်း သေနတ်ကို အဆင်သင့်နဲ့ ရမ်ဘို နဲ့ပဲ ယှဉ်ပစ်ရတော့မလိုလို စိတ်ဓတ်တက်ကြွနေတာ။ ကားက အချိန်တော်တော် ကြာကြာကို မောင်းရပါတယ်။ လမ်းက တောင်ပေါ်လမ်းတွေ ဖြစ်တဲ့ အပြင် စနစ်တကျ ဖောက်လုပ်ထားတာ မဟုတ်ဘဲ ထော်လာဂျီ ၊ လှည်း တို့လောက် သွားလို့ရအောင် လုပ်ထားတဲ့ အပြင် တခါတလေ တဖက်မှာ တောင် ၊ တဖက်မှာ ချောက် ၊ လမ်းက ကျောက်ခင်းလမ်း ဖြစ်တဲ့ အခါ ဖြစ်နဲ့ ကားသမားလည်း တော်တော်လေးကို သတိထားမောင်းနေ ရသလို ကျွန်တော်တို့လည်း ဘုရားစာ ဆိုပြီး လိုက်လာခဲ့ရတယ်။ အဲဒီအချိန်အထိတော့ ကျွန်တော်တို့ စစ်သားတွေချည်းပါပဲ။

“ ဖောင်းဆိုင် ” ဆိုတဲ စခန်းခွဲ တစ်ခုကိုရောက်တော့ ရဲစခန်းထဲကို မောင်းဝင်သွားပြီး အဘနဲ့စခန်းမှုး စကားပြောကြပြီး အတူ ပြန်ထွက်လာပါတယ်။ ရဲတပ်သား ၅ ယောက်လောက်ကိုလည်း ၀တ်စုံပြည့် လက်နက်တွေနဲ့ ကားပေါ်တက်ခိုင်းပြီး ဆက်လက် ခရီးထွက်လာခဲ့ပါတယ်။ ရဲတွေပါ ပါလာပြီဆိုတော့ ဇာတ်လမ်းက ပိုရှုပ်သွားတယ်ဗျ။ ဘာဖြစ်မှန်း မသိဘူး။ တစ်ခု စဉ်းစားမိတာက အင်းအားမလောက်လို့ ခေါ်တာလား ဆိုတာပါပဲ။ ဒါနဲ့ ကားတန်းဟာ ဆက်လက် ထွက်ခွာလာခဲ့ပါတယ်။ အချိန်တော်တော်ကြာ မောင်းပြီးတော့ ရွာတစ်ရွာ အ၀င်လမ်းမှာ ခဏနားပြီး ဗျူဟားမှုးဆီကို စက်နဲ့ သတင်းပို့ပါတယ်။ ၁၀ မိနစ်လောက် ကြာပြီးတဲ့ အခါမှာတော့ ဗျုဟာမှုးကား ရောက်လာပြီး ဆွေးနွေးကြပါတယ်။ ကျွန်တော်နဲ့ ကျန်တဲ့သူတွေကတော့ ရပ်ကြည့်ပေါ့။ ကိုယ့်အဆင့်နဲ့ ကိုယ်လေ သိတယ် မဟုတ်လား။ ဒီလိုနဲ့ ဗျုဟာမှုးနဲ့ လုံခြုံရေး အဖွဲ့တွေက တစ်လမ်း ၊ ကျွန်တော်တို့က တစ်လမ်း ခွဲသွားရပါတယ်။ ကားပေါ်ရောက်တော့မှ အဘက “ ဗျူဟာမှုးတို့က သစ်ကားများ ဖြက်နေသည်ဟု သတင်းရသောကြောင့် ဖမ်းဖို့ သွားတာ ဖြစ်ပြီး ၊ ကျွန်တော်တို့ကတော့ လောင်းကစားဝိုင်းတစ်ခု တရုတ်-မြန်မာနယ်စပ် သံလွင်မြစ်ဘေးတွင် အကြီးအကျယ် ကျင်းပနေကြောင်း သတင်းရ၍ သွားရောက် ဖမ်းဆီးရန် တာဝန်ပေးလာသောကြောင့် ယခု သွားရခြင်း ဖြစ်ကြောင်း ” ပြောပြပြီး ဟိုရောက်လျှင် ၀င်ဆီးမိတာနဲ့ စစ်သည်တွေကို လုံခြုံရေးကို ချက်ခြင်း တာဝန်ယူခိုင်းရန် ၊ မှတ်တမ်းတင် ဓတ်ပုံရိုက်ရန် မှာကြားပါတယ်။ ကျွန်တော်လည်း ရင်တခုန်ခုန်နဲ့ ဘယ်လိုတွေများ တွေ့ရမလဲလို့ စိတ်ဝင်စားနေတာပေါ့။ ဒီလိုနဲ့ နောက်ထပ် မိနစ် ၂၅ လောက်လဲ မောင်းပြီးရော သံလွင်မြစ်ဘေးကို ရောက်လာပါတယ်။ အဲဒီနားမှာ ဆိုင်တန်းလို အစုအဝေးလေးကို တွေ့လိုက်ရတာနဲ့ ကျွန်တော်တို့လည်း ကားကို ချက်ခြင်း အတင်းမောင်းဝင်ပြီး သေနတ်တွေနဲ့ ချိန် ၊ အလစ်ဝင်စီးကြတာပေါ့။

အဲဒီနားမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက တပ်သားတစ်ယောက်က သေနတ်နဲ့ ဘေးချပြီး တခြားတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်တာနဲ့ လက်မြန်တဲ့ ရဲဘော်တစ်ယောက်က ချက်ခြင်း သေနတ်ကို ကောက်သိမ်း ၊ ဒီကောင့်ကိုဖမ်း ၊ ရုတ်တရက်ဆိုသလို ထပြေးတဲ့ လူတွေက တရုတ်နယ်ထဲ ၀င်ပြေးတာ လောင်းကစားသမားတွေ တော်တော်လွတ်သွားတယ်ဗျာ။ အဲဒီနားမှာ တံတားဆောက်ထားတော့ အလွယ်တကူ ၀င်ပြေးတော့ ကျွန်တော်တို့က ၀င်ဖမ်းလို့ မရဘူးဖြစ်နေပါတယ်။ တရုတ်က သူ့နိင်ငံထဲ သူ့နိင်ငံသားတွေ ၀င်ဖမ်းတယ်ဆို ပြဿနာက ရှည်လာတော့မှာကြောင့် လောင်းကစားဝိုင်း ခေါင်းဆောင်ကိုပဲ လက်ရ ဖမ်းဆီးလိုက်ပါတယ်။ တခုထူးထူး ခြားခြားတွေ့ရတာက တဖက်တဲတန်းက လောင်းကစားဝိုင်း ၊ ၆ ၀ိုင်းလောက်ရှိတယ် ၊ ခုံတွေက တကယ့်အကောင်းစားတွေ ၊ လုပ်နေတာလဲ တော်တော်ကြာပြီ ထင်ပါတယ်။ အဲဒီဝိုင်းတွေနောက်မှာ ရေပူရေအေး ချိုးတဲ့ ရေချိုးခန်းတွေ ရှိပြီး မျက်နှာချင်းဆိုင် တဲတန်းမှာတော့ စားသောက်ဆိုင်လိုလို ၊ တဲလိုလို ဟာမျိုးလေးတွေ စီတန်းစွာ တည်ရှိနေပြီး တဲရှေ့က ခုံတန်းပေါ်မှာ အသက် ၅ နှစ်ကနေ ၆၀ နှစ်အထိ ကလေး လူကြီး ကျားမ စုံနေအောင် ထိုင်နေတာ တွေ့ရပြီး အ၀တ်အစားတွေကလည်း တောထဲ ချောင်ထဲမှာ နေလို့လား မသိဘူး တော်တော်လေးကို ညစ်ပတ် စုတ်ပြက်နေပါတယ်။ အများအားဖြင့် မိန်းခလေးတွေ ပိုများပါတယ်။ အရွယ်အားဖြင့် ၁၆ နှစ်ကနေ ၂၀ လောက်က အဲဒီအထဲမှာ တော်တော်ပါပါတယ်။ လူတိုင်းနီးပါး စုတ်ပြက်နေတာ မဟုတ်ပေမယ့် အဲဒီအရွယ်မိန်းခလေးတွေက ပြင်ထားဆင်ထားကြတာ ( ကန့်တော့ပါရဲ့ - မကောင်းတဲ့ မိန်းခလေးလို ) ပုံစံမျိုးတွေပါ။ မြန်မာစကားလည်း တစ်လုံးမှ မတက်ကြပါဘူး။ ကျွန်တော်တို့ကို တွေ့တော့ ပုန်းတဲ့ သူက ပုန်း ၊ ထိုင်ကြည့်နေတဲ့ သူက ကြည့်နဲ့ ကျွန်တော်လည်း သူတို့ကို လိုက်ကြည့်ပြီး စိတ်တော့ တော်တော် မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဘာတက်နိင်မှာလဲ ။ ဒါကြောင့် ကိုယ့်ကို တာဝန်ပေးထားတဲ့ အတိုင်း လုံခြုံးရေးကို တာဝန်ယူ ၊ မှတ်တမ်းတင် ဓတ်ပုံရိုက် ၊ တရားခံ စောင့်ကြည့်နဲ့ ဒါပဲ ရှိတယ်။

လောင်းကစားဝိုင်းဆိုတဲ့ အတိုင်း ပိုက်ဆံတွေကတော့ သောက်သောက်လဲဗျာ။ အားလုံးက အနီရောင်တွေ ချည်းပဲ ။ အနီရောင်ဆိုတာ တရုတ်ငွေ ၁၀၀ တန်ပါ။ မြန်မာငွေဆို ၁ သိန်းပေါ့ဗျာ။ အဲဒီမှာ အဘက ကျွန်တော့်ကို ငွေတွေ ရေတွက် သိမ်းဆည်းတဲ့အထဲ မလုပ်ခိုင်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံနောက် လိုက်သွားမှာ စိုးရိမ်လို့ နေမယ်ထင်ပါတယ်။ ပါလာတဲ့ စခန်းမှုးနဲ့ တပ်ကြပ်ကြီးတစ်ယောက်ကို ရေခိုင်းပါတယ်။ လောင်းကစား ၀ိုင်း ဒိုင်ကလည်း မြန်မာလိုမတက်ပဲ သူ့သူဌေးဆီကို ဖုန်းဆက်ချင်ကြောင်း တရုတ်လိုလို တတွင်တွင် ပြောနေပါတော့တယ်။ ကျွန်တော်လည်း တရုတ်လို တက်လို့တော့ မဟုတ်ပါဘူး။ လုပ်သက်ရင့်နေတဲ့ ဆရာကြီးက ပြောပြလို့ သိတာပါ။ ဒါနဲ့ စခန်းမှုးက သူတို့ ရဲတွေ လုပ်နေကြ သက်သေယူ ၊ မှုခင်းရေး အစရှိတာတွေ လုပ်ဆောင်ပြီး ကျွန်တော်တို့လည်း ပြန်လည် ထွက်ခွာလာခဲ့ပါတယ်။ ကျွန်တော်တို့ ပြန်သွားရင်တော့ ဘာတွေ ပွတ်လောရိုက်ပြီး ကျန်ခဲ့မလဲဆိုတာတော့ မတွေးတက်တော့ပါဘူး။ စခန်းရောက်တော့ လောင်းကစားငွေတွေကို ရေတွက်ကြည့်တာ ( ၁၀၀ ) တန် အနီရောင် အရွက်ချည်းပဲ ၁၅၀၀ ကိုတွေ့ရပါတယ်။ ကာလပေါက်ဈေးနဲ့ဆို သိန်း ၁၅၀၀ ကျော်ပါတယ်။ ဒါတောင် ၅၀ တန် ၊ ၂၀ တန် ၊ ၁၀ တန် ၊ အရွက်ပေါင်းကတော့ အသေးစိတ် မမှတ်မတော့ပါဘူး ။ ဒါပေမယ့် ရာနဲ့ ချီတာတော့ သတိရပါသေးတယ်။

Khakhu

ဒီပုံမှာတော့ ဘိန်းပါမယ်ထင်ပါတယ်

နယ်စပ်ဒေသ အစွန်အဖျား နေရာများမှာ မဖွံဖြိုး မတိုးတက်သေးတာကြောင့် စီပွားရေးအရ အသက် မွေးဝမ်းကြောင်း ပြုရာတွင် ဘိန်းစိုက်ပျိုးခြင်း ၊ ထင်းခုတ်ခြင်း နဲ့ တောင်ယာလုပ်ငန်းအားဖြင့် အနည်းငယ်သာ လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ အခုပြောပြချင်တာက ဟိုတလေက ကိုစိုးထက် ဘလော့ဂ်မှာ လေမှုတ်တူရိယာ များဆိုပြီး တင်ထားတုန်းက ကျွန်တော်ရှေ့တန်းမှာနေတုန်း တရုတ် ၊ ရှမ်း လူမျိုးတွေ Khakhu ရူတာကို သတိရမိပါတယ်။ ကျွန်တော်လည်း လုပ်ဖူးတယ် ရှိအောင် တခါတော့ ရှုကြည့်ခဲ့ပါသေးတယ်။ ခတ်ပုန်ပြောင်းတွေကို တရုတ်နဲ့ နယ်စပ်နေတဲ့ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်တွေမှာ အလွယ်တကူ တွေ့နိင်ပါတယ်။ ရှုတဲ့ ပြောင်းဆေးကတော့ တန်ဖိုးအလိုက်ရှိပြီး ၊ ပြောင်းတံကလည်း အလှလုပ်ထားရင် လုပ်ထားသလို ဈေးအမျိုးမျိုးရှိပါတယ်။ ဆေးရွက်ကြီးတွေကို ပြောင်းထိပ်က အပေါက်လေးထဲမှာထည့် မီးရှို့ပြီး တဖက်အပေါက်က ပါးစပ်နဲ့ လေလုံအောင် ပိတ်ကာ စုပ်ရတာပါ။ အမှုန်အမွှားတွေက ဘူးထဲက ရေကို ဖြက်သန်းတဲ့ အခါမှ ကျန်ခဲ့ပြီး အငွေ့တခုတည်းကိုသာ လူ့ပါးစပ်ထဲကို ရောက်စေတာကြောင့် သောက်သုံးတဲ့သူဟာ ကျန်းမာရေး ထိခိုက်မှု့နည်းသလို သက်ကြီးရွယ်အို အဘိုးအဘွားကြီးတွေမှ အစပြုကာ သောက်သုံးကျတာကို တွေ့မြင်နိင်ပါတယ်။ အိမ်တစ်လုံးမှာ အနည်းဆုံးတော့ ခတ်ပုန်ရှုတဲ့ ပြောင်းဟာ ၂ ခုလောက်တော့ ရှိတက်ကြပါတယ်။

လောင်ကစားဝိုင်းက ပြန်လာပြီးတော့ ကျွန်တော်တို့လည်း ရလာတဲ့ ငွေတွေကို ဗျူဟာကို ပို့ရပါတယ်။ သူတို့ကလည်း သူတို့ထက် ကြီးတဲ့ တိုင်းစစ်ဌာနချုပ်ကို ပြန်ပို့ရမယ်နဲ့ တူပါတယ်။ အဲဒီနေ့ပြီးတော့ ကျွန်တော်လည်း လာရာ စခန်းသစ် စခန်းကုန်းကို ပြန်ပြီး စခန်းထိုင်ဖို့ အဘက ညျွန်ကြားလာတာကြောင့် လေးလပတ် အစည်းအဝေးမသွားခင်တုန်းက နေခဲ့ရတဲ့ စခန်းသစ် စခန်းကုန်း ကို ကျွန်တော်လည်း ပြန်လည် ခြေချခဲ့ရပါတယ်။

ဆက်ရန် “ ဇာတ်သိမ်း ”

လာရောက်ဖတ်ရှု့ကြသော ချစ်စွာသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နှမများအား လေးစားစွာ အထူးကျေးဇူးတင်မိပါကြောင်း ဒီနေရာမှနေ၍ တက်နိင်သလောက်ပဲ ပြောကြားလိုက်ပါတယ်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ မကြာမီ ဇာတ်သိမ်းတော့မှာ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။ စောင့်မျှော်ဖတ်ရှု့ခြင်းမှ ကင်းဝေးကြပါစေ။း)


Tuesday, April 22, 2008

ပိုလီဂမ်မစ် (Polygamist)

ခုတလော အလုပ်လုပ်လည်းဒီစိတ်၊ သွားလည်းဒီစိတ်၊ တနုံနုံနဲ့ ရင်ထဲမှာ ကလိကလိ ဖြစ်နေလို့ မနေနိုင် မထိုင်နိုင် ဒီကြောင်းလေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ အမေရိကန်၊ တက်ကဆက်ပြည်နယ်၊ အလ်ဒိုရာဒို မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းလေးပါ၊ ဘလောဂ့်ဂါ မောင်နှမတွေ စိတ်ဝင်စားလိမ့်မယ် လို့ယုံကြည် စွာပြန်လည် လက်ဆင့် ကမ်းလိုက်တာပါ။

နောက်ပိုင်းတက်ကဆပ် (Texas) ပြည်နယ်က၊ အလ်ဒိုရာဒို (Eldorado) မြို့လေးမှာ မိန်းမ( ဇနီး အဖြစ်သော်၎င်း) မြောက် မြားစွာယူလို့ရတဲ့ ဘာသာရေး အသင်းတခုက အသက်မပြည့်သေးသော် အမျိုးသမီး (၁၈ နှစ်အောက်) တွေကို အသက် ၅၀ ကျော် အဖိုးကြီးများနဲ့ လက်ဆက်ပေးခြင်းများ လုပ်နေကြပါတယ်။ တချို့ကို မိဘများ ကိုယ်တိုင်က လက်ဆက်ပေးတာပါ။ မိဘစကား၊ ဘာသာရေး ခေါင်းဆောင်တွေရဲ့ စကားကို မလိုက်နာတဲ့သူတွေက အသင်းတော်ကိုဆန့်ကျင်ပြီး၊ ကောင်းကင်ဘုံကို မရောက်ဘူးလို့ ခံယူထားကြတယ်။

အဲဒီဘာသာရေး အသင်းကြီးက ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ တက်ကဆပ်ပြည်နယ်ကို ရောက်လာသလဲဆိုရင် လွန်ခဲ့သော လေးနှစ်လောက်က အလ်ဒိုရာဒိုမြို့၊ ရှက်လီချယ် (Schleicher County) ကျေးရွာကို ဂါဝန်ရှည်ဝတ်သော အမျိုးသမီးများ၊ ရှေးခောတ်ဆန်သော အဝတ်များနှင့် အမျိုးသားများ၊ ကလေးများ ပြောင်းရွှေ့လာကြပါတယ်၊ ယူတာနဲ့ အာရီဇိုးနား ပြည်နယ်ဘက် ကနေပြောင်းရွှေ့လာကြတယ်လို့ ဆိုပါတယ်။ ယူတာပြည်နယ်မှာ အများဆုံးဖြစ်တဲ့ မာမွန် ဘာသာရေးဂိုဏ်းမှ ခွဲထွက်သွားကြသူများလို့ ဆိုကြပါတယ်။ မာမွန်တွေက လူတယောက် မိန်းမ မြောက်မြားစွာယူတဲ့ စံနစ်ကိုလက်ကိုင်ထားတာလေ၊ အစိုးရကိုနယ်မြေ သတ်မှတ်ပေးဖို့တောင်းဆိုတယ်၊ ဒါကို အမေရိကန် အစိုးရကလည်း မိန်းမမြောက်မြားစွာ ယူတဲ့စံနစ်ကို ဖျက်သိမ်းဖို့ ပြန်လည်တောင်းဆိုပြီး နှစ်ဘက် သဘောတူညီမှု့ကို ၁၈၉၀ ခုနှစ် မှာရယူ ဆုံးဖြတ်ကြတယ်၊ ဒီလိုလုပ်တာကို မှားတယ်လို့ ယူဆသူများက သပ်သပ်ခွဲထွက်ပြီး တက်ကဆပ်ပြည်နယ်ဘက်သို့ ရွှေ့ပြောင်းသွားတယ်လို့ဆိုပါတယ်။ မိန်းမမြောက်မြားစွာယူခြင်းက အမေရိကန်ရဲ့ တရားဥပဒေနဲ့ ဆန့်ကျင်ပါတယ်၊ တရားဝင်ကွာရှင်းပြီးမှ ဆိုရင်တော့ နောက်တယောက်ကို လက်ထပ်လို့ ရတာပေါ့။


FLDS ဘုရားကျောင်းဝင်း


လူဦးရေ ၂၈၀၀ ခန့်သာရှိတဲ့ ကျေးရွာလေးက ဖော်ရွှေစွာနဲ့ ကိတ်၊ ပန်းခြင်းများနဲ့သွားရောက် မိတ်ဖွဲ့ခဲ့ပေမဲ့ လူသစ်များဟာ တုန့်ပြန်မှု့ မရှိသလို၊ လာရောနှောခြင်းလည်း မရှိကြဘူး၊ ဧကပေါင်း ၁၇၀၀ ကျော်ရှိတဲ့ နယ်မြေမှာ သီးသန့်နေကြပါတယ်။ အဲဒီဒေသက ဒီလိုနယ်မြေတွေကို သားကောင်တွေပစ်ခတ်ဖို့၊ ထိန်းသိမ်းဖို့၊ ကိုယ်ပိုင်လမ်းသွယ်တွေဖောက်ဖို့၊ အပန်းဖြေစခန်းများဆောက်ဖို့ ဝယ်ယူလို့ရပါတယ်။ အရင်ကလည်း ဆီကုပဏီတွေက ဒီလိုဘဲလုပ်လာကြတာ၊ သူတို့က ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လို့ ဆိုကြပေမဲ့နောက်မှ သူတို့ရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်ကို ကျေးရွာကလူတွေသိကြတာလေ။ ဒါကြောင့်အသစ်ရောက်လာသော လူအုပ်စုကြီးကလည်း ဧကပေါင်းမြောက်မြားစွာကို ဝယ်ယူနိုင်ခဲ့တာပေါ့။ အိမ်ဆောင်၊ အဆောက်အဦးများကို ပြင်ပ ကအင်ဂျင်နီယာတွေကို ခေါ်ယူပြီးဆောက်လုပ် နေထိုင်ကြပါတယ်။

ဒီလိုသီးသန့် ဘယ်သူနဲ့မှလည်း သွားရောက်ရောနှောခြင်း မပြုဘဲ ဘာသာရေးဂိုဏ်း Fundamentalist Church of Jesus Christ of Latter Day Saints or FLDS ( အခြေခံကျသော ယေရူအသင်းတော်၏ ယနေ့ခေတ်ကာလ ပရောဖက်များ၊ အက်ဖ်အလ်ဒီအက်စ်) တခုအနေနဲ့ သီးခြားကမ္ဘာ တခုလို နေလာခဲ့တာ၊ ဧပြီလ ပထမပတ်ထိအောင် ပါဘဲ။ အမေရိကန် အစိုးရအနေနဲ့ကလည်း ဝင်ရောက်ဖက်စွက်ခြင်း မပြုဘူး၊ ဝါးဆော(နောက်မှ အခွင့်ကြုံရင် ဖော်ပြပါအုံးမည်) အရေးကလည်း ဖြစ်ခဲ့ဘူးတာကိုး၊ အဲဒီလို အဖြစ်အပျက်မျိုး ထပ်အဖြစ်မခံနိုင်တော့ဘူးလေ။

ဧပြီလ ပထမပတ်မှာ အမေရိကန် အစိုးရနဲ့ အက်ဘီအိုင် (FBI) တို့က အက်ဖ်အလ်ဒီအက်စ် ခြံဝင်းကို ဝင်စီး၊ အထဲမှာရှိနေတဲ့ ကလေး ပေါင်း ၄၁၆ ယောက်ကို ခြံဝင်းကျယ်ကြီးကနေပြီး မိဘများရဲ့ ရင်ခွင်မှ အစိုးရရဲ့ အုပ်ချုပ်မှု့အောက်မှာထိန်းသိမ်းထားလိုက်ပါတယ်၊ အကြောင်းရင်းက အသက်မပြည့်သေးသော် မိန်းကလေး တဦး (၁၆ နှစ်) က နယ်မြေမှာရှိတဲ့ အရေးပေါ်ဖုန်းလိုင်းကိုခေါ် ပါတယ်၊ သူမရဲ့ အသက်၅၀ ရွယ် လင်ယောကျာ်းက နှိပ်စက်နေတယ်ဆိုလို့ပါ။ (ဒါပေမဲ့ အဲဒီဖုန်းခေါ်သူ ကလေးမကို ခုထိရှာမတွေ့သေးပါဘူး)။

ကလေးတွေက သုံးပုံ နှစ်ပုံက အသက်လေးနှစ်အောက်များ ဖြစ်ပြီး ကျန်တဲ့သူများက ၁၇နှစ် အောက်များဖြစ်ပါတယ်။ ကလေးတွေကိုအမေဘယ်သူလဲ ဆိုတော့ ဖခင်ဖြစ်သူ၏ ဇနီးအားလုံးကို အမေဟု ခေါ်ပြီး၊ ကျန်တဲ့ ယောက်ျားမှန်သမျှကို ဦးလေးလို့ ခေါ်နေတာကြောင့် ဘယ်ကလေးက ဘယ်သူ့ရဲ့သွေး ဆိုတာပြောဖို့ အခက်တွေ့နေတယ်လို့ တက်ကဆပ်ပြည်နယ်၊ တာဝန်ရှိလူမူဝန်ထမ်းများက ဆိုပါတယ်။



FLDS အမျိုးသမီးများ ( ဂါဝန်ရှည်များဖြင့် )

ဧပြီလ ၁၄ရက်နေ့ကတော့ တရားရင်ဆိုင်ကြပါတယ်၊ တဖက်က မိဘများနှင့် ရှေ့နေများ၊ တဖက်က အစိုးရ လူမူဝန်ထမ်းများနှင့် ရှေ့နေများ၊ ရှေ့နေ အယောက် ၁၀၀ လောက်စုရုံးနေတဲ့ တရားခွင်ကြီးက အမေရိကန်ပြည်ရဲ့ ပထမဆုံးနဲ့ ဆူညံပွက်လော အရိုက်ဆုံး တရားခွင်ကြီးဖြစ်ခဲ့ ပါတယ်။ တရားသူကြီးချုပ်ကိုယ်တိုင်က တော်တော် ကိုထက်မြက်ပြီး ပိုလီယိုရောဂါကြောင့် ခုချိန်ထိ၊ ခြေထောက်ကို သံစွပ်ပြီး လျှောက်နေရတဲ့သူပါ၊ အကောင်းဆုံးဖြစ်အောင် စီရင်ချက်ချမယ်လို့ ဂတိပြုလိုက်တဲ့ သူပါ။ တနင်္လာနေ့ကတော့ ကလေး၊ မိဘ အားလုံးရဲ့ ဒီအင်အေ ကိုယူပြီး၊ ဘယ်သူက ဘယ်သူနဲ့ သက်ဆိုင်တယ်၊ ဆိုတာတွေကို အရင်စစ်ဆေးမယ်လို့ဆိုလိုက်တယ်။ ဒီ အတောအတွင်းတော့ သက်ဆိုင်ရာ အစိုးရ၊ လူမူဝန်ထမ်းတွေကဘဲ ကလေးတွေကို စောင့်ရှောက်ရမှာဖြစ်တယ်။ မိဘတွေအနေနဲ့ ကလေးကို ပြန်လည်ခေါ်ယူခွင့် ရှိမရှိ ဆိုတာကိုတော့၊ ဒီအင်အေ အဖြေရမှဘဲ၊ ကာယအားဖြင့် သော်၎င်း၊ စိတ်ဓာတ်အားဖြင့်သော်၎င်း၊ နှိပ်စက်ခံရခြင်း ရှိမရှိ ဆိုတဲ့အပေါ် မူတည် လိမ့်မယ်လို့ ပြောကြား ထားပါတယ်။ အဖြေရဖို့ ဆိုတာကလည်း တစ်လ လောက်တော့ ကြာအုံးမှာဖြစ်ပါတယ်။



တရားခွင် အပြန်

သာမန်အားဖြင့်တော့ ဒါဟာသတင်းတပုဒ်ပါဘဲ၊ ဒါပေမဲ့ကျမရင်ထဲမှာ အော်ပြီးမေးလိုက်ချင်တယ် အမေလုပ်တဲ့သူများကို။ ယောကျာ်းဖြစ်သူများက ကောင်းကင်ဘုံကိုရောက်ဖို့ မိန်းမမြောက်မြားစွာယူပြီးထား၊ ဒါကိုဖြည့်စွမ်းပေးခြင်းအားဖြင့် သူတို့က ကောင်းကင်ဘုံရောက်ရောလား၊ ကမ္ဘာဦးကျမ်း ၃း ၁၆ မှာဖော်ပြထားတာ ကိုလွဲမှားစွာ ဆွဲသုံးနေကြတာလား၊ မွေးလာတဲ့ ကလေးများဟာ အိုင်ကရူ ၂၅ ရဲ့အောက်ကနေ တက်မလာတာကိုရော သတိထားမိရဲ့လား၊ ကလေးများဟာ အဖေတူပြီး အမေကွဲတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်၂၀ ထက်မနည်းရှိနေကြတာကိုရော အမှတ်မှရကြရဲ့လားလို့လေ၊ ဘာသာရေးဆိုတာကို ခုတုံးလုပ်ပြီး၊ ကိုယ့်စိတ်ဓာတ် အာသာဖြေနေကြသောသူများ လို့ဘဲ အော်ပြောလိုက်ချင်တော့တယ်။ အမေရိကန် ပြည်ထောင်စုကြီးက လင်ယောကျာ်း မရှိဘဲ ကလေးမွေးလို့ရှိရင် ထောက်ပံ့ကြေးများပေးတတ်တာကို အလွဲသုံးစား လုပ်နေကြတာလား။ ပြောကြပေတော့ အမြင်တွေ။

မလားရှိုးသူ ဘလော့ဂ်မှ ဖော်ပြပါသည်။


ဖန်တက်စီဂိမ်း


ဘောလုံးချစ်သူများအတွက် ........Welcome to Fantasy

အွန်လိုင်းဂိမ်း တစ်ခုလေး အကြောင်းကို လက်တို့လိုက်ဦးမယ်ဗျာ။ ဒီဂိမ်းလေးက ပရီးမီးယားလိဂ်မှာ ရှိတဲ့အသင်းတွေထဲမှာ ရှိတဲ့ ဘောလုံးသမားတွေနဲ့ ကန်ရတာပါ။ ဘယ်လိုကန်ရတာလဲဆိုတော့ ဂိမ်းထဲမှာ အကောင့်ဖောက်လိုက်ပြီ ဆိုတာနဲ့ ကစားသူကို ၀က်ဘ်ဆိုက်ဒ်က ပေါင် ၁၀၀ ပေးပါလိမ့်မယ်။ အဲဒီငွေတွေထဲက ဂိုးသမား ( ၂ )ယောက် ၊ နောက်တန်း ( ၅ ) ယောက် ၊ အလယ်တန်း ( ၅ ) ယောက် ၊ ရှေ့တန်း ( ၃ ) ယောက် ၊ အားလုံးပေါင်း ( ၁၅ ) ယောက်ကို ကိုယ်ကြိုက်တဲ့ ကစားသမား အလိုက် ပေးထားတဲ့ ပေါင် ၁၀၀ နဲ့ ရအောင်ဝယ်ရပါတယ်။ ၀ယ်တယ်ဆိုပေမယ့် ကစားသမား အလိုက် တန်ဖိုးဈေးရှိပါတယ်။

ဥပမာ ဂျိုလ်ကိုးလ် ကိုဝယ်မယ်ဆိုရင် တန်ဖိုးက ၈.၉ ရှိတယ်ပေါ့။ နောက်ကစားသမား တစ်ယောက်ကို ၀ယ်မယ်ဆိုရင်လည်း သူ့ဈေးအတိုင်းရှိပါတယ်။ ပြီးတော့ အသင်းတစ်သင်းစီမှ ကစားသမား ( ၃ ) ယောက်ကိုသာ အများဆုံးဝယ်ယူနိင်ပါတယ်။ ဥပမာ ချဲလ်ဆီးက ဂျိုကိုးလ် ၊ ကာဗယ်လ်ဟို ၊ ဘလက်တီ တို့ကို ၀ယ်ယူပြီးရင် နောက်ထပ် ချဲလ်ဆီးမှ မည်သည့် ကစားသမားကိုမှ ၀ယ်ယူလို့ မရတော့ပါဘူး။ အများဆုံး ( ၃ ) ယောက်ပေါ့။ ပေါင် ၁၀၀ နဲ့တော့ ၁၅ ယောက်ကို ရအောင်ဝယ်ရမှာနော်။ အဟဲ။ သူက ပွဲအပတ်စဉ်အလိုက် ကန်ရတာပါ။ ဒီအပတ်ဆို ၃၅ ပွဲပြီးပြီပေါ့။ နောက်တပတ် Gameweek က ၃၆ ပေါ့။ ကိုယ်ကန်စေချင်တဲ့ သူတွေကို ထည့်ပေးလိုက်ပြီး ပွဲအားလုံးပြီးတာနဲ့ ကိုယ့်အမှတ် ဘယ်လောက် ရတယ်ဆိုတာ အောက်မှာ ပြထားပါတယ်။ ဥပမာ အများဆုံးက ၉၆ ၊ သာမန်က ၄၅ ၊ ကိုယ်ရတာ ၄၈ မှတ်ဆိုရင်တော့ ဂွတ်ပေါ့။ ဘေးနားက အမှတ်ပြ ရလဒ်က ဒီတစ်ပတ် ကောင်းမကောင်း ပြပေးပါတယ်။ ကဲ နောက်တစ်ခုအနေနဲ့ ဘေးနားက မီနူးဘားလေး အကြောင်းပြောရအောင်ဗျာ။

My team - ဆိုတာကတော့ လက်ရှိ ဒီတပတ်အတွက် ကိုယ်ရွေးချယ်ထားတဲ့ ကစားသမားတွေကို ပြတာပါ။

Latest Points - ဆိုတာကတော့ ဒီတပတ်မှာ ကိုယ်ကန်ခိုင်းလိုက်တဲ့ ကစားသမားတွေက သူတို့အသင်းမှာ ခြေစွမ်းပြရင် ပြသလို အမှတ်ဘယ်လောက် ရသလဲ ဆိုတာ ပြသတဲ့ အမှတ်ပါ။

Transfers - ဆိုတာကတော့ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ အသင်းမှာ ကစားသမားကို မကြိုက်တော့ဘူး ၊ ဒီကစားသမားက အမှတ်မရတော့ဘူးဆိုရင် ၊ ဒါမှမဟုတ် နာသွားရင်ပဲ ဖြစ်ဖြစ် နောက်ကစားသမားနဲ့ ချိန်းပေးတဲ့ ဟာပါ။ တပတ်ကို ၁ ယောက်သာ free ချိန်းခွင့်ပေးပြီးတော့ ၊ ၁ ယောက်ထက် ပိုချိန်းချင်ရင်တော့ ကိုယ့်မှာ ရှိတဲ့ အမှတ်ထဲက ၄ မှတ်ပြန်နုတ်ပါတယ်။ ၁-ယောက်ကို ၄ မှတ် ၊ ၂ ယောက်ဆိုတော့ ၈ မှတ်ပေါ့။ အဲဒီလိုပါ။

Leagues - ဆိုတာကတော့ လွယ်လွယ်ကူကူ ပြောရရင် ပြိုင်တာပေါ့။ ကိုယ်နဲ့တခြားတစ်ယောက်နဲ့ ၊ ဒါမှ မဟုတ် တခြား သူငယ်ချင်းတွေနဲ့ ပြိုင်ကြတာပေါ့။ ငါက ဒီတပတ် အမှတ်ဘယ်လောက်ရလဲ မင်းက ဘယ်လောက်ရတယ် ဆိုတာပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကတော့ ၁ လ တစ်ခါ မုန့်ကျွေးကြေးပြိုင်ပါတယ်။း)

အမှတ်ပေးပုံ

ဂိုးသမား - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ်ပါလျှင် (၂) မှတ် ၊ ကာကွယ်တာ ကောင်းလျှင် ကောင်းသ လောက်ရပါတယ်။

နောက်တန်း - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် ထိပါလျှင် (၂) မှတ် ၊ ဂိုးသွင်းလျှင် (၅) မှတ်

အလယ်တန်း - ဂိုးမပေးရလျှင် ( ၁ ) မှတ် ၊ ပွဲချိန် ( ၇၀ ) မိနစ်အထိပါလျှင် ( ၂ ) မှတ် ၊ ဂိုးသွင်းလျှင် ( ၄ ) မှတ်

ရှေ့တန်း - ဂိုးသွင်းလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် အထိပါလျှင် ( ၂ ) မှတ် ၊

ဘယ်သူမဆို Yellow Care ထိလျှင် ရတဲ့အမှတ်ထဲက ( ၁ ) မှတ်နုတ်ပါတယ်။ Red Card ဆိုလျှင်တော့ -၃ မှတ်နုတ်ပါတယ်။ ဂိုးရရှိအောင် Assists လုပ်ပေးရင် ၃ မှတ်ရပါတယ်။

Captain - တစ်ယောက်ကို ပေးထားရပြီး Captain ပေးခံရတဲ့ ကစားသမားကတော့ သူရတဲ့ အမှတ်အားလုံးကို ၂ နဲ့ေ့မြှာက်ခံရပါတယ်။ ဥပမာ - ဒီအပတ် ၅ မှတ်ရတယ်ဆို Captain ဖြစ်တာကြောင့် သူရမှတ်က ၁၀ မှတ်ဖြစ်သွားတယ်ပေါ့။



အရန်ကစားသမားများ


အမှတ်ပြိုင်တဲ့ ပုံစံလေးပါ

ဘောလုံးပွဲ ပုံစံအတိုင်း ၁၁ ယောက်ရွေးချယ်ပြီး လွှတ်ပေးရပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ အရန်ပေါ့။ တကယ်လို့ ကိုယ်လွှတ်ပေးတဲ့ ကစားသမားက မကန်ဖြစ်ဘူးဆို ကျန်တဲ့ ၃ ယောက်ကို အစားထိုးပေးပါတယ်။ ကဲ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လိပ်စာလေးကတော့ http://fantasy.premierleague.com




Friday, April 11, 2008


တစ်ညတော့ ကျွန်တော်လည်း မနက်ဖြန် ရုံးပြန်တက်ရမှာ ဖြစ်တာကြောင့် ရုံးတက်ဖို့ အ၀တ်အစားတွေ ပြင်ဆင်နေပါတယ် ။ အဲဒီအချိန်တုန်းက နာရီက ည(၁၁) ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ညကလည်း ညနက်နေပြီ ။ မီးကလဲမရှိတော့ ၊ နေတော့လည်း ကိုယ်တစ်ယောက်တည်းဆိုတော့ စိတ်မခြောက်ခြားအောင် ဖရောင်းတိုင် မီးတွေ ထိန်နေအောင် ထွန်းရင်း တစ်ယောက်တည်း သီချင်းလေး တညည်းညည်းနဲ့ အလုပ်လုပ်နေမိပါတယ်။ ခဏကြာတော့ လေတွေ တော်တော်တိုက်လာတာကြောင့် အပြင်မှာ ထွန်းထားတဲ့ ဖရောင်းတိုင် မီးတွေ ငြိမ်းကုန်ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အခန်းတံခါးပိတ်ပြီး အခန်းထဲမှာပဲ ဖရောင်းတိုင် ၃ တိုင်လောက် ထွန်းထား လိုက်တယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အခန်းတွေ အားလုံးက လိုက်ကာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အိပ်ရာခင်း ၊ သဘက် အကုန်အကုန်လုံး အဖြူရောင်တွေ ချည်းပါပဲ။ လေကလည်း ဘယ်ကနေ ဘယ်လို စိမ့်ပြီး တိုက်နေလဲ မသိပါဘူး။ ခန်းဆီး စတွေက လှုပ်လှုပ်သွားတယ်။ ဒီတော့ နဂိုကတည်းက တစ်ယောက်တည်း နေရလို့ ကြောင်တောင်တောင် ဖြစ်နေပါတယ် ဆိုမှ အတွေးတွေက လျှောက်တွေးတော့ တာပေါ့။ အဲဒီအချိန်မှာဆို တစ်စုံတစ်ယောက်ကပဲ ပြတင်းပေါက် အပြင်ဘက်ကနေ ကိုယ့်ကို ကြည့်နေသလိုလို ခံစားမိလာတယ်။ ဒါနဲ့ ကျွန်တော်လည်း စိတ်ရှင်းသွားအောင် ဖရောင်းတိုင်မီး ယူပြီး အပြင်ကို ထွက်ကြည့် လိုက်ပေမယ့် ဘာမှ မရှိပါဘူး။ ဘာရှိမှာလဲ ကိုယ်က ကြောက်နေတာကိုး။

ဒါနဲ့ ဖိနပ်တိုက် ၊ ခါးပတ်တိုက် ၊ နောက်ဆုံး အားလုံးပြင်ဆင်ပြီးတော့ အကျီကို တိုင်မှာ ချိတ်အပြီး ခြေလက်မျက်နှာ သစ်ဖို့ တံခါးကို ဖွင့်မယ် အလုပ်မှာ “ ဟင်းးးးးးးးးး ” ဆိုပြီး ညည်းသံကို ပေါ်တင်ကြီး ကြားလိုက်ရတယ်ဗျ။ ပေါ်တင်ကြီးဆိုတာက ခိုးကြောင်ခိုးဝှက် သဘောမျိုး မဟုတ်ဘူးပေါ့။ တိုးတိုးလေး မဟုတ်ဘူး။ အကျယ်ကြီး ကြားလိုက်ရတာကို ပြောတာပါ။ ပြန်တွေးမိရင် ရေးရင်းနဲ့တောင် ကြက်သီးထမိပါရဲ့။ ဒါနဲ့ ကျွန်တော်လည်း တော်တော် ကြောင်သွားတယ်။ ဟ....ပေါ်တင်ကြီးပါလားပေါ့ ။ ပြီးတော့ ဒီအခန်းတွေ မှာလည်း လူရောက်နေတယ် လို့လည်း မကြားမိပါဘူးပေါ့။ ဒါနဲ့ အသံကတော့ ပေါ်တင်ကြီး ကြားလိုက်ပေမယ့် ငါနားကြားလွဲတာ ဖြစ်မှာပါလေ ဆိုပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲကိုဝင် ကိစ္စပြီးတော့ အခန်းပြန်အထွက် နောက်တစ်ခါ “ ဟင်းးးးးးးးးးးး ” ဆိုတဲ့ အသံကြီးကို ထပ်ကြားလိုက်ပါတယ်။ အင်း..ပထမက နားကြားလွဲလို့ ။ ဒုတိယတစ်ခါကတော့ မဟုတ်တော့ဘူး ဆိုပြီး ကျွန်တော်လည်း ငြိမ်နေတာပေါ့။ သရဲခြောက်တာ ဆိုရင်တော့ ငါ နောက်တစ်ခါ သေချာပေါက်ကြား ရဦးမှာ ဆိုပြီး ငြိမ်နေလိုက်တယ်။ ဒါနဲ့ သိပ်မကြာပါဘူး နောက်တစ်ခါ “ ဟင်းးး ” ဆိုတဲ့ အသံလဲ ကြားရော ကျွန်တော်လည်း တခါတည်း ထွက်ပြေးတာ အခန်းတံခါးတောင် မပိတ်ခဲ့ဘူး။

သူခိုးသာဆို တော်တော် ပျော်မဲ့ အခြေအနေမှာ ရှိလောက်တယ်။ ကျွန်တော်ကလည်း တချိုးတည်း ဆရာကြီး အိပ်နေတဲ့ အဆောင်ကို ပြေးသွားပြီး ဆရာကြီးကို အကျိုးအကြောင်းပြောပြတာပေါ့။ ဒီလို ဒီလိုပဲ အသံကြားတယ်လို့ ဆရာကြီးလိုက်ခဲ့စမ်းပါလို့ ပြောပြီး ၂ ယောက်သား ဓတ်မီးနဲ့ အဆောင်ကို ပတ်ရှာကြတာပေါ့။ လူလား သရဲလားဆိုတာ သိအောင်လို့ပါ။ ဒါပေမယ့် လူတော့ မတွေ့ပါဘူး။ လူမတွေ့မှာတော့ သရဲလို့ပဲ ပြောရမလားဖြစ်နေပြီ မဟုတ်လား။ ဒီလိုနဲ့ ကျွန်တော်လည်း ဆရာကြီးကို အခန်းထဲမှာ ဟိုဘက်ကုတင်မှာ အိပ်ခိုင်းပြီး တစ်ညကုန်လွန်လိုက်တယ်။ နောက်နေ့က စပြီး ဗဟိုကင်းမှာပဲ သွားအိပ်ဖြစ်တော့တယ်။ ဗဟိုကင်းမှာက ရဲဘော်တွေနဲ့ ညဆို ပျော်ပျော်ပါးပါး သီချင်းဆို ၊ စကားပြော နဲ့ အချိန်ကုန်တာလည်း မြန်တာကိုး။ ဒီလိုနဲ့ မနက်ဆို လေးလပတ် အစည်းအဝေးမှာ ပြသဖို့ တပ်ရဲ့ စီးပွားရေး အခြေအနေပြဇယား ၊ တပ်တွင်း သက်သာချောင်ချိရေး ဇယား ၊ တပ်တွင်း ကျန်းမာရေးဇယား စတဲ့ ဇယားတွေ ကားချပ်တွေနဲ့ ဆွဲလိုက် ၊ဖျက်လိုက် မိတ္တူကူးလိုက်နဲ့ တော်တော်လေးကို ခေါင်းနောက်ခဲ့ပါသေးတယ်။ ညနေဘက် ၅ နာရီလောက် ရုံးဆင်းမှ ရဲဘော်တွေနဲ့ ခြင်းခက် ၊ ဘောလုံးကန်နဲ့ ကွတ်ခိုင်မှာ ရှိတဲ့ ရက်တွေကို အချိန်ဖြူန်းလိုက်တယ်။

ကွတ်ခိုင်မြို့

မြို့က သိပ်တော့ အကျယ်ကြီးမဟုတ်ပါဘူး။ မြို့ထဲကို ၀င်လာရင် ကြိုဆိုပါ၏ဆိုတဲ့ မုဒ်ဦးတွေ့ရမယ်။ ပြီးတော့ ကားလမ်းက အလည်ခေါင်ကျကျ တစ်လမ်းထဲ ရှိပြီးတော့ ဘေးဘယ်ညာမှာ အိမ်တွေ ၊ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင် ၊ ကုန်စုံဆိုင် တွေ ဆောက်လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဆေးရုံ ၊ ကျောင်း ၊ ဈေး ၊ စာတိုက် ၊ တောင်ပေါ်စေတီ ၊ ကစားကွင်း စသည်ဖြင့် မြို့အင်္ဂါနဲ့ လျောညီစွာ ဆောက်လုပ်ထားတာ ကိုတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ကျမ်းစာကျောင်းလည်း တည်ရှိပါတယ်။ ပထ၀ီဘာသာ စကားနဲ့ ပြောမယ်ဆိုရင် ရွာတန်းရှည်သဘောမျိုးပေါ့ ၊ မြို့ဆိုတော့ မြို့တန်းရှည်ပေါ့။ လမ်းခွဲတစ်ခုရှိပြီးတော့ နာမည်က “ တာမိုးညဲ ” လမ်းခွဲပါ။ လက်ဖက်ခြောက်မှာ တားမိုးညဲ လက်ဖက်ခြောက်က တော်တော်လေး နာမည်ကြီးသလို သောက်လို့လဲ တော်တော်ကောင်းပါတယ်။ ဧရိယာ အကျယ်အ၀န်းက ရန်ကုန်က မြို့နယ် တစ်ခုစာ လောက်ပဲရှိပါတယ်။ ဒါတောင် တော်တော်ကျယ်တဲ့ မြို့နယ်တွေလောက်ဆို မရှိလောက်ပါဘူး။

လူဦးရေ - အားလုံးပေါင်းမှာ ၂ သောင်းလောက်တောင် ပြည့်ပါ့မလား မသိပါဘူး။ တော်တော်လေး နည်းပါးပါတယ်။ ဒီထက်မကလဲ ရှိချင် ရှိနိင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေး မြို့ဖြစ်တာကြောင့် တခြားမြို့တွေမှာ အလုပ်သွားလုပ်တာကြောင့်လည်း မြို့မှာ လူသိပ်မရှိတာကြောင့်လည်း ဖြစ်နိင်ပါတယ်။

စီးပွားရေး - ဈေးထဲမှာတော့ အ၀တ်အထည် ၊ လူအသုံးအဆောင် ပစ္စည်း ၊ အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းပါတယ်။ ကျန်တာကတော့ ဖြစ်ဖြစ်မြှောက်မြှောက်ရယ်လို့ မတွေ့ရပါဘူး။ မန္တလေး - မူဆယ် လမ်းမှာ ခေတ္တနားရာ မြို့တစ်ခုဖြစ်တာကြောင့် ဖြက်သွား ဖြက်လာ ခရီးသွားတွေလောက်ပဲ ရှိပါတယ်။

ရာသီဥတု - ကွတ်ခိုင်က မြန်မာနိင်ငံရာသီဥတုနဲ့ ဆိုရင်တော့ အတော်အေးတယ်လို့ ဆိုရမှာပါပဲ။ တစ်နေ့လုံး ရေချိုးတိုင်ကီကို နေပူထဲမှာ ထားတာတောင် တိုင်ကီတစ်ခုမှ အရစ် ၂ ရစ်နဲ့ အပိုင်း ၃ ပိုင်းပါတာတောင် အပေါ်ဆုံးအပိုင်းပဲ နွေးလောက်အောင် အေးပါတယ်။ တစ်ခါတလေ အုတ်ရေကန် ထဲမှာထည့်ထားရင် မနက်ဆို အပေါ်ယံရေလေးတွေက ခဲနေတက်ပါတယ်။ မိုးသီးတွေလည်း ခဏခဏ ကြွေကျတက်ပါတယ်။

တစ်နေ့တော့ ကျွန်တော်လည်း ပျင်းတာနဲ့ ညနေ ၇ နာရီလောက် မြို့ထဲကို ဆရာကြီးတစ်ယောက်နဲ့ အတူ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ မကြည့်တာ အတော်ကြာပြီ ဖြစ်တဲ့ ချဲလ်ဆီး ဘောလုံးပွဲလည်း ကြည့်ရင်း ၊ မြို့ရဲ့ ညဘက် အခြေအနေလေးကိုလည်း သိချင်တာကြောင့်ပါ။ ရာသီဥတုကလည်း အေးတော့ ဘောလုံးပွဲ မကြည့်ခင် လက်ဘက်ရည်ဆိုင်ထိုင်ရင်း မြိုံ့နေလူထုရဲ့ အခြေအနေကို အကဲခက်မိတော့ လက်ဖက်ရည်ဆိုင် ထိုင်နေတာ ၁၀ ယောက်မှာ ၆ ယောက်လောက်က မိန်းခလေးတွေဖြစ်နေပါတယ်။ ဒါနဲ့ လမ်းမပေါ်ကြည့်လိုက်တော့လည်း လမ်းလျှောက်နေကြတာက မိန်းခလေး အုပ်စုလိုက်တွေချည်းပဲ တွေ့ရပါတယ်။ ကျွန်တော်ထွက်လာတဲ့ အချိန်နဲ့ တိုက်ဆိုင်တာလားတော့ မပြောတက်ပါဘူး။ တော်တော်တော့ အံသြသင့်သွားတယ်။ အောက်မြန်မာပြည်မှာက လက်ဖက်ရည်ဆိုင်ထိုင်တာက ယောင်္ကျားလေးတွေပဲကိုး။ ဒါနဲ့ ကျွန်တော်တို့လည်း ဟိုကြည့် ဒီကြည့်နဲ့ အချိန်ဖြုန်းနေလိုက်တယ်။ ဘယ်မှတော့ သိပ်ထူးခြားတာ မတွေ့ရပါဘူး။ အေးအေးဆေးဆေးနဲ့ ပါပဲ။ တစ်ခုရှိတာက ကျွန်တော် မသိသေးတာလဲ ပါမယ့်ထင်ပါတယ်။ လောင်းကစားရုံတွေ ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားမိပါတယ်။ ခေတ်စကားနဲ့ ပြောရရင် ဒိုင်လျိုလေးတွေပေါ့ဗျာ။

မနက်ဖြန် ဆိုလျှင် ကျွန်တော်တို့ လားရှိုးကို ဆင်းရတော့မှာကြောင့် ဒီနေ့ညမှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို စုထားပြီး ညအိပ်ရာ ၀င်ခဲ့ပါတယ်။ လားရှိုးရောက်ရင်တော့ ပိုက်ဆံလည်း မရှိတော့တာကြောင့် အိမ်ကို မှာဖို့လည်း အဆင်ပြေ ၊ မစားရတာတွေလည်း အတိုးချ စားမယ်ဆိုပြီး ပျော်နေတာပေါ့။ ဟိုရောက်တော့ မှန်းချက်နဲ့ နှမ်းထွက် လုံးဝကို လွဲတော့တာပါပဲ။ တပ်က လန်ဂျန်း ကားပေါ်မှာ အဘရယ် ၊ အဘကတော်ရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး တပ်ကြပ်ကြီးနဲ့တပ်ကြပ်ရယ် ၊ အဘရဲ့ရဲဘော်ရယ် ၊ ရုံးစာရေး ၃ ယောက်ရယ် ၊ ကျောက်ခဲတစ်လုံးရယ် အားလုံးပေါင်း ၁၀ ယောက်ဆင်းလာခဲ့ပါတယ်။ လမ်းမှာ မြို့ပြင် ထွက်ထွက်ချင်း ပြဿာနာနဲ့ စတိုးတာက ကုန်တင်ကား မောင်းသမားတစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် စကားများ အော်ဟစ်နေတာ တွေ့ရပါတယ်။ အဲဒီ အဒေါ်ကြီးက သူ့သမီးကို ကားတိုက်သွားလို့ ဆိုလား ကားလမ်းမပေါ်မှာ အော်ပြီး ငိုနေတာကြောင့် ကျွန်တော်တို့လည်း ကားကိုရပ်ပြီး အခြေအနေ ဘာဖြစ်တယ် ဆိုတာ ဆင်းမေးရတာပေါ့။ ကားကတော့ ၁၀ ဘီးကာ ကုန်တင်ကားကြီးပါ။ အဒေါ်ကြီးက လမ်းမှာ သူ့သမီးကို ကားနဲ့တိုက်သွားပြီး ထွက်ပြေးသွားတာလို့ ပြောတော့ ကျွန်တော်တို့လည်း “ ဟာ ဒါဆိုရင် ရဲကိုခေါ်မှ ဖြစ်မှာပေါ့ ” ဆိုပြီး ကျွန်တော်တို့လည်း ရဲခေါ် ၊ မော်တော်ပီကယ်တွေလည်း ရောက်လာပြီးတော့ ဖြေရှင်းနေကြပါတယ်။ ဒါတောင် ကားသမားက ရဲစခန်းခေါ်တာကို မလိုက်ဘူးချည်း ငြင်းပြီး ရှင်းလျှင် ဒီနေရာမှာ ရှင်းဟု ဆိုတာကြောင့် မတက်သာတဲ့ အဆုံးဖမ်းခေါ်သွားတာကို မြင်လိုက်ရပါတယ်။ အော်..ဒုက္ခ ဒုက္ခ ။

ကျွန်တော်တို့ လားရှိုြး့မို့ကို ရောက်တော့ တိုင်းစစ်ဌာနချုပ်က စီစဉ်ပေးတဲ့ ဂေဟာမှာ နေရပါတယ်။ တပ်ရင်းမှုးတွေ အတွက် ဂေဟာတွေပါ ။ ပါလာတဲ့ စစ်သည်တွေကို ကျတော့ ခန်းမဆောင်ပေးထားပါတယ်။ ဟော သဘောမျိုးပေါ့။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှာ ရှိတဲ့ တပ်အားလုံးဆိုတော့ လူကလည်း တော်တော်များပါတယ်။ ပြဿာနာရှိတာက ကျွန်တော်တို့လို အပေါ်မရောက် အောက်မရောက်တွေပါ။ အဘနဲ့ အတူနေဖို့လည်း မရ ၊ အောက်က တပ်ပေါင်းစုံက ရဲဘော်တွေနဲ့လည်း အတူမအိပ်ချင် တာရယ်နဲ့ ညရောက်မှာကို တော်တော်ကြောက်နေမိပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း စစ်သားဆိုတော့ နုမနေတော့ပါဘူး။ ဒေါင်ကျကျ ပြားကျကျ မဟုတ်လား။ ပြီးတော့ မနက်မှာ ကိုယ့်တပ်ရင်းမှုး ဆွေနွေးပွဲမှာ အဆင်ပြေစွာ ပြောနိင်အောင် စာရိုက်ရ ၊ စီရ နဲ့ ညဘက်တွေဆို ၃ နာရီလောက်မှအိပ် ၊ မနက်ဆို ( ၅ ) နာရီလောက် ပြန်ထနဲ့ တော်တော် လေးကို အိပ်ရေးပျက်ခဲ့ရပါတယ်။ တခါတလေ ကျတော့ ကျွန်တော်လည်း မနိးဘူးဗျ။ ပင်ပန်းတော့ မရတော့ဘူး။ တရက်ဆို အိပ်ပျော်နေတာ ၉ နာရီလောက်မှ နိးလာတော့ လန့်သွားတယ်။ “ ဟာ ကနဲ့ တစ်ခွန်းအော်ပြီး မျက်နှစ်သစ်ပြီး အဘဆီကို ပြေးသွားတော့ အဘက မရှိတော့ပါဘူး။ ဆွေးနွေးပွဲက စနေပြီ။ ကျွန်တော်ကို သနားလို့ မနိးဘဲ ထားခဲ့တာတဲ့ ။ အိုင်ဆာဂျင်ကို ကျွန်တော့်အစား ခေါ်သွားပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အ၀တ်လဲပြီး တိုင်းရုံးကို လိုက်သွားပြီး ပြန်ထွက်အလာကို စောင့်နေခဲ့ပါတယ်။ အထဲမှာတော့ တိုင်းမှုးအပါအ၀င် တပ်ရင်းမှုးတွေ ဆွေးနွေး နေကြတာပေါ့။ ကျွန်တော့်လိုပဲ စောင့်နေတဲ့ ကျောင်းဆင်းဘက် သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီလို ဆွေးနွေးတာ အားလုံးပေါင်း ၅ ရက်လောက်ကြာပါတယ်။ တနင်္လာနေ့ကနေ စလိုက်တာ သောကြာနေ့မှာ ပြီးဆုံးပါတယ်။ ဒါနဲ့ စနေနေ့မှာ အဘကတော်က ဈေးဝယ်ချင်တယ်ဆိုတာနဲ့ လားရှိုးဈေးဝင်ပြီး ကျွန်တော်တို့လည်း ကွတ်ခိုင်ကို ပြန်တက်လာခဲ့ပါတယ်။

ဒီလိုနဲ့ ကွတ်ခိုင်ကို ပြန်တက် ၊ ဟိုရောက်တော့ ၁ ရက်နား ၊ တနင်္လာနေ့ကျတော့ ရှေ့တန်း မုံးကိုးကို ပြန်ထွက်လာခဲ့ရပါတယ်။ ဒီတစ်ခါ တက်တာတော့ တပ်ရင်းမှုးပါတာကြောင့်ရယ် ၊ ရိက္ခာပို့ဖို့ကလည်း ရှိတာကြောင့် ဖောကား နဲ့ ပြန်တက်ရပါတယ်။ အဲဒီမှာ ကျွန်တော်က မြွေပွေးလုပ်တော့တာပဲ။ အဘမသိအောင် တပ်မှာနေတုန်းက ပျင်းလို့ တီးတဲ့ ဂစ်တာကြီး ယူလာခဲ့တယ်။ ဂစ်တာ ယူလာတယ် ဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့ ဆိုလို့ရတယ်ဆိုတဲ့ အနေအထားလောက်ပဲ တတ်တာပါ။ ပိုဆိုးချင်တော့ အရပ်သား တစ်ယောက်လည်း ပါလာပါတယ်။ သူက ကျွန်တော်တို့တပ်က ရဲဘော်တစ်ယောက်ရဲ့ ယောက်ဖဆိုလား ၊ သူနေတာက ကျွန်တော်တို့ရှေ့တန်းထွက်တဲ့ နေရာနဲ့ သိပ်မဝေးတော့ လမ်းကြုံလိုက်လာတာပါ။ သူကလည်း ဂစ်တာကြီး ပါတော့ ဂစ်တာက ၂ လုံးတောင် ဖြစ်နေပါတယ်။ တစ်ခုအခြေအနေကောင်းတာက အဘက ရှေ့ခန်းမှာ ထိုင်တော့ မသိပါဘူး။ လမ်းတစ်လျှောက်လုံး စားလိုက်သောက်လိုက် ၊ ဂစ်တာတီးလိုက်နဲ့ အဆင်ကိုပြေလို့။ ရှေ့တန်းရောက်တော့ ကျွန်တော်လည်း အဘမသိအောင် ၀ှက်ထားရတာပေါ့။ ဒါပေမယ့် အခန်းက ကျဉ်းကျဉ်းလေးရယ်။ ဘယ်ကြာရှာဝှက်နိင်မှာတုန်း ။ ပြီးတော့ ညဆို ကျွန်တော်က တီးသေးတာ ဆိုတော့ အဘက သိပေမယ့် မပြောပါဘူး။

တစ်ရက်တော့ ညဘက်ကြီး ကျွန်တော်လည်း အိပ်မပျော်တာနဲ့ ရေဘူးရယ် ၊ မီးခြစ်ရယ် ၊ သေနတ်ရယ် ၊ ဂစ်တာရယ် ယူပြီး ဆက်သွယ်ရေး ဆရာကြီးကိုခေါ် ၊ နောက် ဂစ်တာတီးကောင်းတဲ့ ချင်းရဲဘော်တစ်ယောက်နဲ့ ၃ ယောက်သား ကွင်းပြင်အလယ်မှာ ဂစ်တာတီးပြီး သီချင်း အော်ဆိုကြတာပေါ့။ ဂစ်တာက ၂ လက် ၊ လူက ၃ ယောက် ၊ ကျွန်တော့်က အဆိုတော် ၊ အသံပြဲပြဲကြီးနဲ့ အငဲသီချင်းကို ဟစ်နေတဲ့အချိန် ၊ နေရာက ဘိုးတော် အိပ်နေတာနဲ့ ခြံစည်းရိုးပဲ ခြားတယ်။ ဒါပေမယ့် ကိုက် ၅၀ လောက်တော့ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့က ကွင်းပြင်ကြီးမှာ ဖြစ်တဲ့အပြင် ၊ ညဘက်ကြီးလည်း ဖြစ်တာကြောင့် အဘက နိးလာပါလေရော။ ဒီတော့ ကင်းသမားကို ခေါ်ပြီး ထွက်လာတယ်။ ပြီးတော့ “ ဟေ့ ဘယ်သူတွေလဲကွ ၊ စခန်းနားလာပြီ သီချင်းအော်ဆိုနေတာ ၊ ၀တ္တရားနှောင့်ယှက်မှု့နဲ့ အရေးယူပစ်လိုက်ရမလား ၊ အခုသွား ” ဆြိုပီး လှမ်းအော်ပြောတာကြောင့် ကျွန်တော်တို့ ၃ ယောက်လည်း သုတ်ချေတင်ပြီး ပြေးလိုက်ကြတာ ၊ ပြေးတယ်ဆိုတာ စခန်းအနောက်ဘက်ကနေ ပတ်ပြီး ပြန်ဝင်တာပါ။ ဂစ်တာနဲ့ ခြံစည်းရိုး ကျော်လို့ကျော် ၊ ဆက်သွယ်ရေး မြောင်းထဲ ပြုတ်ကျလို့ကျနဲ့ လူလည်းတော်တော်လေးကို စုတ်ပြတ်သက်သွားပါတယ်။ မနက်ရောက်တော့ ကျွန်တော် ပန်းပင်တွေ ရေလောင်းနေတုန်း အဘနိးလာပြီး “ ဟေ့ကောင် ဗိုလ်ကြောင် ၊ ဟုတ်ကဲ့ အဘ ” “ အေး ၊ ညက ဂစ်တာတီးတဲ့ ကောင်တွေ စုံစမ်းစမ်းကွာ။ ပြီးတော့ င့ါဘက်စ်မင်း ရဲ သေနတ်ကိုလည်း တိုက်ခိုင်းထားလိုက် ၊ ဒီတစ်ည လာဆိုဦးမယ် ငါကိုယ်တိုင်ပစ်မယ်တဲ့ ” အေးရော။ ဘယ်နှယ့် ကျွန်တော်မှန်းသိလို့ တမင်လာပြောနေတာလေ။ ကျွန်တော့်အသံသူ မှတ်မိတာပေါ့။ ဒါကြောင့် အဘက ရုပ်တည်နဲ့ ခြောက်သလိုလို စသလိုလို လာပြောနေတာ။ ကျွန်တော်လည်း အသာလေး ငြိမ်နေလိုက်တယ်။ ပါးစပ်ကတော့ ဟုတ်ကဲ့အဘ။ ကျွန်တော် သေနတ်တိုက်ခိုင်းထားလိုက်ပါ့မယ်ဆိုပြီး လှည့်ပြေးလာခဲ့ရတယ်။ မလွယ်ပါလားနော်......။

ဆက်ရန်


Wednesday, April 9, 2008


“ ဒီတောင်ကုန်းက အရင်က သောင်းကျန်သူတွေ လူသတ်ကုန်းအဖြစ် အသုံးပြုခဲ့ကြတာပါတဲ့ ၊ ဘယ်ဘက်က အဖွဲ့အစည်းမဆို တစ်ခုခု လူသတ်ဖို့ ဖြစ်လာရင် ၊ ဒါမှ မဟုတ် အစိုးရ သတင်းပေး အဖြစ်သိလို့ သတ်ဖို့လိုအပ်လာရင် ဒီတောင်ကုန်းပေါ်ကို ခေါ်လာပြီး အခုဗိုလ်လုံတဲ့ အရှေ့ဘက် ၊ စခန်းအလည်တည့်တည့် မှာ ရှိတဲ့ သစ်ပင် သုံးပင် တွေ့တယ် မဟုတ်လား ၊ အဲဒီ စုပြီး ပေါက်နေတဲ့ သစ်ပင်တွေမှာ ကြိုးနဲ့ ချည်ပြီး ဓါး ၊ သို့မဟုတ် သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းဖျောက်ကြတာပေါ့တဲ့ ” ဒီတော့ ကျွန်တော်ကလည်း တစ်ခွန်းပဲ ဆိုလိုက်နိင်တယ် “ ဗျာ.....” ။

တအောင့်လောက် ဟိုလျှောက်စဉ်းစား ဒီလျှောက်စဉ်းစား နေပြီးမှ အင်း...ဟုတ်ကဲ့ ဆရာကြီး ဆက်ပါဦး ဆိုတော့ “ ဒါကြောင့် သရဲ အင်မတန် ပေါတယ် ၊ မကျွတ်မလွတ်ကြတာပေါ့တဲ့ ။ ဒါကြောင့် ခြောက်လွန်းလို့ နောက်ဆုံး မခံနိင်တော့လို့ ဘုန်းကြီးခေါ် ကမ္မာဝါ ဖတ်ပြီး သူတို့နေဖို့ ဟိုဘက်ခြမ်းကို နတ်စင်ပါလုပ်ပြီး ပေးထားရတာပါ ။ ပြီးတော့ တစ်ညနေကပေါ့ ကျွန်တော်တို့တွေ အလောင်းအစား လုပ်ကြတယ်။ ဒီစခန်း ပတ်ပတ်လည်မှာ ကာထားတဲ့ တိုင်တွေကို ည ၁၂ နာရီတိတိမှာ ဘယ်နှစ်တိုင် ရှိတယ်ဆိုတာ ရေပြရမယ်။ ဒါဆို ဘယ်လောက် ပေးမယ် ၊ အရက်ဘယ်လောက်တိုက်မယ် ဆိုပြီး လောင်းကြတာ ၊ ညဘက်ကြီးဆိုတော့ ဒီကောင် တစ်ကယ် မလုပ်ဘူးထင်တာ ၁၂ နာရီ ကျော်ကျော်လောက်ကျတော့ ၀ူး .....၀ါး....အော်သံကြားလို့ ထွက်ကြည့်တော့ ပါးစပ်မှာ အမြုပ်တွေ ထွက်နေတာ တွေ့လို့ တော်တော်ကြီးကို နှာနှပ်ယူလိုက်ရတယ်တဲ့။ ကဲ...တွေးကြည့်ပါတော့ နာနာဘ၀ကို အယုံအကြည်မရှိဘူးပဲထား ဒီလိုကြီး ခြောက်သလို ၊ အတည်သလိုလို လာပြောတော့ နဂိုကတည်းက ယုံပါတယ် ဆိုနေမှ ပိုဆိုးတာပေါ့။ ဒါနဲ့ ကျွန်တော်လည်း “ အင်း...ဖြစ်နိင်ပါတယ်လေ ” ဆိုပြီး ဆရာကြီးကို ကိုယ့်နေရာ ကို သန့်ရှင်းရေး လုပ်ဖို့ ပြန်လွှတ်လိုက်တယ်။

ငါတော့ ဘုရားတရားကို အရင်ကထက် ပိုလုပ်မှပဲ။ ကယ်မှာ ဆိုလို့ ဒီတစ်ချက်ပဲ ရှိတာပေါ့ ဆိုပြီး အခန်းပြန် သောက်တော် ရေခွက်တွေ ၊ ဘုရားပုံတွေ ၊ အမွှေးတိုင်ထွန်းဖို့ ခွက်တွေ ရှိမရှိ ပြန်စစ် ၊ ပြီးတော့ သန့်ရှင်းရေးလုပ်နဲ့ ညအချိန်ကို ရောက်သွားပါတယ်။ တစ်အောင့်နေတော့ ဆရာကြီးက ထမင်းစားဖို့ ရဲဘော်တစ်ယောက်နဲ့ ထမင်းဟင်းတွေ ပို့လိုက်တော့ ဘုရားကို အရင် ဆုတောင်း ၊ ပြီးတော့ ထမင်းပန်းကန်ကို မြှောက်ပြီး စားဦးစားဖျားများ ဒါနပြုပါတယ် ။ အမှားတစ်စုံတစ်ရာ ရှိပါက အမိုက်အမဲမို့ ခွင့်လွှတ်တော် မူပါလို့ ပြောပြီး စားခဲ့သောက်ခဲ့ပါတယ်။ ဒါတော့ ဘယ်လိုပြောရမလဲ ကိုယ့်ဘာသာရေးနဲ့ ကိုယ့်ပေါ့ဗျာ။ ဟုတ် ဟုတ် ၊ မဟုတ်ဟုတ် ကျွန်တော်ကတော့ စိတ်ရှင်းအောင် တက်သမျှ ဖတ်သမျှ လုပ်လိုက်တာပါ။


စခန်းသစ် စခန်းကုန်းတည်နေရာ အနေအထား အကြမ်းဖျဉ်းပြမြေပုံ

ဒါနဲ့ ညကျတော့ စခန်းမှာ လူစစ် ။ လူကလည်း တော်တော်များတယ်ဗျာ။ ကျွန်တော် အပါအ၀င် ( ၇ ) ယောက်ပဲ ရှိတယ်။ အရာခံဗိုလ်ကြီး ( ၁ ) ၊ တပ်ကြပ်ကြီး ( ၁ ) ၊ အကြပ် ( ၂ ) ၊ ရဲဘော် ( ၂ ) ပဲရှိပါတယ်။ အဲဒီမှာ စပြီး ဘယ်လိုစခန်း သွားရတယ်ဆိုတာ နောက်ပိုင်းတော့ ပြောပြပါ့မယ်။ ဒါနဲ့ ကျွန်တော်လည်း ညကျတော့ ဘုရားဝတ်တက် ဆီးမီးပူဇော်ပြီး အိပ်ရာဝင်မယ်လုပ်တော့ ကင်းစောင့်မဲ့ အလုပ်ကို သွားသတိရတယ်။ ဒါနဲ့ ကျွန်တော်လည်း မအိပ်နိင်သေးဘူး။ ဆရာကြီးတွေကို သွားမေးပေါ့။ ကင်းဇယားကို ဘယ်လို လုပ်ထားလဲ ဆိုတာ။ ပြီးတော့ လူက ၇ ယောက်ထဲ ရှိတာကြောင့် ညကင်းကို ၉ နာရီက စစောင့်ရင် ၊ ကျွန်တော် အပါအ၀င် ၇ ယောက်ဆိုတော့ ပထမ ၂ ယောက်ကို ၂ နာရီနှုန်းနဲ့ ရဲဘော်တွေ ( ၂ ) ယောက်ကို အရင်စစောင့်ခိုင်းပြီး နောက်လူတွေက တစ်ယောက်ကို ၁ နာရီနှုန်း ။ ကျွန်တော်က မနက် ၅ နာရီကနေ ၆ နာရီထိ စောင့်ဖို့ ဆရာကြီးကို တာဝန်ပေးလိုက်ပါတယ်။ ဆရာကြီးက ဗိုလ်လုံမစောင့်ပါနဲ့ ။ ကျွန်တော်တို့ပဲ တာဝန်ယူပါ့မယ် ဆိုတော့ ၊ ဒါတော့ ဒါပေါ့ ဒါပေမယ့် အားလုံးပေါင်း ၇ ယောက်ပဲ ရှိတာ ဆိုတော့ ထည့်လိုက်ဖို့ ပြောပြီး အိပ်ရာ ၀င်ခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့

“ ရှာပုံတော် မင်းသားကြီး~~~~~ဘယ်အရပ်ဆီ~~~~~မသိတော့ အခက်တွေ့ပြီ ” တချက်ချက် ပျံလွှင့်လာတဲ့ တေးသံက ကျွန်တော့်နားထဲကို မကြားတစ်ချက် ကြားတစ်ချက်နဲ့ ၀င်ရောက်လို့လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လန့်သွားတယ်။ ဟာ...ငါ ကင်းစောင့်ဖို့ ပြောထားတာ လာမနိုးဘူးဆိုပြီး နာရီကို အလန့်တကြား ကြည့်တော့ ၇ နာရီကျော်နေပြီ။ ဒါနဲ့ အိပ်ရာ လူးလဲထပြီး တဲအပြင်ကို ထွက်လိုက်တော့ “ နိးလာပြီလား ဗိုလ်လုံ ” “ ဗိုလ်လုံကို မနိးရက်လို့ အိပ်ပါစေ ဆိုပြီး ကျွန်တော်ပဲ စောင့်လိုက်တာ ” ဆိုတော့ ကျွန်တော်လည်း အပြစ်မတင်ရက်တာနဲ့ “ အင်း...ကျေးဇူးတင်ပါတယ် ဆရာကြီးရေ ၊ နောက်တစ်ခါတော့ မလုပ်ပါနဲ့ ဟုတ်ပြီလား ဆိုပြီး ” ကျွန်တော်လည်း မှန်ပြောင်းယူ ပြီး စခန်းပတ်လယ် လိုက်ကြည့်နေပါတယ်။ ကျွန်တော် မပြောင်းခင်တုန်းက အဘက မနက်ဆို ကိုယ်နေတဲ့ စခန်းပတ်လည်ရဲ့ အခြေအနေကို ၂ နာရီခြား တစ်ခါ မှန်ပြောင်းနဲ့ ထူးခြားဖြစ်စဉ် ရှိမရှိ ကြည့်နေရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပြီးတော့ အသံကြားရာ မြို့ထဲဘက်ရှိရာကို ကြည့်ဖို့ စခန်းရဲ့ အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။

ကျွန်တော်တို့ စခန်းကနေ မြို့ကိုကြည့်မယ် ဆိုရင် မြို့ကို ကောင်းစွာ မြင်နိင်သည့် အပြင် တရုတ်ဘက်ကိုလည်း ထင်ရှားစွာ မြင်တွေ့နိင်ပါတယ်။ တစ်ခုရှိတာက တရုတ်တွေက သူတို့ နိင်ငံဘက်ခြမ်းက တောင်ပေါ်က သစ်ပင်တွေကို တပင်မှ မခုတ်ခိုင်းပါဘူး။ ဒီတော့ ရာသီဥတုက ကောင်းတဲ့အပြင် စစ်ရေးအရလည်း ပုံဖျက်ဖုံးကွယ်မှု တွေရရှိတယ်လို့ သက်မှတ်လို့ရပါတယ်။ ကျွန်တော်တို့ တောင်ထက် တော်တော်မြင့်တဲ့ တောင်တစ်လုံးကတော့ အောင်ဆန်းသူရိယ အေးချို ကျဆုံးသွားတဲ့ တောင်ကုန်းပါ။ သူက တပ်ရင်းတပ်ရင်းလုံး ဆုတ်ခွာနိင်အောင် သောင်းကျန်းသူ ရောင်စုံ သူပုန်တွေကို တစ်ယောက်တည်း ခံပစ်ရင်း အသက်အသေ ခံခဲ့တဲ့ အတွက် အမိမြန်မာနိင်ငံတော်က ထိုက်တန်စွာ အောင်ဆန်းသူရိယ ဘွဲ့ကို ချီးမြင့်လိုက်ခြင်းဖြစ်ပါတယ်။ အဲဒီတောင်က ပြေပြေလျော ဆင်းသွားပေမယ့် အမြင့်ကတော့ တော်တော်မြင့်ပါတယ်။ တောင်ပေါ်မှာ နာဂအိမ်တစ်လုံးရှိတာကို တွေ့ရပေမယ့် အမြင်နီး၍ ခရီးဝေး ဆိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ နာဂ လူမျိုးလား ၊ ပလောင်လူမျိုးလား မသိဘူး သူတို့က နေကို အရင်ဆုံးတွေ့ရတဲ့ နေရာ (၀ါ) နေနဲ့အနီးဆုံး ဆိုတဲ့ တောင်ပေါ်တွေမှာ နေကြပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီလို နေခြင်းဖြင့် ကောင်းကင်ဘုံနဲ့ ပိုပြီး နီးစပ်ဖို့ ဖြစ်နိင်တယ်ဆိုလား ကြားဖူးပါတယ်။ ဒါက မသေချာပါဘူး ခင်ဗျာ။ အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။ ဒါနဲ့ အသံကြားရာ အရပ်ကို လှမ်းကြည့်တော့ ၀ိုးတ၀ါးနဲ့ စင်ပေါ်မှာ ကနေတာကို လှမ်းတွေ့လိုက်ရပါတယ်။

ဒါနဲ့ ကျွန်တော်လည်း တော်တော်လေး ၀မ်းနည်းသွားတယ်ဗျာ။ ဘယ်နှင့် ကိုယ်လည်း လူငယ်ပဲ မဟုတ်လား ပျော်ချင် ကဲချင်တာပေါ့။ ဒါနဲ့ ထင့်ခနဲ့ ဖြစ်သွားတဲ့ စိတ်ကို အမြန်ပြန်လည် ထိန်းချုပ်စုစည်းရင်း ဒီနေ့ လုပ်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ ကိုယ့်တဲ့ ရှိရာကို ခြေဦးပြန်လှည့်လာခဲ့ပါတယ်။ နားထဲမှာတော့ တချက် တချက် ပျံလွှင့်လာတဲ့ သင်္ကြန်သီချင်းများကို နားထောင်ရင်းပေါ့။ ပါးစပ်ကတော့ တခါတခါ သီချင်းလေး လိုက်ညည်းမိပါသေးတယ်။ ဆရာကြီးတွေကလည်း ပုံမှန်ပါပဲ။ ဒါပေမယ့် သာမာန်ထက် ပိုပြီး စခန်းက ပိုတိတ်ဆိတ် နေသလိုပါပဲ။ အော်....သူတို့လည်း လူလွတ်ဆို လူလွတ် အလျောက် ၊ အိမ်ထောင်သည် ဆိုလည်း မိသားစုနဲ့ လည်ချင် ပတ်ချင်ကြတာပဲ မဟုတ်လား။ တိုင်းပြည်တာဝန် ထမ်းဆောင်နေတော့လဲ ဖြစ်ချင်တာတွေ ကို အသာထား ဖြစ်သင့်တာတွေကို ဦးစားပေးရတယ် မဟုတ်လား။ ဒါနဲ့ ကျွန်တော်လည်း အဘနဲ့ စခန်းမှာ နေတုန်းက သင်ပေးလိုက်တဲ့ အတိုင်း စခန်းမှာ ဘာတွေ လိုအပ်လဲ ၊ ဘာတွေ ပြင်ဆင်ရမလဲ ၊ ဆိုတာကို စဉ်းစားရင်း လုပ်ဆောင်ရမဲ့ တစ်ဆင့်ခြင်းဆီကို ဆောင်ရွက်ဖို့ စခန်းပတ်လည် လိုက်ကြည့်မိပါတယ်။

တပ်စခန်း တစ်ခုမှာ လုံခြုံရေးက အဓိက ကြပါတယ်။ တနည်းအားဖြင့် ခံစစ်ပေါ့။ “ အခိုင်ခံဆုံးသော ခံစစ်သည် အကောင်းဆုံး တိုက်စစ်ဖြစ်သည် ” ဟုလည်း ကျက်မှတ်လေ့လာခဲ့ရပါတယ်။ ဒါကြောင့် ပထမ ခံစစ်စည်း ၊ ဒုတိယ ခံစစ်စည်းတွေကို လိုက်ကြည့်ပြီး ယိုင်နဲ့နေသော တိုင်များဖယ်ရှားခြင်း ၊ ခံစစ်စည်း တစ်ခုနှင့် တစ်ခုခြား ပေါက်နေသော မြက် ၊ ခြံနွယ်များ ရှင်းခြင်း နဲ့ပဲ တစ်နေ့တာ သင်္ကြန် အကြိုနေ့ကို ကုန်လွန်ခဲ့ရပါတယ်။ ဒီလို ခြံနွယ်တွေ ၊ မြက်တွေ ရှင်းရတာက ရန်သူက လာတိုက်တဲ့ အခါ ခံစစ်စည်းကို မီးရှို့ဖျက်စည်းသောအခါ ထိုအရာတွေက အထောက်အကူ ဖြစ်နိင်သည့် အတွက်အပြင် ၊ ရန်သူ စခန်းကို အလွယ်တကူ ချဉ်းကပ်ဖို့ရန် အကာအကွယ် မရအောင် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ စခန်း ပတ်ပတ်လည် လုပ်ဆောင်ရခြင်း ဖြစ်တာကြောင့် တစ်နေ့ကို နည်းနည်း နဲ့ တစ်ခုခြင်းဆီကို လုပ်ဆောင်ရပါတယ်။ ဒီနေရာ မလုပ်တော့ ဘာဖြစ်လဲ။ မလုပ်လဲ ရတာပါပဲ။ ကျွန်တော်တို့က ထာဝရနေရမှာမှ မဟုတ်တာ။ နောက်လူလာရင် လုပ်မှာပေါ့ ဆိုပြီး ပစ်ထားခဲ့လို့ကတော့ တပ်မတော်ဆိုတာ ဘယ်ရှိလာပ့ါမလဲ။ ဒီလို အလုပ်တွေကို မခိုင်းဘဲနဲ့ ကိုယ့်တာဝန် ကိုယ်ယူပြီး လုပ်ရတာပါ။ ပြီးတော့ အဘကလည်း တစ်နေ့ကို စက်နဲ့ ၂ ကြိမ် ဒီနေ့ လုပ်တဲ့ အကြောင်းအရာတွေကို စက်နဲ့သတင်းပို့ပြီး လူကိုယ်တိုင်ကတော့ ၁ နေ့ကို ၁ ခါကြေးနန်း တင်ရပါတယ်။ နောက်ပြီး အဘကလည်း ၁ လ ၁ ခါလောက် စခန်းတွေကို လိုက်လံစစ်ဆေးလေ့ ရှိသလို တိုင်းမှုး ၊ ဗျူဟာမှုးတွေကလဲ အခါအား လျော်စွာ လာရောက် စစ်ဆေးလေ့ ရှိပါတယ်။ အဲဒီအခါ လုပ်ဆောင်ထားမှု မရှိဘူး ဆိုရင်တော့ ရာထူးအဆင့်တိုး လျော့ပြစ်ဒဏ် ၊ သတိပေး ဆုံးမ အဲဒီလို တာဝန်ပျက်ကွက်မှု့အပေါ် လိုက်၍ အပြစ်ပေးလေ့ ရှိပါတယ်။ အဲဒီဟာတွေက ဘာထိခိုက်လဲဆိုတော့ တဆင့်တိုး ရာထူး တိုးဖို့ကြတော့ နောက်ကျတဲ့ ဒဏ်ကို ခံရပါတယ်။ ပြီးတော့လဲ ဒီလိုလုပ်ဆောင်ရခြင်းဟာ ရန်သူအလွယ်တကူ လာရောက် တိုက်ခိုက်နိင်ခြင်း မရှိနိင်တာကြောင့်ပါ။ ဒီလိုနဲ့ ညရောက်လာတော့ ထမင်းစား ၊ စကားပြော အိပ်ရာဝင်ပေါ့ဗျာ။

သင်္ကြန်အကျနေ့

“ ဗိုလ်လုံ အဘက မှာလိုက်တယ် ဒီနေ့ ဆရာလှတင့်နဲ့ ရဲဘော် ပေါက်ချွန်းတို့ ကို လူလက်နက်နဲ့ တောင်အောက်ကို အရင်လွှတ်ပေးပြီး အလှူလာစားပါတဲ့ ။ အောက်မှ အဘကိုယ်တိုင် မုန့်လုံးရေပေါ်လုပ်ပြီး ကျွေးနေတယ် ၊ ဗိုလ်လုံတို့ကတော့ သူတို့ကို ပြန်လွှတ်လိုက်မှ ဆင်းခဲ့ပါတဲ့ ” လို့ ပျော်ရွှင်ဖွယ်ရာ သတင်းစကားကြားလာရပါတယ်။ ဒါနဲ့ ကိုယ်လဲ အပိုင်ကဲ မယ်ပေါ့။ ရေပတ်မယ် ၊ မြို့ထဲ လျှောက်လည်မယ် ဆိုပြီး ရှိသမျှ ယူလာတဲ့ အ၀တ်အစားတွေထဲက အကောင်းဆုံး ဆိုတာလေးကို ထုတ် ။ ယူလာသမျှ အ၀တ်အစားက လဲ တော်တော်များတာကြောင့်ပါ။ အရပ်ဝတ် ၂ ထည်ထဲရယ်။ ကျန်တာတွေက ယူနီဖောင်းတွေမို့ပါ။ ဒါနဲ့ ကျွန်တော်လည်း တောင်အောက် ဆင်းရတော့မယ်ဆိုတော့ ရေမိုးချိုး အ၀တ်အစားလေးဝတ်ပြီး စောင့်နေတုန်း ၊ စက်က ထက်ပြောလာပါတယ်။ ဗိုလ်လုံလဲ တောင်အောက်ကို ဆင်းမယ်ဆိုရင် ယူနီဖောင်းနဲ့ သေနတ်ပါယူပြီး ရဲဘော်တစ်ယောက်နဲ့ အတူ ဆင်းလာခဲ့ပါတဲ့။ ဒါနဲ့ ကျွန်တော်လည်း မျှော်လင့်ထားတာလေးဖျက် ၊ ယူနီဖောင်း ပြန်လဲပြီး ပစ္စတိုခါးမှာ ပတ်လို့ မဆင်းချင် ဆင်းချင်နဲ့ တောင်အောက်ကို ဆင်းချလာခဲ့ပါတယ်။ ဟိုရောက်တော့ အဘကို အလေးပြုပြီး ရောက်ရှိပါပြီပြောတော့ အဘက “ အေး ရောက်ရင် ဘုရားသွားရှစ်ခိုး ၊ ပြီးရင် ဒီမှာ မုန့်လုံးရေပေါ် လာဝိုင်းလုပ်တဲ့ ။ ဗိုက်ကလည်းတော်တော် ဆာနေပါပြီ။ ဒါနဲ့ မုန့်လုံးရေပေါ် အရင်စားလိုက်တယ်။ အဲဒီလို စကားနားထောင်လို့လဲ အဘက သူ့နားမှာ မထားတာပါ။ မုန့်လုံးရေပေါ် လုံးပြီး လာသမျှ လမ်းမှာ ဖြက်သွားဖြက်လာ ခရီးသွားတွေကို အတင်းခေါ်ပြီး ကျွေးတော့တာပဲ။ စားချင်တာ မစားချင်တာ မသိဘူး။ ဘေးနားမှာလဲ ရဲဘော်တွေက သေနတ်တွေနဲ့ ဆိုတော့ သူတို့လဲ စားချင်ရက်နဲ့လား မစားချင်ရက်နဲ့ သေနတ်မြင်လို့လား မသိဘူး။ စားတော့ စားသွားကြတယ်ဗျား) ။

ကျွန်တော်လည်း ပြီးတော့ အဘကို ခွင့်တောင်းပြီး မြို့ထဲ သွားမယ်လို့ ပြောမလို့ ရှိသေးတယ် အဘက “ မင်းလည်း မြို့ထဲ သွားချင်သွားလေ ၊ အခု ၁၂ ရှိပြီ ၊ ညနေ ၄ နာရီ ငါ့ကို ပြန်သတင်းပို့ ၊ ပြီးရင် တောင်ပေါ် ပြန်တက် ဟုတ်ပြီလား ” ဆိုပြီး လွှတ်လိုက်ပါတယ်။ အဲဒီမြို့က ကလေးတွေလည်း သိပ်မတွေ့ရပါဘူး။ ဘာဆို ဘာမှ မရှိ။ အသံတွေသာ ကြားနေရတယ် လူတစ်ယောက်မှ မတွေ့ဘူး။ ကိုယ်ကလဲ ယူနီဖောင်းကြီးနဲ့ သေနတ်ကလည်း ပါသေးတယ် ဆိုတော့ ဘယ်သူမှလဲ ရေမလောင်းရဲ ကြဘူး။ ဒါနဲ့ မြို့ထဲ ထိရောက်အောင် လမ်းလျှောက်သွားရင်း ငါတော့ ဒီလိုနေ့မှာမှ ရေမဆိုရင် ဘယ်နေ့မှ ဆိုမှာ မဟုတ်တော့ဘူး ဆိုပြီး စဉ်းစား မိလိုက်ပါသေးတယ်။ ဒါနဲ့ ဟိုရောက်တော့ ဈေးရှိတဲ့ နေရာလေးမှာ စင်လေး ထိုးထားပြီး ကလေးတွေ ယိမ်းလိုမျိုးနဲ့ သင်္ကြန်သီချင်းဖွင့်ပြီး ကနေကြတာပါ။ တစ်ချို့ လူကြီး ၊ ကလေးတွေကလည်း ၀င်ကပေါ့။ အဲဒါကို ဘေးနားက လူတွေ ၊ ကလေးတွေက ရေ၀ိုင်းပတ်နေကြတာ။ အော်.....သူတို့ဒေသက ခေါင်တော့ ဘယ်သူမှလဲ လာလို့မရ ၊ လျှောက်လည်ဖို့ကလဲ မြို့က ကားဘီး ၅ ပတ်လောက် လှိမ့်လိုက်တာနဲ့ အိမ်က ကုန်နေပြီ။ ဒီတော့ ကျွန်တော်လည်း ဒီထက်တော့ နည်းနည်းလေး ပိုထင်ထားတာ ၊ ကိုယ်ထင်ထားတာ ထက်တောင် မဖြစ်ထွန်းဘူး ဖြစ်နေပါတယ်။ ဒါနဲ့ ဘေးနားက မြန်မာ လက်ဘက်ရည်ဆိုင်လေးထဲ ၀င်ပြီး သူတို့ကိုပဲ ထိုင်ကြည့်နေမိတော့တယ်။ ဆိုင်ရှင်က ဗိုလ်လုံ ကြာဇံဟင်းခါး လှူတယ် သောက်သွားပါဦး ဆိုလို့ ကာလအတန်ကြာ ငတ်ပြတ်နေသော အစားအစာ တစ်ခုကို အားမနာပဲ ၃ ပွဲလောက် သောက်ပေးလိုက်တယ်။ အော် ဆိုးပ ဆိုးပ။ ဒါနဲ့ သင်္ကြန်အကျနေ့လည်း ရေလောင်းမခံရဘဲ လာရာလမ်းအတိုင်း နောက်ပြန်လှည့်လာခဲ့ ရပါတယ်။ ဟိုရောက်တော့ အဘက မင်းက ရေတောင် အလောင်းမခံရဘူးလား ဆိုပြီး စနေပါသေးတယ်။ ကျွန်တော်လည်း ဘာမှ ပြောချင်စိတ် မရှိတာနဲ့ စခန်းမှာ ဆရာကြီးတွေနဲ့ စကားနည်းနည်းပါးပါး လိုက်ပြော နုတ်ဆက်ပြီး လာရာလမ်းကို ပြန်ခဲ့ပါတယ်။ စခန်းပြန်ရောက်တော့ သေနတ်ကို အိပ်ရာဘေးထားရင်း ဘယ်သူမှ မလောင်းလဲ ကိုယ့်ဟာကိုယ် လောင်းတယ်ကွာ ဆိုပြီး ၀တ်စုံတောင် မလဲဘဲ ရေ ၂ ပုံးလောက် ခေါင်းလောင်း ချိုးပစ်လိုက်တယ်။ ဆရာကြီးတွေက ကြောင်ပြီး ၀ိုင်းကြည့်လို့။ ကျွန်တော်လည်း ရှက်ရှက်နဲ့ တဲထဲ ပြန်ဝင်ပြီး အ၀တ်လဲ ပြန်အိပ်နေလိုက်တော့တယ်။ မှတ်ကရော။ ဒီလိုနဲ့ အကြက် ၊ အတက် ၊ နှစ်ဆန်းတစ်ရက်နေ့တွေကို တောင်ပေါ်မှာ ဘယ်သူ့ကိုမှ ရေမလောင်းရဘဲ ဆက်သွယ်ရေးမြောင်း ရေခွလောင်းကာ ၂၀၀၄ ခုနှစ် သင်္ကြန်ကြီးကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တော်တော် ခံလိုက်ရတာ။ တစ်နေ့တစ်နေ့ ဘာလုပ်ရမှန်းမသိဘူး ဘာမှလည်း မလုပ်ချင်ဘူး။ ညဆို စောစောအိပ် ၊ နေ့ခင်းဘက်ဆို အိပ်လိုက် ၊ အလုပ်လုပ်လိုက် ၊ သင်္ကြန်အကြောင်းတွေးလိုက်နဲ့ ဒီအချိန်ဆို ဘယ်သူငယ်ချင်းတွေကတော့ ဘယ်လို ၊ ဘယ်သူတွေကတော့ ဘယ်လို ဆိုပြီး စဉ်းစားမိရင် ခံစားရတာ ပိုဆိုးတယ်ဗျာ။ ဘယ်လိုပြောမလဲ ဆေးဖြတ်တဲ့ ဆေးသမားလိုပဲ ။ အချိန်တန် ဆေးမရတော့ ယင်းထနေသလို ခံစားနေရတာပေါ့။

သင်္ကြန်အချိန်တွေ တောင်ပေါ်မှာ ကုန်ဆုံးတော့ ကျွန်တော်လည်း တောင်ပေါ်က တစ်ဆင့် တောင်အောက်ကို စခန်းခဏပြန်ချိန်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တပ်မတော်မှာ အမြဲကျင်းပလေ့ရှိတဲ့ လေးလပတ် အစည်းအဝေးပွဲကို သွားတက်ရမှာ မို့ပါ။ ကျွန်တော့် ဒုဗိုလ်အဆင့်နဲ့ တက်ရမယ်လို့တော့ မဟုတ်ပါဘူး။ တပ်ရင်းမှုးတွေနဲ့ တိုင်းမှုး ၊ စကခမှုး ၊ တွေ ကိုယ်တပ်ရဲ့ အခြေအနေနဲ့ ဖြစ်စဉ် လုပ်ဆောင်ချက်တွေကို ရှင်းလင်းတင်ပြရတဲ့ အစည်းအဝေးလို့ပဲ သိစေချင်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ပိုနားလည်မှာပါ။ ကျွန်တော်မပြောလည်းပေါ့။ ဒါနဲ့ အဘက ကျွန်တော့်ကို ပြန်ခေါ်ပြီး အစည်းအဝေး တက်ဖို့ ရှေ့တန်းမှ တဆင့် နောက်တန်း တပ်စခန်းကို ပြန်ရောက်ခဲ့ရပါတယ်။ တနည်းအားဖြင့် ကွတ်ခိုင်ပေါ့။ အဲဒီ ပြန်ရောက်ခဲ့တဲ့ အချိန်လေးမှာပဲ ကွတ်ခိုင် အကြောင်းကို စတင်လေ့လာခွင့်ရခဲ့တာပါ။ ကျောင်းဆင်းလာတုန်းက ရောက်ရောက်ခြင်း ၁ ပတ်နေပြီး ရှေ့တန်း ကိုတခါတည်း ထွက်လာခဲ့ရတယ် ဆိုတော့ မသိဘူး မဟုတ်လား။ ဒါနဲ့ သက်မှတ်ထားတဲ့ နေ့ရောက်တော့ အဘရယ် ၊ ကျွန်တော်ရယ် ၊ ထောက်လှမ်းရေး အကြပ်ကြီး ဆရာကြီး သန့်ဇင်ရယ် ၊ အဘ ရဲဘော် ၃ ယောက်ရယ် ကွတ်ခိုင်မြို့ကို ပြန်လာခဲ့ကြပါတယ်။

ကွတ်ခိုင်ပြန်ရောက်တော့ အဘက သူ့အိမ်သူပြန် ၊ ကျွန်တော်က ဗျူဟာက ပေးထားတဲ့ ၆ ခန်းတွဲမှာ တစ်ယောက်ထဲ တည်းရပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ ခလရ ( ၄၅ ) တပ်ရဲ့ အထီးကျန် ခြင်းနဲ့ စတွေ့တော့တာပါပဲ။ ကျွန်တော်နေတဲ့ အခန်းတွေက မီးမရပါဘူး။ ၆ ခန်းလုံးမှာ ၂ ခန်းတွဲဆီ ရေချိုးခန်း ၊ အိမ်သာ အတူတူ ရှိပါတယ်။ ၄ ယောက်ကို မျှသုံးပေါ့။ ကျွန်တော့် အဆောင်အနောက်မှာ တင်းနစ်ကစားတဲ့ ကွင်းလေး ရှိပြီး အဲဒါနဲ့ ကပ်လျက်ကတော့ တပ်နယ်ဆေးရုံလေးပါ။ ဒါနဲ့ စကားမစပ် အဲဒီတပ်နယ် ဆေးရုံက သရဲမက တော်တော်ကြမ်းတယ် ကြားတယ်ဗျ။ ညဆို တက်ဖိထားတယ် ဆိုလား မသိပါဘူး။ ကလေးမီးဖွားရင်းနဲ့ သေသွားတာပါတဲ့။ အခန်းက မီးမလာရတဲ့ အထဲ လာကြပ်နေသေးတယ်ပေါ့ဗျာ။ ကျွန်တော်နေတဲ့ အခန်းဆောင်တွေက လူနေအိမ်တွေနဲ့လည်း ဝေးပါတယ်။ ဒါကြောင့် ညဆို တော်တော် တိတ်ဆိတ် နေတာကြောင့် ထိတ်လန့်ဖို့ ကောင်းပါတယ်။ ဘေးနားပတ်လည် က မှောင်လို့ ။ အရှေ့မှာ မြင်နေရတဲ့ ယူကလစ်ပင်တွေကလည်း လေတိုက်တော့ တရှဲရှဲနဲ့ အဲဒီအပင်တွေပေါ်က လူက ပြုတ်ကျပြီး သေထားတယ် ဆိုလား ၊ ဟာဗျာ...နေချင်စရာ မရှိအောင်ကို ဖြစ်နေတာ။ တပ်ရင်းမိသားစု အိမ်တွေထားတဲ့ လိုင်းခန်းတွေနဲ့က ၁ မိုင်လောက် ဝေးတယ်။ အလယ်မှာက ဆေးရုံ နဲ့ ပြီးတော့ ကွင်းပြင်ကြီး ၊ ပြီးတော့မှ တပ်ရင်း ဗဟိုကင်း ၊ အဲဒီနားမှာ အပင်အကြီးကြီး တစ်ပင်ရှိတယ်။ ပြီးတော့ ရေစင်ကြီးလည်း ရှိတယ်။ အဲဒီရေစင်နားက ကုန်းက တော်တော် ခြောက်တာ နာမည်ကြီးတယ်တဲ့ ညနေ ၆ နာရီ ကျော်ရင် တစ်ယောက်တည်း မသွားနဲ့ဆိုလား ။ သတင်းတွေကလည်း ကြားလိုက်ရတာ ဗျာ။ ကျွန်တော်က တစ်ယောက်တည်း အိပ်ရပါတယ် ဆိုမှ အဖော်အရာရှိ တွေကလည်း မရှိတော့ တစ်ယောက်တည်း ညဆို စောစော အိပ်၇ာဝင်ဖြစ်တယ်။ ဒါတောင် ဖယောင်းတိုင်မီးကို ဘုရားရှစ်ခိုးပြီးတာနဲ့ ဆက်ခနဲ့ မှုတ်ပြီး ခြင်ထောင်တဲ့ တန်းဝင် ၊ စောင်ခေါင်းမြှီးခြုံပြီး အိပ်တာပါ။ အဲဒီလိုတွေ ကြားလို့ ဘုရားရှစ်ခိုးပြီ အိပ်ပါတယ် ဆိုမှ......တစ်ညတော့ဗျာ

ဆက်ရန် ။

အားပေးမှုအား အထူးကျေးဇူးတင်လျက်


Tuesday, April 8, 2008


မိုင်နိမ်းအစ်စ့် “ ဗိုလ်ကြောင် ”


ဗိုလ်ကြောင် ဆိုတဲ့ နာမည်တွင်လာ ရတာကတော့ တခါတလေ အဘက သူလုပ်ခိုင်းတဲ့ အလုပ်တွေ ၊ ကြေနန်းတွေ တင်ရမဲ့ဟာတွေဆို ကျွန်တော့်ကို ပါးစပ်ကနေ ပြောပါတယ်။ ဒီတော့ ကျွန်တော်က နုတ်စာအုပ် နဲ့လိုက်မှတ်ပြီး ပြန်လည်း ရေးသား လုပ်ဆောင်ရပါတယ်။ တခါတလေ နားကြားလွဲတဲ့ အခါ ၊ မှားမှတ်မိတဲ့ အခါတွေ ပေါ်လာတာပေါ့။ ဒါကြောင့် တလွဲလဲ လုပ်လိုက်ရော အဘက ဆဲပါလေရော။ ဒီလိုနဲ့ ၅ ခါ ၁ ခါလောက် မှားတော့ ကြာလာတော့ အဘက အမြင်က ကတ်လာပြီလေ။ ဒီတော့ “ မင်းကွာ ကြောင်တောင်တောင်နဲ့ ” ဆိုတဲ့ စကားက ကျွန်တော့်အတွက် နေ့တိုင်းစားရတဲ့ ထမင်းလို ဖြစ်နေတော့တာပါပဲ။ အဲဒီကြောင်တာရယ် ၊ တစ်ရက် ကျွန်တော်တို့ စခန်းမှာ ကာဖို့ ၀ါးချောင်းတွေကို နှီးသပ်နေတဲ့ အချိန်ပါ ။ နေ့လည် ထမင်းစား ခဏနားတော့ ကျွန်တော်က ထမင်းစားပြီး ဆရာကြီးတို့ကို ဆေးလိပ်တိုက်မယ် ကတိပေးထားတော့ ရွာထဲ ဈေးဝယ်ဖို့ ထွက်သွားခဲ့တဲ့ အချိန် ဆိုင်က ပီနန်း တို့နဲ့ စကား ကောင်းနေတာကြောင့် သက်မှတ်ချိန်ထက် ပြန်မလာနိင်တော့ဘူး။ နောက်ကျသွားတာပေါ့။ ဒီတော့ ဟိုမှာ အလုပ်လဲ ပြန်စရော ကျွန်တော်က မရှိဘူး။ အဲဒီအချိန် အဘရောက်လာပြီး ကျွန်တော့်ကို မေးတော့...ဆရာကြီးတွေကလဲ ဟိုဒီ အုအဲ လျှောက်ပြောနေကြတာပေါ့။ ဒီတော့ ရဲဘော်တစ်ယောက်ကို ရွာထဲက ဆိုင်ကို လိုက်ကြည့်ခိုင်းပါတယ်။ အဲဒီမှာ ကျွန်တော်က လေကောင်းနေတာဗျာ ။ ဟိုရဲဘော်လေးက အပြေးအလွှား ရောက်လာပြီး “ ဗိုလ်ကြီး အဘရှာနေတယ် ၊ ဗိုလ်ကြီးကို တွေ့ရင်လည်း ကြိုက်တဲ့ တုတ်ကောက်ခဲ့တဲ့ ” အန် ဒီအရွယ်ကြီးကျမှ ဘယ်နှင့် တုတ်နဲ့ ရိုက်မလို့တုန်းပေါ့။ လူကလဲ နည်းနည်းတော့ မျက်လုံး ပြုးသွားတယ်။ အဘက စိတ်ဆိုးနေရင် လွယ်တာ မဟုတ်ဘူး။ အရှေ့မှာ နောင်တော် စီနီယာတွေ တုန်းကလဲ ဆုံးမခဲ့ဘူးတာ သိနေတယ်။ လက်သံကလဲ ပြောင် ဆိုတော့ သတိထားနေရတယ်။ ဒါနဲ့ အေးအေး ဆိုပြီး ဘုရားစာရွက်ပြီး ပြန်လာတော့ လမ်းမှာ တုတ်ကောက်ဖို့ သတိရတာကြောင့် နောက်ဆုံး လက်သန်းလောက် ရှိတဲ့ တုတ်တိုလေး ကောက်သွားတယ်။

အဘကို ပြန်စချင်တာလဲ ပါလို့ပါ။ တပ်ရင်းမှုးဆိုပေမယ့် ကျွန်တော့်ကို ချစ်တာ သိနေတော့ ခပ်တည်တည်ပဲ ဟိုလဲ ရောက်ရော အဘ ကျွန်တော် ရောက်ပါပြီ ဆိုပြီး သတင်းပို့တော့ အဘက “ @#$_%^& ဘယ်တွေလျှောက်သွားနေတာလဲ အရာရှိက အစ စည်းကမ်းဖောက်နေတယ် ဆိုပြီး ဘယ်မှာလဲ တုတ်တဲ့ ” ကျွန်တော်လည်း ခပ်တည်တည်နဲ့ ဒီမှာ အဘဆိုပြီး စောနက တုက်ကို ပေးလိုက်တော့ ဘာပြောကောင်းလိုက်မလဲ ခြံစည်းရိုးကာဖို့ နှီးသပ်နေတဲ့ ၀ါးလုံးနဲ့ လိုက်ရိုက်တာပေါ့။ ကျွန်တော်လည်း ငြိမ်မခံပါဘူး။ ထွက်ပြေးတာပေါ့ ။ ဒါပေမယ့် တချက်တော့ စစချင်း ထိသွားသေးတယ်။ သူကလဲ အသက်ကြီးပေမယ့် လက်မြန်တာကြောင့်ပါ။ ဒါပေမယ့် အဲဒီတစ်ချက်ပဲ ရိုက်ပြီး ကျွန်တော်ထွက်ပြေးတော့ ကြည့်ပြီး ရီနေပါသေးတယ်။ အလုပ်ကြောင်တာရယ် ၊ ရှမ်းမရောင်းတဲ့ဆိုင်မှာ စကားလေးသွားပြောမိတာကို ကြောင်တယ်ဆိုပြီး ထင်မြင်တာရယ်နဲ့ ဒါနဲ့ပဲ အဲဒီနေ့က စပြီး ဆိုင်ဆိုင် မဆိုင်ဆိုင် “ ဗိုလ်ကြောင် ” ဆိုပြီး သူက စခေါ်တော့ တာပါပဲ။

မနက်သူနိးလာတဲ့နဲ့ “ ဗိုလ်ကြောင်...ဗိုလ်ကြောင် ဘယ်ရောက်နေလဲ ၊ မျက်နှာသစ်ဖို့ ရေလဲ မရှိဘူး ” “ ဗိုလ်ကြောင် တန်းစီမယ် ” ဘာလုပ်လုပ် ဒီနာမည်ကို ပါးစပ်က မချပါဘူး။ နောက်တော့ ဆရာကြီးတွေကို မေးကြည့်တော့ အဘက သူချစ်တဲ့ တပည့်တွေဆို အဲဒီလိုပဲ နာမည်ပြောင် ပေးထား တက်တယ်တဲ့။ နာမည်အရင်း ဘယ်တော့မှ မခေါ်ဘူး ဆိုပြီး ပြန်ကြားရတော့ ၀မ်းသာပေမယ့် နာမည်ကြီးက တွင်နေတော့ တခါတခါ သိပ်တော့ ဘ၀မကျချင်ဘူးး) ။ အခုဒီစာကို ရေးတော့ ကျွန်တော့်ကို ရည်စားမရခဲ့ဘူးလား လိုတော့ မေးကြပါတယ်။ ရှိတော့ ရှိတာပေါ့ဗျာ။ ရှိတယ်ဆိုတာ ရည်းစားရှိခဲ့တာကို ပြောတာမဟုတ်ပါဘူး။ လူငယ်သဘာဝ မိန်းခလေး လှတာတွေ့ရင်တော့ ငမ်းတက်ကြတာပဲ မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း ငမ်းတာပေါ့။ ငမ်းရုံအဆင့်ပဲ ရှိပါတယ်။ ချစ်တယ် ကြိုက်တယ် ပြောဖို့ကြတော့ ဘယ်လိုလုပ် ဖြစ်နိင်မှာလဲ။ ကိုယ်က ခဏလာတာ ၊ တသက်လုံးလဲ ဒီမှာ နေရမဲ့သူ မဟုတ်ဘူး။ ပြီးတော့ မယူနိင်ဘဲနဲ့ မချစ်ချင် ၊ မကြိုက်ချင်တာ ကြောင့်ရယ် ၊ အဘက လည်း ရှေ့တန်းမှာ မိန်းခလေးတွေနဲ့ မပတ်သက်ဖို့ အကြောင်း ၊ အမြဲ ဆုံးမ တာကြောင့် အလှအပတွေကို အလှအပလိုသာ ခံစားခဲ့ပါတယ်လို့ ၀န်ခံလိုက်ပါသည်။

တနင်္ဂနွေနေ့ တရက်မှာ ဈေးနေ့ ကြတာကြောင့် ကျွန်တော်လည်း အဘကို လိုအပ်တဲ့ အသုံးအဆောင်လေးတွေ ၀ယ်ဖို့ ဈေးသွားဖို့ ခွင့်တောင်းပြီး ထွက်လာခဲ့ပါတယ်။ သာမာန်အနေနဲ့ကတော့ ဈေးက နေ့တိုင်းဖွင့်ပေမယ့် ဒီလို ၅ ရက်ဈေးနေ့မှာဆိုရင်တော့ တောင်ပေါ်တွေက လာတဲ့ တိုင်းရင်းသားများ ၊ တရုတ် လူမျိုးတွေကို စုံလွင်စွာ တွေ့ရတက်ပါတယ်။ ဒါပေမယ့် ဈေးထဲမှာတော့ ကိုတရုတ်တွေကတော့ သူဌေးတွေပေါ့။ သူတို့က အရင်းရှိတော့ ဖုန်းကဒ် ၊ လက်ကိုင်ဟမ်းဆက် ၊ ရေမွှေး ၊ အ၀တ်အထည် တွေ အမျိုးမျိုးရောင်း ကြပြီး ၊ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုတွေကတော့ ခုတ်လာတဲ့ ထင်းလေး ၊ အသီးအနှံလေး ၊ အိမ်တွင်းလုပ် စားစရာ တွေလောက်သာ ရောင်းရုံ အဆင့်ပါ။ ပြီးတော့ တရုတ်ပြည်နဲ့်နယ်စပ်မြို့ချင်း ကပ်လျက် ဖြစ်သောကြောင့် အခါအား လျောစွာ တရုတ်ပြည်ထဲကို ဈေးနေ့မှာ ရော ၊ ဈေးနေ့ မဟုတ်ရင်တောင် ဖြက်သန်း သွားလာပြီး ရောင်းဝယ် ဖောက်ကား ကြပါတယ်။ ဒါပေမယ့် ဖြက်သန်းခ ကတော့ တစ်ဦးလျှင် ( ယွမ်-၅ )ကျပ် နှုန်းပေးရပါတယ်။ ဂိတ်က မြန်မာဂိတ်နဲ့ တရုတ်ဂိတ် ဆိုပြီး နှစ်ခုရှိတာကြောင့် အသွားအပြန်ဆို ( ယွမ်-၁၀ ) ကျပါတယ်။ အဲဒီတုန်းက ယွမ်-၁ ကျပ်ကို မြန်မာငွေ-၁၀၀ ကျပ်ရှိပါတယ်။ ဒီတော့ အသွားအပြန်ဆို မြန်မာငွေ - ၁၀၀၀ကျပ် ကြတယ် ခင်ဗျာ။ ဈေးသည်တွေ ရောင်းဝယ် ဖောက်ကားမှု ကောင်းမကောင်းတော့ မသိပါဘူး။ သေချာတာကတော့ အပေါက်စောင့်တဲ့ နယ်စပ်စည်ပင် ဆိုတဲ့ အဖွဲ့က လူတွေကတော့ တစ်နေ့ကို လူတွေက အနည်းဆုံး မဖြက်သန်းဘူး ဆိုရင်တောင် အယောက် ( ၂၀ ) အနည်းဆုံး ရှိတာကြောင့် သူတို့အတွက်တော့ တော်တော် လေးကို အဆင်ပြေလျက်ရှိပါတယ်။ ဒါကလည်း ပြောရတာတော့ မကောင်းပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေလို့ ပေးကြ ၊ သွားကြတာ ဆိုတော့လည်း သူတို့ချင်း အဆင်ပြေနေတော့လဲ ပြီးတာပဲလို့ နောက်ပိုင်း အနေကြာလာတော့ နားလည်မိပါတယ်။

အဲဒီဈေးမှာပဲ မြန်မာတစ်ချို့လည်း ဈေးရောင်းလျက် ရှိတာကို တွေ့ရပါတယ်။ ထမင်းဆိုင် ၊ ကုန်ခြောက်ဆိုင် ၊ အ၀တ်အထည်ဆိုင်တွေ မှာရောင်းကြတာပါ။ ကျန်တဲ့ ဈေးသည်တွေကတော့ တရုတ် ၊ ရှမ်းတွေပါ။ ၅ ရက်တစ်ခါ ဈေးနေ့ ရောက်ရင်တော့ လမ်းဘေးတွေမှာပါ ဘေးဘယ်ညာ ချရောင်းပါတယ်။ လက်ဖက်ရည်ဆိုင် ၊ လက်သုပ်ဆိုင် ၊ ကာရာအိုကေ ဆိုင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ထူခြားတာက အဲဒီမုံးကိုးမြို့က လူတွေက သိပ်ပြီး စကားမပြောကြဘူးဗျ။ ဈေးဝယ်နဲ့ဈေးရောင်း သူလောက်ပဲ လိုအပ်မှ ပြောကြတယ်။ ကျွန်တော်တို့ မြန်မာတွေဈေးကတော့ အဝေးက အသံကြားတာနဲ့တင် ဈေးမှန်းသိလောက်အောင် အောင်မြင်ကြပါတယ်။ ရောင်းတာက မြန်မာ ၊ ၀ယ်တာက တိုင်းရင်းသား မျိုးစုံ ၊ တရုတ် နောက် ရောင်းတာက တရုတ် ၊ ၀ယ်တာက တိုင်းရင်းသားမျိုးစုံ ၊ မြန်မာ ကဲ ဘယ်မှာလဲ အော်ရောင်းဖို့ အဓိက ဘာသာ စကား။ အဲဒီတော့ လူတွေသာ တွေ့နေရတယ် တိုးတိုး...တိုးတိုးနဲ့ ။ အသံလည်း ဘာမှ သိပ်မကြားရဘူး။

ကျွန်တော်လေ့လာခဲ့သော......မုံးကိုးမြို့အကြောင်း

ဒီမြို့က ၁၉၉၈-၉၉ လောက်အထိကို မငြိမ်သေးဘူးဗျ။ ငြိမ်းချမ်းရေး ယူထားပေမယ့် သတိနဲ့ သွားလာနေရတဲ့ နေရာဒေသတွေပါ။ အဓိက လမ်းမကြီး တစ်ခုပဲ ရှိပြီးတော့ ဘေးဘယ်ညာတွေမှာ ၂ ထပ်တွဲ အိပ်ဆောင်လို အခန်းတွေ အများကြီးပါတဲ့ ဟာတွေကို တဆက်တည်း ဆောက်ထားပါတယ်။ ကျွန်တော်က အိမ်ခြေတွေများပြီး ဘာလို့ လူမနေတာလဲ ၊ ပြီးတော့ ဘာလို့ချိတ်ပိတ်ထားတာလဲလို့ မေးကြည့်တော့ အစတုန်းက အဲဒီနေရာတွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနားယူ အပန်းဖြေရာ နိက်ကလပ်များ ဖြစ်ကြောင်း ၊ တစ်ချို့က ဇိမ်ခန်း ၊ ပြည့်တန်ဆာ အခန်းများ နှင့် ဘိန်းရှုခန်းများသာ ဖြစ်ကြောင်း မီလိုက်တဲ့ ဆရာကြီးတွေက ပြန်ပြောပြတာကို ကြားရပါတယ်။ အဲဒီလို အိမ်တွေက တစ်မြို့လုံးနီးပါးကို ရှိတာပါ။ နောက်ပြီးတော့ အဲဒီအချိန်တုန်းက ဘိန်းကို ပေါ်တင် ၀ယ် ၊ ရောင်း ခွင့် ရှိနေတော့ တိုင်းရင်းသား တော်တော်များများ အဲဒီဒဏ်ကို တော်တော်ခံလိုက်ရပါတယ်။ တိုင်းရင်းသား ချည်းပဲပြောပြီး မြန်မာကျတော့ မပါဘူးလားလိုတော့ မထင်စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ တော်တော်ကို ဝေးလံတဲ့ ဒေသ ၊ နယ်စပ်အစွန်အဖျားဆိုတော့ ကာ မြန်မာစကားကို မတက်ကျ နားမလည်ကျတာကြောင့် ဘယ်မြန်မာ တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်ပြန်လာတဲ့ အထိကို အဲဒီဒေသတွေမှာ ဘိန်းစွဲနေတဲ့ လူတွေကို တွေ့နေရတုန်းပါပဲ။ သူတို့ဘိန်းကို ဘယ်က ရသလဲတော့ မသိပါဘူး။ ပိုက်ဆံကိုတော့ ထင်းခုတ်ရင်း ၊ တခြားအလုပ်တွေ လုပ်ကိုင်ရင်း ရှာနေကြတာပါပဲ။



ဘိန်းမည်း

ဆက်ပြောရရင်တော့ အဲဒီအချိန်တုန်းက လမ်းဘေးနားမှာကို ဘိန်းမည်း တွေကို ချရောင်းနေကြတယ်တဲ့။ ပြီးတော့ ရောင်းတဲ့ လူတွေကလည်း သေနတ်တွေနဲ့။ အဲဒီတုန်းက အစိုးရ အုပ်ချုပ်မှုလည်း မရှိသေးပါဘူး။ ဘာလို့လဲ ဆိုတော့ စီစီဝမ်တာပန် တိုက်ပွဲတွေ ပြီးတော့မှ အဲဒီဘက်တွေကို ဆက်လက် အုပ်ချုပ်နိင်ခဲ့တာ ကြောင့်ပါ။ နာမည်ကျော် စီစီဝမ်တာပန် တောင်ကုန်းတွေက ကျွန်တော်တို့နဲ့ စခန်းနဲ့ သိပ်မဝေးပါဘူး။ တရုတ်နယ်စပ်နဲ့ကလည်း ကပ်နေတာဆိုတော့ အဲဒီနိင်ငံက တရုတ်တွေက ဒီဘက် မုံးကိုးမြို့ထဲမှာ အိမ်တွေဝယ်ပြီး စီးပွားရေး လာလုပ်ကြတာပါ ။ အဲဒီအချိန်တုန်းက စီးပွားရေး တော်တော်ကို အလုပ်ဖြစ်တယ်နဲ့ တူပါတယ်။ တစ်ချို့အိမ်တွေဆို လန်ပျံနေအောင် ဆောက်ထားတာပါ။ အခုတော့ ခြုံတွေပေါက် မြက်တွေရှည်နဲ့ ရောင်းချင်တော့လည်း လူက ၀ယ်မဲ့သူ မရှိတော့ ဒီအတိုင်း ထားခဲ့ပြီး တရုတ်ပြည်ဘက်ကို ပြန်သွားကြပါတယ်။ ဒါကြောင့်မြို့က တိတ်ဆက် ခြောက်ကပ်ပြီး လူမရှိလောက်ဘူး ထင်ရလောက်အောင် ဖြစ်နေခဲ့ပါတယ်။ အခုနောက်ပိုင်းမှ ဆေးရုံ ၊ ကျောင်း ၊ ရဲစခန်း ၊ စေတီ ၊ ထပ်ဆင့်အသံလွှင့်စက်ရုံ တည်ရှိခဲ့တာပါ။

အခုတော့ မြန်မာတွေလဲ နည်းနည်းတော့ များလာပါပြီ။ ဘာလို့လဲဆိုတော့ အစိုးရက ၀န်ထမ်းတွေကို ဖွံဖြိုးတိုးတက်အောင် သွားရောက် တာဝန် ထမ်းဆောင်ခိုင်းတာကြောင့်ပါ။ ဒီမုံးကိုးမြို့က ဘာမှ မထွက်ပါဘူး။ စားဝတ်နေရေး အတွက်ပဲ လုပ်ကိုင်စားသောက်ရုံ အဆင့်ပဲရှိပါတယ်။ ဒါတောင် သူဌေးအဖြစ်ကို ရောက်မဲ့ စီးပွားရေး လမ်းလည်း မတွေ့ပါဘူး ။ တစ်ခုတော့ ရှိတယ်။ ဘိန်း ပေါ့ဗျာ။ ဘိန်းမှောင်ခို ကူးနေတာတွေတော့ သတင်းတွေရနေတာပေါ့။ အဲဒီအကြောင်းကို နောက်ပိုင်းမှာ ပြောပြပ့ါမယ်။ ကျွန်တော်လည်း ဈေးဝယ်ပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ နောက်ဆုံး စားစရာဆိုလို့ ကိုယ်ကြိုက်တာလဲ တစ်ခုမှ မရှိတာကြောင့် စိတ်ညစ်ညစ်နဲ့ လျှောက်ကြည့်နေတုန်း ရခိုင်မုန့်တီ ဆိုလို့ ၀မ်းသာသွားတာပေါ့။ ဒါနဲ့ အပြေးအလွှား ၀င်လိုက်တော့ သူတို့က ကုန်သွားပြီတဲ့ ။ ရောင်းတာကတော့ ရခိုင်တွေပါ။ ကျွန်တော့်ကို သိနေတော့ အံသြသလိုတော့ ဖြစ်မိပါသေးတယ်။ နောက်တော့မှ ရဲဘော်တွေ ၊ ဆရာကြီးတွေက အဲဒီဆိုင်မှာ အမြဲလာစား နေတာကြောင့် ဖြစ်မှန်း သိခဲ့ရတာပါ။ ဆက်စပ်တွေးကြည့်တာပေါ့။ ဒါနဲ့ မုန့်တီမရှိတော့ ရှမ်းခေါက်ဆွဲရှိတယ်တဲ့။ စကားမစပ် ကြုံတုန်းပြောရဦးမယ်။ ရှမ်းခေါက်ဆွဲဆိုတာကြီးကို ကျွန်တော် တစက်မှကို စားလို့မရတာပါ။ ကြိုက်တဲ့လူကတော့ တော်တော်များပါတယ်။ ကျွန်တော်က ဇော်ကန့်လန့် လို့ပဲ ပြောရမယ်။ စားလို့ကို မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အမေက ငယ်ငယ်က အသုတ်၊မုန့်ဟင်းခါး၊ဦးနို့ခေါက်ဆွဲ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်တော့ မနက်ဆို ခေါက်ဆွဲသုတ်ပဲ စားနေရတော့ အမေ့လက်ရာကို ဘာလို ခေါက်ဆွဲသုတ်နဲ့မှ လဲလို့မရခဲ့ပါဘူး။ စာရေးရင်း နဲ့တောင် စားချင်လာပြီ။ ပြန်မှပဲ အမေ့ကို သုတ်ကျွေးဖို့ ပူဆာရမယ်။ ဒါနဲ့ ဆိုင်ရှင်တွေကို ရိုးရိုးပဲ ခေါက်ဆွဲကို သုတ်ပေးဖို့ ဖြစ်နိင်ရင် သုတ်ပေးပါလို့ ဆိုတော့ ရတယ်ဆိုတာနဲ့ ဗိုက်ဝခဲ့ရပါတယ်။ “ ရှမ်းပြည်ရောက်~~~~ မြန်မာတစ်ယောက်ရဲ့ ~~~~အဖြစ်ဟာ မလွယ်ပါလား ” ဗိုလ်ထီး အမှတ်တရပေါ့ ။

ဒီလိုနဲ့ မတ်လကုန်လို့ ဧပြီလထဲကို ရောက်လာတဲ့ အခါမှတော့ “ အရေးကောင်းမှ ဒိန်းဒေါင်းဖျက် ” ဆိုသလို အဘဆီမှာ ၄ လတာ အနီးကပ် ဆည်းပူးခဲ့ပြီးနောက်တော့ ကျန်တဲ့ သူငယ်ချင်း ( ၂ ) ယောက်ကိုလဲ သင်ပေးဖို့ အချိန်ကျန်သေးတာကြောင့် အဘက မယုံရဲ ယုံရဲနဲ့ စခန်းတစ်ခုကို တာဝန်ယူဖို့ လွဲပြောင်းပေးပါတော့တယ်။ ၁ နစ်မှာ ၁၂ လ ဖြစ်တာကြောင့် ၃ ယောက်ဆိုတော့ တစ်ယောက်ကို ၄ လစီခွဲ သင်ပေးတာပါ။ ဒါနဲ့ ကျွန်တော် မောင်ဆိုးသွမ်းကို သင်္ကြန်မှာ သောင်းကျန်းမှာ ကြောက်လို့လား မသိဘူး မြို့နဲ့ ( ၁၀ ) မိုင်လောက် ဝေးတဲ့ တောင်ကုန်းကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ဖို့ အမိန့်ချမှတ် လိုက်ကြောင်း သတင်းဆိုး ကြားရတာပါပဲ။ ဒီလိုနဲ့ ယနေ့ကို ကျွန်တော်ပို့စ်တင်ဖို့ စောင့်နေခဲ့တာပါ။

စခန်းသစ် စခန်းကုန်းသို့ ပြောင်းရွှေ့ခြင်း

၂၀၀၄ ခုနှစ် ဧပြီ ၈ ရက်

သင်္ကြန်ကျရင် မြို့ထဲ သွားပြီး သင်္ကြန်ကို ဘယ်လိုကဲရမလဲဆိုတာ စဉ်းစားနေတုန်း “ သမ္မတ ဖြစ်ခါနီး လုပ်ကြံခံလိုက်ရ သလိုပဲ ” အဟဲ။ ဗိုလ်လောင်းကတည်းက သင်္ကြန်ဆို မပျော်ရတာ အပိုင်ကဲ ပါမယ်ဆိုမှ အခုတော့ တောင်ထိပ်မှာ မောင်အိပ်ရပါတော့မယ်ပါပေါ့လား ။ ပြောရရင် ဗိုလ်လောင်းကာလ ၃ နှစ်လုံး သင်္ကြန် ဆို မပျော်ရွှင်ရဘူး။ ခွင့်လည်း မရတော့ အထဲမှာပဲ ကျင်းပရတယ်။ ကျောင်းတော့ မတက်ရဘူးပေါ့ဗျာ။ အထဲမှာ ယောင်္ကျားလေး အချင်းချင်း ရေနဲ့လောင်းတာတော့ မဟုတ်ဘူး။ ရေချိုးတဲ့ ကန်ထဲ ပစ်ချကြတာ။ အဲဒီလို စကြနောက်ကြတာကိုး။ ဒီတော့ ကျောင်းဆင်း သင်္ကြန် အပိုင်ကဲ ဖို့မျှော်မှန်းထားတာ။ အခုတော့ စခန်းပြောင်းခါနီး အဘက မှာလိုက်သေးတယ်။ မကြာခင် သင်္ကြန်လာတော့မယ်တဲ့ ။ ဒါပေမယ့် ဒါရှေ့တန်းထွက်နေတာ သင်္ကြန်လာကျတာ မဟုတ်ဘူးတဲ့။ ဒီတော့ ငါ ဘာဆိုလိုချင်တယ်ဆိုတာက ပေါ်တင်ပြောရရင် “ ငါ့အမိန့်မရဘဲ မြို့ထဲကို သွားဖို့ လုံးဝ မစဉ်းစားပါနဲ့
၊ ငါမသိဘဲ ခိုးသွားမယ် ခွင့်ပြုချက် မရဘဲ သွားမယ်ဆိုရင် မင်းကို တာဝန်ချိန်မှာ စခန်းကို စွန့်ခွာမှုနဲ့ အရေးယူပစ်မယ်တဲ့ ” ကဲ မှတ်ရော။ ငုတ်တုတ် လုံးလုံးကို ကျွန်တော့်မှာ မေ့ခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်သင်္ကြန်ကို ဘယ်လို ဖြက်ကျော်ရသလဲဆိုတော့ကာ ကျွန်တော့်တို့ စခန်းက တိုင်းမှုးကိုယ်တိုင် စစ်ရေးအရ အရေးပါတယ်လို့ ယူဆတာကြောင့် ဒီစခန်းကို ဆောက်လုပ်ခဲ့တာပါ။ တောင်ပေါ်ကနေ ကြည့်ရင် တရုတ် တောင်ကုန်းတွေ ၊ နယ်စပ်မြို့တွေကို သေသေချာချာ မြင်ရပြီး ၊ ကျွန်တော်တို့ မုံးကိုးမြို့ကိုလည်း ရှင်းလင်း ပြက်သားစွာ မြင်ရတာကြောင့် ရွေးချယ်ခဲ့တာပါ။ တောင်ပေါ်မှာ အမြှောက်တပ်စခန်း တစ်ခုလည်း ဆောက်လုပ်ထားပါတယ်။ ဒီတော့ ကျွန်တော့်မှာ ပြောင်းမဲ့ရက်က ဆန့်တငင်ငင်နဲ့ ။ ရွာထဲက ရှမ်းမလေးတွေ လည်း ရေမလောင်းရတော့ပါဘူး။း) အဟဲ ။ ပြီးတော့ ဆရာကြီးတွေကလည်း ပြောင်းခါနီး အားပေးလိုက်သေးတယ်။ ဗိုလ်လုံတဲ့ “ အဲဒီ စခန်းက သရဲတအား ခြောက်တယ်နော်တဲ့ ” မြတ်စွာဘုရား !!! ကိုယ်က နဂိုကတည်းကမှ သရဲကားတောင် ကြည့်တာ မဟုတ်ဘူး။ အဲဒီလို ပြောလိုက်တော့ ဘယ်ရမလဲ....ဘုရားစာအုပ် ကိုအရင်ဆုံး အိတ်ထဲ ကောက်ထည့်ထားလိုက်တယ်။ ပြီးတော့ ပုတီး ၊ ဒါနဲ့ပဲ ရတနာ သုံးပါးကို အာရုံပြုလို့တောင်ပေါ်ကို ချီတက်ခဲ့ရပါတယ်။ မှတ်မှတ်ရရ ဒီနေ့ပါပဲဗျာ။

ဒီလိုနဲ့ စခန်းရှိရာကို ခြေလျင်တက်လာရတာပါ။ တောင်ပေါ်ကိုပေါ့။ တောင်က တော်တော်လေးလဲ မြင့်ပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အချက်အချာ ကြတာပါ။ ဟိုရောက်တော့ နေရမယ့် တဲကိုကြည့် ၊ ပြီးတော့ ဆရာကြီးတွေကို ခေါ် ၊ အဘက လူချိန်းဖို့ ပြောလိုက်တာတွေကို ချိန်းပြီး ပြန်လွှတ် ၊ ကျန်ခဲ့တဲ့ ဆရာကြီးတွေကို နေဖို့ နေရာတွေ ချပေးနဲ့ လူလည်း တော်တော်ကို မောသွားပါတယ်။ စခန်း ဧရိယာကို ကြည့်လိုက်တော့ ဘောလုံးကွင်း ၃ ပုံ ၁ ပုံ လောက်ပဲ ရှိပါတယ်။ ဒါနဲ့ ပစ်ကျင်းတွေ ၊ ဘန်ကာတွေ ၊ အမြှောက်ပစ်ဖို့ နေရာတွေနဲ့ စခန်းအခြေအနေကို လိုက်ကြည့်ရင်း တွေ့လိုက်ရတာက......လားလား ကျွန်တော့် အိပ်ရမဲ့ တဲခေါင်းရင်း ၃ ပေ အကွာလောက်မှာက အုတ်ဂူကြီးဗျာ။ ဘယ်တုန်းကတည်းက ရှိခဲ့တာလဲ မသိဘူး။ ရေညှိတွေနဲ့ မဲလို့။ ပြောင်းသလင်းနေတဲ့ မြေပေါ်မှာ ဒင်းက ဘွားဘွားကြီး ပေါ်နေတာ။ ဟ....သောက်ပလုတ်တုတ် ။ စိတ်ထဲမှာလည်း ဆရာကြီး ပြောတာ ကြားယောင်မိတယ်။ ကျွန်တော်က တစ္ဆေ ၊ သရဲ ကို အမှန်အတိုင်း ၀န်ခံရရင် အယုံအကြည် ရှိပါတယ်။ ဒီတော့ လန့်တာပေါ့ဗျာ။ အဲဒီမှာ အုတ်ဂူကို ကြည့်ပြီး ဆက်လျှောက်ကြည့်တာပေါ့။ နောက်ထပ် ဘာတွေ လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ဘက်ခြမ်းနဲ့ ဟိုဘက် ခြမ်းကို အလယ်မှာ ခြံစည်းရိုးလေး ခက်ထားတယ်ဗျ။ စခန်း ၁ ခုထဲမှာ ၂ ပိုင်းခွဲထားသလိုပဲ။ နောက်ပြီး အဲဒီအပိုင်းဘက်မှာ နတ်ကွန်းလေး တစ်ခုလုပ်ပြီး ပူဇော်ထားပါတယ်။ ဒါနဲ့ ဆရာကြီးကို ဘာလို့ ဒီလို ခြံစည်းရိုး ခက်ထားတာလဲလို့ ၊ ပြီးတော့ လုံတာလဲ မဟုတ်ဘူး ။ တစ်ချက်တွန်းရင် လှဲတော့မယ့် ပုံကြီးလို့ ပြောလိုကပါတယ်။ ဒီတော့ ဆရာကြီးက ကျွန်တော့်ကို ပြန်ပြောလိုက်တာက.......

မြန်မြန်အဆုံးသက်နိင်အောင် ကြိုးစား ရေးပေးနေပါ့မည်။ ယခုစာတမ်း ဖတ်ပွဲရှိလို့ နှောင့်နှေးနေရခြင်း ဖြစ်ပါကြောင်း ။ အလည်လာသူ ၊ ကော်မန့်ရေးပေးသူ ၊ စီပုံးတွင် အော်ခဲ့သူ ချစ်စွာသော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မနှမ များအား လည်းကောင်း see here please ဆိုပြီး ကော်မန့်လာလာထားတဲ့ အမည်မသိသူကြီးအား လည်းကောင်း လိုက်လှဲစွာ ကျေးဇူးတင်မိပါသည်။

ဆက်ရန်


Monday, April 7, 2008

!_! လွမ်းမျက်ရည် !_!


မျှော်လင့်ခြင်း အသက်ဝင် ရှင်သန်ဖို့
ငါက အိမ်အပြန် လမ်းပျောက်မှာတောင် ကြောက်ခဲ့သူ
မဟုတ်ပါဘူး.......ချစ်သူ

အချစ်ဆိုတာကို ဖြစ်မြောက်အောင်
စာလုံးပေါင်း မသိခဲ့တဲ့ ငါ့ကိုမှ
ချစ်ခြင်းမုန်းခြင်း အတိပြီးတဲ့ အပါးလွှာဆုံး ဓါးနဲ့မှ
ရင်ကို ချော့မြူထိုးသွားရက်တယ်

ငါကမ္ဘာလဲပြို တိမ်တွေလဲ ညိုလို့
လေထဲမှာ ပြောလို့ လေထဲမှာပဲ မျောပစ်လိုက်ရတဲ့ စကားတွေ အတွက်
ဒီရင်မှာ ကျန်ခဲ့တာ
အရောင်မပြောင်းတော့မဲ့ နှလုံးသားပဲ ရှိတော့တယ်

နုတ်ဆက်လိုက်ပါတယ်....အချစ်ရယ်

ပျော်ရွှင်ဖွယ် သတင်းစကား....မင်းအမြဲ ကြားရပါစေ
အောင်မြင်ခြင်းရလဒ်....မင်းအမြဲ ရတက်ပါစေ
ဘ၀မှာ ထာဝရ...မင်းအမြဲ လှပနိင်ပါစေလို့
ငါမျှော်လင့်ရင်း

အခုတော့ ငါနုတ်ဆိတ်နေပါတော့မယ်
လမ်းခွဲမှာ ၀မ်းနည်းစွာနဲ့
ထာဝရ နုတ်ဆက်ရင်း ........။ ။

!_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_! !_!

သူငယ်ချင်း တစ်ယောက်အတွက်သာ ရည်စူး၍ ရေးဖွဲ့ခြင်းသာ ဖြစ်ပါသည်။


Sunday, April 6, 2008


အမှန်အတိုင်း ၀န်ခံရရင် ဘာလုပ်ရမှန်းကို အဲဒီတုန်းက ကျွန်တော်တကယ် မသိပါဘူး။ ကျောင်းတုန်းက သင်ပေးလိုက်တာ တွေတော့ ရှိပါတယ်။ ဒါပေမယ့် စာတွေက များတာရယ် ၊ စာတွေ့နဲ့ ယခုလက်တွေ့မှာက အခြေအနေရယ်နဲ့ ဘာလုပ်ရမှန်းကို မသိပါဘူး။ ဒါနဲ့ ဆရာကြီးတွေ ရှိတယ် မဟုတ်လား။ တပ်ခွဲ အရာခံဗိုလ် ( CSM ) ၊ တပ်ခွဲတပ်ကြပ်ကြီး တို့ကို မေးပေါ့။ ဆရာကြီးတို့ရေ.... အရင်တုန်းကရော ဘာတွေလုပ်ကြလဲပေါ့။ အဘရော ဘာတွေခိုင်းသလဲပေါ့။ သာမာန်အားဖြင့်တော့ သိပ်တော့ ဘာမှ မခိုင်းပါဘူး။ ကင်းစောင့် တာ နဲ့ ( ၁ ) ပတ်ကို ၂ ခါ သေနတ်တိုက်တာ လောက်ပဲ ခိုင်းပါတယ်တဲ့။ ဒါနဲ့ ဆရာကြီးပဲ ခွဲပေးလိုက်ပါတော့ ကျွန်တော် စက်သွားတက် လိုက်ဦးမယ်ဆိုပြီ ဆက်သွယ်ရေး ရုံးခန်းကို ထွက်လာခဲ့ပါတယ်။ ဟိုရောက်တော့...အဘနဲ့ စက် ပြောတော့

အဘ ။ အောင်ထွန်းလား...အောင်ထွန်းလား ၊ အသံဘယ်လောက်ကြားလဲ....ဒါပဲ။
ကျွန်တော် ။ အောင်ထွန်းမှ အောင်အေး....အောင်ထွန်းမှ အောင်အေး ၊ အသံ ( ၅ ) ကြားတယ်..ဒါပဲ။
အဘ ။ အသံ ( ၅ ) ကြားရင် ၊ စိုးခိုင် အောင်ခိုင်အောင်နိင် ပေါက်ပါ ။
ကျွန်တော် ။ စိုးခိုင် နေကောင်းပါတယ် ၊ ထူးခြားဖြစ်စဉ် မရှိပါ ။ ဒါပဲ
အဘ ။ အခြေအနေကို ဆက်လက် ထိန်းသိမ်းပါ။ အုတ်ပုံမဲ့ ရက်ကို ပြန်ပေါက်ပေးမယ် ဒါပဲ ။
ကျွန်တော် ။ ၅၆ ၊ ၉၆ ပါ အောင်အေး ။

တွီ...တူ....ရွှီ @#%^&?.,,“|o

ဒါနဲ့ စက်တက်ပြီးတော့ ကျွန်တော်လည်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ပေါ့။ စခန်းပတ်ပတ်လည် လိုက်ကြည့်ရင်း ရောက်ရောက်ချင်းတုန်းက သေသေချာချာ မကြည့်မိပေမယ့် အခုလိုက်ကြည့်တော့ ကျွန်တော့်တို့ တာဝန်ယူရတဲ့ နယ်မြေက တရုတ်နဲ့ နယ်နိမိတ်ချင်း ကပ်လျက်ပါ။ ချောင်းတစ်ခုပဲ ခြားပါတယ်။ တရုတ်နဲ့ ကျွန်တော်တို့ မြန်မာနိင်ငံဘက်ခြမ်း၏ ကြားထဲမှာတော့ မြေပြန်လို့ ဖြစ်နေပါတယ်။ ထိုမြေပြန့်မှာ ချောင်းလဲ ရှိတာကြောင့် တရုတ်နဲ့ ရှမ်းလူမျိုးတွေက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ စပါးစိုက်ကြတာပါ။ ရေသွင်းပြီးတော့ပေါ့။ တစ်ခုထူးခြားတာက တရုတ်နိင်ငံဘက်ခြမ်းမှာ နယ်စပ်ဆိုပေမယ့် လမ်းတွေ ၊ ဆက်သွယ်ရေးဧရိယာတိုင်တွေက တောင်တွေကြားထဲမှာ ထိုးထိုးထောင်ထောင်တွေနဲ့ နောက်ပြီး တောင်တွေပေါ်က သစ်ပင်တွေကိုလည်း တရုတ်အစိုးရက ခုတ်ယူခွင့် မပြုတာကြောင့် စိမ်းစိမ်းစိုစို နဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကို အထောက်အကူ ပြုတဲ့ အပြင် စစ်ရေးအရ ကြည့်မယ်ဆိုလျှင်လည်း ပုံဖျက် ဖုံးကွယ် ထားသလို ဖြစ်တာကို တွေ့ရပါတယ်။ အဟဲ....ကျွန်တော်တို့ မြန်မာဘက်မှာလား ။ ကျွန်တော်တို့ မြန်မာ ဘက်မှာလည်း တောင်တွေရှိတာပေါ့။ ဒါပေမယ့် တောင်ကတုန်းတွေပါ။ တောင်ယာ လုပ်ငန်း လုပ်ကိုင်ကြတာ ကြောင့် သစ်ပင်တွေ ခုတ်ပစ်ရပါတယ်။ ပြီးတော့ ဒါက နယ်စပ်ဒေသ ဆိုပေမယ့် အစွန်အဖျား ဒေသတွေ ဖြစ်တာကြောင့် ဖွံဖြိုးတိုးတက်မှု အရမ်းကို နည်းပါး ပါတယ်။ ဒီတော့ အလုပ်အကိုင် အနေနဲ့က ဘာမှ ဖြစ်ဖြစ် မြှောက်မြှောက် လုပ်နိင်ခွင့် မရတာကြောင့် အများစုက မိမိဝမ်းစာ အတွက် သစ်ပင်တွေကို ခုတ်ထစ်ပြီး ဈေးမှာ လာရောင်းကြတာကြောင့် လည်း ဖြစ်ပါတယ်။ ရေရှည်အတွက် မကောင်းပေမယ့် သူတို့မှာ အသိပညာ ဗဟုသုတ ဆည်းပူးနိင်ရန် အခွင့်အလမ်း နည်းပါးတာ ကြောင့်လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို များစွာ ထိခိုက်နိင်ပါတယ်။

နောက်တစ်နေ့ကြတော့ ကျွန်တော်လည်း စခန်းတွင်း အခြေအနေ အကုန်သိတာကြောင့် စခန်းပြင် အခြေအနေကို လေ့လာရန် အလို့ဌာ လမ်းလျှောက်ထွက်ခဲ့တာပေါ့။ အဲဒီမှာ မြန်မာအသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့် အသံလွှင်ရုံကို တာဝန်ယူရတဲ့ မိသားစုက လမ်းဘေးမှာ ဈေးဆိုင်လေး တည်ထားတာကို တွေ့ရပါတယ်။ အစ်မကြီးကတော့ ရွှေပြည်သာက လာတာတဲ့။ ဘယ်လိုက ဘယ်လို ရန်ကုန် ရွှေပြည်သာ ကနေ ဒီကို ရောက်လာမှန်း မသိပါဘူး။ သားတစ်ယောက် ၊ ယောင်္ကျားကလည်း တော်တော် သဘောကောင်းပါတယ်။ နောက်ဆို စခန်းထဲမှာ နေတာကြာလာလို့ ပျင်းလာရင် ကျွန်တော်လည်း အဲဒီဆိုင်လေးမှာ သွားပြီး စကားသွားသွား ပြောဖြစ်ပါတယ်။ စခန်းနဲ့က မြင်နေရတော့ တစ်ခုခု ဖြစ်လည်း ပြန်လာလို့ ရတာကြောင့်ပါ။ သူတို့ရောင်းတာက တရုတ်ဆေးလိပ်တွေ ၊ ဆန်တွေ ၊ မုန့်သရေ စာတွေပါ။ ဖြက်သွား ဖြက်လာ ၊ ဈေးသွားဈေးလာ တွေကတော့ ( တိုင်းရင်းသားများ ) ၀ယ်ကြပါတယ်။ အဲဒီပထမဆုံး သိပြီး နေ့တုန်းက ညကျလျှင် ဆိုင်ရှေ့မှာ ကွင်းပြင်ကြီး ( ဂေါက်ကွင်း အစမ်းလေ့ကျင့်ရန် ) နဲ့ ညောင်ပင် အကြီးကြီး ရှိတာကြောင့် ဒီနေရာမှာ မီးပုံပွဲ ကျင်းပမည် ဖြစ်သောကြောင့် ၊ ည ၈ နာရီလောက် ထွက်ခဲ့ရန် ခေါ်ပါတယ်။ အစကတော့ ကျွန်တော် ငြင်းပေမယ့် အတန်တန် ခေါ်နေတာကြောင့်ရယ် ၊ ကျွန်တော်လည်း သူတို့ဘာတွေ လုပ်ကြမလဲ ဆိုတာ သိချင်တာကြောင့် လာခဲ့မယ်လို့ ကတိပေးလိုက်ပါတယ်။

ပြီးတော့ မနက်ဖြန်ဆို အဘက ပြန်လာတော့မှာ ။ အဲဒီအခါ ထွက်လို့ရ ချင်မှ ရမှာ မဟုတ်လား။ အဟဲ...စပ်စုချင်တာလည်း ပါတယ်။ နောက်ပြီး ဟိုတစ်ယောက်က တိုးတိုး...နဲ့ ကပ်ပြောလိုက်သေးတယ်။ “ လာစမ်းပါ...ဗိုလ်လုံရာ ၊ ရှမ်းမလေးတွေ အများကြီးလာကြမှာတဲ့ ” ဒါနဲ့ ကျွန်တော်လည်း ယောင်္ကျားလေးပဲ...ဘယ်ရမလဲ လာမယ်လို့ ကတိပေးလိုက်တာပေါ့။ သူတို့ရိုးရာ ဓလေ့ကို လေ့လာချင်တာ ကြောင့်ပါ။ အထင်တော့ မလွဲပါနဲ့း) ။ ညရောက်တော့ ကျွန်တော်လည်း တာဝန်အတူပေးခဲ့တဲ့ ဆရာကြီးကို အကျိုးအကြောင်းပြောပြီ သွားခဲ့ပါတယ်။ တပ်ရင်းမှုး အဘက ကျွန်တော်က ငယ်သေးတာကြောင့် တလွဲတွေ လုပ်နေရင် ထိန်းပေးနိင်အောင်လို့ ဆရာကြီးကို ပါခေါ်ပြီး အတူတာဝန် ပေးထားတာပါ။ ဆရာကြီးနာမည်က အောင်မြင့်ကြည်ပါ။ မျက်နှာက မော့စ်နဲ့ တော်တော် တူပါတယ်။ နုတ်ခမ်းမွှေးထားတာက အစ။ သဘောအရမ်း ကောင်းသလို အလိုက်လဲ အရမ်းသိတဲ့ ဆရာကြီးတစ်ယောက်ပါ။ သူက လည်း သွားပါ ဗိုလ်လုံ ။ စိတ်ချပါ ဆိုတာ နဲ့ ပြီးတော့ ကျွန်တော် သွားမှာက အဝေးကြီးမှ မဟုတ်တာ ။ စခန်းနဲ့ ခြေလှမ်း ၂၀ လောက်ဝေးတာ ဆိုတော့ အေးအေးဆေးဆေးပါပဲ။ ဟိုရောက်တော့ ကတောင် ကနေကြပါပြီ။ ကျွန်တော်လာတော့ ဈေးဆိုင်က အစ်ကိုကြီးက လာခေါ်ပါတယ်။ ပြီးတော့ ကနေတဲ့ အထဲက ခေါင်းဆောင်ကို ခေါ်လာပြီး အသစ်ရောက်လာတဲ့ ဗိုလ်လုံ ဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒါနဲ့ သိတဲ့ အတိုင်း ဟိုကလဲ...၀မ်းသာအားရ လက်ဆွဲနုတ်ဆက်ပြီး လက်ထဲက ခေါင်ရည်ကို သောက်ဖို့ ထိုးပေးပါတယ်။ နည်းနည်းတော့ ကြော်ငြာ ၀င်လိုက်ပါဦးမယ်။ သည်းခံပြီး..ဖတ်ပေးကြပါ။ အဟဲဟဲ။ ကျွန်တော့်မှာက အလက်ဂျစ် ရှိတော့ အရက်သေစာလိုမျိုး ဟာတွေ သောက်ရင် ကိုယ်ယားတာကြောင့် ဘယ်လိုမှ သောက်လို့မရပါဘူး။ ပြီးတော့ ကျွန်တော်က ခေါင်းမူးတာကို အသေအလဲ ကြောက်ပါတယ်။ ဗိုလ်လောင်းမှာတုန်းကလဲ ခေါင်းမူးတဲ့ အပြစ်ပေးနည်းတွေဆို ကျွန်တော် အရမ်းမုန်းပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ သောက်တာကလဲ မသောက်ချင် ၊ မသောက်ရင်လည်း မခင်တွယ်ရာ ကြမယ် ဆိုတော့ ဟိုအစ်ကိုကြီးကလဲ နောက်ဆုံး မျက်စိတဖက် မှိတ်ပြပြီး ပါးစပ်ထဲ ငုံထားလိုက် ပြီးမှ ထွေးထုတ် ဆိုတာနဲ့ ကျွန်တော်လည်း အဲဒီလို လိုက်လုပ် လိုက်ရတယ်။ နောက်တော့ သူတို့ မီးပုံးပွဲကို ပတ်ကကြပါတယ်။ ကပုံကနည်းက သိပ်တော့ မမှတ်မိပါဘူး။ ရှေ့ကို ၁ လှမ်းတိုး ၊ နောက် ၂ လှမ်းဆုတ် ၊ အပေါ်ကို ၁ လှမ်း ၊ အောက်ကို ၁ လှမ်း လားတော့ မသိတော့ပါဘူး။ လက်ချင်း တွဲပြီး ယောင်္ကျား မိန်းမ တစ်ယောက်ခြားစီ ကနေတာပါ။ ကျွန်တော်လည်း ဘယ်နားက ကောင်မလေး ချောချောလေးများ ရှိမလဲဆိုပြီး လိုက်ရှာတာပေါ့။ ဒါပေမယ့် တကယ်လည်း ကရော ယောင်္ကျားတွေချည်းပဲ ။ ကိုယ့်ဘေးနားမှာ။ အဟားဟား ။ ဆိုးတယ်ဗျာ။ ဒါပေမယ့် မယုံမရှိနဲ့ ပျော်ပွဲရွှင်ပွဲက ယောင်္ကျားလေးတွေနဲ့ သောင်းကျန်းရတာ ပိုကောင်းတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ တစ်အောင့်နေတော့ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်း ပြောပြီး ၊ နုတ်ဆက်ပြန်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၂

နေ့မှာတော့ တရုတ်နှစ်ကူးလဲ ပြီး ၊ လှုပ်ရှား သွားနေတဲ့ အဘတို့ စစ်ကြောင်းလဲ ပြန်ဝင်လာပါတယ်။ ဒါနဲ့ အဘကို သွားကြို ၊ စားဖို့သောက်ဖို့ စီစဉ်ပေးရင်း အတွေ့အကြုံတွေ သူငယ်ချင်း ၂ ယောက်ကို မေးကြည့်တာပေါ့။ ဟို၂ ယောက်ကလဲ စုတ်ပြတ်နေတာပဲ။ ရေမချိုး ၊ အစာလဲ ဗိုက်ဝအောင် စားခဲ့ရမဲ့ ရုပ်တွေလဲ မပေါက်ဘူး ဆိုပြီး စတော့ လိုက်ထိုးပါလေရော။ ဒါနဲ့ သူတို့ ၂ ယောက်ကို ကြိုဝယ်ထားတဲ့ အအေးဘူးတွေ ထုတ်တိုက် ၊ ထမင်းစားဖို့ ပြင်ပေးပြီးတော့ ညရောက်တော့ မေးတာပေါ့။ သူတို့က တောင်တွေ တက်ရတယ် ဆိုတဲ့ အကြောင်း ၊ ရွာတွေကို မဖြက်ဘဲ ပတ်သွားနေရတယ် ဆိုတာတွေ ၊ တောထဲ ထမင်းချက်စားတော့ ဟင်းမရှိလို့ ငပိဗူးနဲ့ပဲ ကစ်လိုက်ရတယ် ဆိုတာတွေ ပြောပြပါတယ်။ ရန်သူရယ်လို့လဲ ဖြစ်ဖြစ်မြှောက်မြှောက် မတွေ့ပါဘူးတဲ့ ။ ကိုယ့်ကျောပိုးအိတ် ကိုယ်ထမ်းပြီး တက်ရတယ်ပေါ့။ အပြင်မှာ ရဲဘော်က ထမ်းပေးတယ် ဆိုတာက မဟုတ်ပါဘူးဆိုတာ ကျွန်တော်ပြောပြချင်ပါတယ်။ ရဲဘော်လည်း သူ့ကျောပိုးအိတ် ၊ သူ့ရိက္ခာ ၊ ကျည်ဆန် နဲ့ ဘယ်နဲ့ ကိုယ့်ကျောပိုးအိတ်ပါ ထမ်းခိုင်းရမှာတုန်း ။ အဆင်မသင့်လို့ရှိရင် ကိုယ်ကတောင် ပြန်ထမ်းပေးရမှာ မဟုတ်လား ။ မင်းက ကံကောင်းတယ် ၊ ငါတို့ဆို စုတ်ပြက်နေတာပဲတဲ့။ ကျွန်တော်လည်း အေးပါကွာ။ ငါနေမကောင်းဖြစ်လိုက်လို့ပါ။ အမှန်ဆို ငါက အတွေ့အကြုံရှိအောင် လိုက်ချင်တာ ။ အခုက မလိုက်ရတာ နာတာပေါ့လို့ ပြောပြလိုက်ပါတယ်။ အမှန်တကယ်လည်း လိုအပ်တယ် မဟုတ်လား ။ စစ်ဥပဒေသမှာ စကားတခွန်းရှိပါတယ် “ မြေပိုင်မှ စစ်နိင်မယ်တဲ့ ” အဓိပါယ်ကတော့ ရှင်းပါတယ်။ မြေပြင် အခြေအနေကို ကောင်းမွန်စွာ စစ်ရေးအရ သုံးသပ်နိင် ၊ ကျွမ်းကျင်နိင်ရင် တိုက်ပွဲ အောင်မယ်ဆိုတဲ့ စကားပါ။ တကယ်လည်း ကျွန်တော် လိုက်သွားချင်တာကြောင့်ပါ။

မနက်ဖြန် ရောက်တော့ အဘက အသစ်ထပ်ရောက်လာတဲ့ ကျွန်တော်တို့ ၃ ယောက်နဲ့ သူစခန်း ပြောင်းထားချင်တဲ့ ဆရာကြီးတွေကို ခေါ်ပါတယ် ။ တခြားစခန်းတွေမှာက အရာရှိ မရှိတာကြောင့် အရာခံဗိုလ်တွေကို စခန်းမှုးအဖြစ် ခေတ္တ တာဝန်ယူခိုင်းထားတာပါ။ အခု ကျွန်တော်တို့ ရောက်လာတော့ အဲဒီစခန်းတွေကို ပြောင်းဖို့ ခေါ်တာပါ။ ကျွန်တော်တို့ ၃ ယောက်ကိုလည်း အတူတူ မထားပါဘူး ။ ဘာလို့လဲ ဆိုတော့ စခန်း ပျက်မှာ စိုးလို့ပါ။ ၃ ယောက်ပေါင်း လောင်းကျော် ဖြစ်မှာ ကြောက်တယ်နဲ့ တူပါတယ် ။ ပြီးတော့ ၃ ယောက်လုံး ထားလဲ အပိုပဲ မဟုတ်လား။ ဒီတော့ ၃ ယောက်တည်းက ကျွန်တော် ရန်ကုန်သားက နည်းနည်းလည်တော့ အဘက သူ့နားကို ခေါ်ထားပါတယ်။ ၁ ယောက်ကိုတော့ ကျွန်တော်တို့ ပင်မစခန်းနဲ့ တော်တော် ဝေးတဲ့ တပ်စွဲထားတဲ့ နေရာ ပြောင်းဖို့ ညွှန်ကြားပါတယ်။ တစ်ယောက်ကတော့ ကျွန်တော်တို့ပင်မ စခန်းက ကြည့်ရင် လှမ်းမြင်နိင်တဲ့ တောင်ပေါ်မှာ နေဖို့ အမိန့်ပေးပါတယ်။ ၂ လ တစ်ခါ စခန်းတွေကို အလှည့်ကြ ချိန်းပေးမယ်လို့ လည်း မှာကြားပါတယ် ။ ဒီတော့ ဟို ၂ ယောက်ကလည်း စခန်းပြောင်းဖို့ ပစ္စည်းတွေ ပြန်သိမ်း ၊ ပြီးတော့ ကားအလာကို တစ်ယောက်က စောင့် ၊ နောက်တစ်ယောက်ကတော့ စခန်းနဲ့ နီးတာကြောင့် လမ်းလျှောက်ပြီး ချီတက်သွားလေရဲ့။ အစကတော့ ၃ ယောက်နေရမယ် မှတ်တာ။ အော်....နောက်တော့ ပြန်စဉ်းစားမိတာက ဒါက ကျောင်းမှ စာသင်နေတာမှ မဟုတ်တာ။ ပျော်ပွဲစား ထွက်နေတာလဲ မဟုတ်တာကြောင့် ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ရတာပဲလို့ စဉ်းစားမိပါသေးတယ် ။

၂၀၀၄ ခုနစ် မတ်လ ၂၃

စစ်ကြောင်းမှာ လူအင်အားတိုးလာတာ၍ နဂိုကတည်းက စခန်း လုံခြုံရေးကို တပ်ရင်းမှုး ( အဘ )က တိုးမြှင့်ချင်တာကြောင့် စပြီး ခိုင်းပါတော့တယ်။ အဘက တစ်ကယ့် ခေါင်းဆောင်ကောင်းပါ ။ စစ်ရေးနဲ့ ပတ်သက်လာလျှင် ထိုးထွင်းဥာဏ်လဲ ရှိပါတယ်။ ကျွန်တော်ကို ကျောင်းမှာ လူများစွာနဲ့ သင်ခဲ့လို့ သိရုံပဲ သိပြီး မတက်ခဲ့ရင်တောင် လက်တွေ့နယ်ပယ်မှာ တကယ်တက်သိ နားလည် နိင်အောင် မြေပုံဖတ် ၊ ၀ှက်စာ ရေး/ဖော်နည်း ၊ ကြေးနန်းရေးနည်း ၊ ရှင်းလင်းတင်ပြနည်း ၊ တွေကို စာနဲ့တဖုံ ခြံစည်းရိုးကာ ၊ ပစ်ကျင်း ၊ ကတုတ်ကျင်း တူးနည်း ၊ တပ်စု အသင့် နေရာယူပုံ ၊ တပ်ဖြန့်ပုံ ၊ လူ လက်နက် ဘယ်လို ရွေးချယ်ရမယ် ဆိုတာက အစ သေသေချာချာ သင်ပေးပါတယ်။ ဒါတွေက လက်တွေ့လုပ်မှ နားလည်မှာဆိုတော့ ကျွန်တော်ဦးဆောင်ပြီး ဆရာကြီး ၊ စစ်သည်တွေနဲ့ အတူတူ အစအဆုံး ကျင်းတူး ၊ ခြံစည်းရိုးခက် ၊ ညှောင့်ထောင် မြက်ရှင်း ၊ အစအဆုံး လုပ်ခိုင်းတာပါ။ နေကလည်းပူ ၊ ချွေးကလဲ ထွက်နဲ့ မျက်နှာတောင် ကုလားဖြစ်သွားပါတယ်။ ပြီးတော့ အဘက စစ်သည်တွေ ထမင်းစား တန်းဖြုက်ခိုင်းပြီး ကျွန်တော်ကို ဆက်လုပ်စေပါတယ်။ မနက် ၇ နာရီ ကတည်းက နေ့လည် ၁၂ ထိုးနေပြီ ဗိုက်က ထမင်းကြမ်းလေး စားထားတာ ဘယ်ခံနိင်ပါ့မလဲ ခင်ဗျာ။ ဒီတော့ အဘနဲ့က သူ့သားနဲ့ ကျွန်တော်က အသက်တူဆိုတော့ နည်းနည်း ချွဲရတာပေါ့။ ဗိုက်ဆာတယ် ဘာညာနဲ့ အပူကပ်တော့ အဘက “ ဟေ့ကောင် ၊ အရာရှိကောင်းဆိုတာ အလုပ်ကို ကိုယ့်လက်အောက်က ရဲဘော်တွေထက် ပိုကြိုးစားရတယ် ၊ ပိုလုပ်ပြရတယ် ကိုယ်တိုင် အပင်ပန်းခံရတယ်ကွ ၊ ဒါတောင် အလုပ်နဲ့ ပတ်သက်လို့ပဲ ရှိသေးတယ် ” ဆိုတော့ ကျွန်တော်လည်း ဘယ်ရမလဲ တခွန်းပဲ ပြောလိုက်တယ် “ ဟုတ် ” ။

ဒါနဲ့ ကျွန်တော်ရယ် ရဲဘော်လေးရယ် သံဆူးကြိုးတွေနဲ့ တိုင်တွေကို လိုက်ရိုက်နေရပါတယ်။ နေကပူ ၊ ချွေးကထွက် ၊ ဗိုက်ကဆာ ၊ ဒီကြားထဲ သံဆူးကြိုးတွေ ကိုင်ထားပြီး သတိနဲ့ လုပ်နေရတော့ စိတ်က တိုချင်လာပြီ။ ဒါနဲ့ ဘယ်သူ့ကို တိုရမှန်း မသိတော့ ၊ အတူတူ လုပ်နေတဲ့ ဘေးနားက ရဲဘော်ကို အဘလည်း ဟိုဘက် လိုက်ကြည့်နေရော “ ဟေ့ကောင် ၊ နားလည်လား ” ဆိုပြီး ရုပ်တည်နဲ့ ပိတ်ဟောက်လိုက်တယ်။ ဒီကောင်လည်း အစက ရီရီပြုံး၂ နဲ့ အလုပ်လုပ်နေတာ။ ကျွန်တော်ပြောလိုက်တော့ ကြောင်သွားတာပေါ့။ ဘယ်ရမလဲ ကိုယ်လည်း ရုပ်တည်နဲ့ နိင်ရာကို တဆင့် ပြန်လည် ပေါက်ကွဲလိုက်တာ။ ဒီတော့ ကိုယ့်ရဲဘော်ကလည်း ဘယ်ခေပါ့မလဲ “ ဒုန်း ” ဆို သံကို ဆောင့်ရိုက်လိုက်ပါတော့တယ်။ အော်...နိင် ရာ နိင်ရာ ။ ခဏကြာတော့ အဘက ခေါ်ပြီး ထမင်သွားစားဖို့ ပြောပါတယ်။ မစားခင် ဆရာကြီးတွေ စားတာ လိုက်ကြည့်ပေး ၊ လိုတာရှိရင် ညွှန်ကြားဖို့ပြော ၊ အားလုံးပြီးမှ မင်းစားရမယ်တဲ့ ။ အဘက တကယ်ကို တော်တဲ့ ဆရာကောင်းပါ။ သူ့ကြောင့် ကျွန်တော်ကို ရဲဘော်တွေ ချစ်လာတဲ့ အပြင် ၊ အသိပညာတွေလည်း တိုးပွားလာခဲ့ရပါတယ်။ အဘနာမည်ကတော့ ဗိုလ်မှုးခင်မောင်အေး ပါ။ အခုတော့ အငြိမ်းစား ယူသွားပါပြီ ။ ကျွန်တော်ဒီကို မလာခင်ကပါ။ ဒါနဲ့ အဘက ကျွန်တော့်ကို ရှေ့တန်းမှာ ခေါ်တဲ့ နာမည်တစ်လုံး ရှိတယ်ဗျ။ မလျိုဝှက်တော့ပါဘူး ။ ပြောပြတော့မယ် ။ ဘာလည်းဆိုတော့ “ ဗိုလ်ကြောင် ” တဲ့ ။

ဘာကြောင့် ဒီနာမည် တွင်လာလဲ ဆိုတော့ကာ......

စိတ်ဝင်တစား စောင့်မျှော် ဖတ်ရှုသူများ ၊ ကော်မန့်ရေးပေးတဲ့ သူများ ၊ ခဏတဖြုက် အလည်လာသွားသူများ အားလုံးကို ချစ်ခင်လေးစားစွာ ကျေှးဇူးတင်ရှိပါသည်။

ဆက်ရန် ။