Saturday, December 6, 2008


ပိုက်ဆံမပေးရလို့ မက်ချင်တိုင်းမက်နေတဲ့ အနာဂတ်ရဲ့ ၊ အိမ်မက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မပြည့်စုံသေးတဲ့ ဘ၀ရဲ့ ၊ မျှော်လင့်ချက်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မကျေနပ်နိင်သေးတဲ့ စိတ်ရဲ့ ၊ ခံစားမှုတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော

ရည်ရွယ်ချက်တွေ တူပေမယ့်.....အသက်ရှုပုံတွေ ကွဲပြားတဲ့ အခါ
ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်
ကိုယ့်ပေးဆပ်မှု့နဲ့ ကိုယ်
ကိုယ့်ဘ၀နဲ့ ကိုယ်

ဒီအတွက်....... ဒါဟာ ၀မ်းနည်းစရာလည်း မဟုတ်ဘူး
ဝမ်းသာ စရာလည်း မမည်ဘူး
အနာဂတ်ဟာ လက်ထဲမှာ မရှိသေးတာကြောင့်
ခင်ဗျားနဲ့ ကျွန်တော် တစိမ်းတွေလို ပဲမြင်နေကြဦးမယ်

ဒီကဗျာကို ဖတ်တဲ့အခါ
ပြောချင်စရာတွေ ရှိလာလိမ့်မယ်
ခင်ဗျားမှာရော ၊ ကျွန်တော့်မှာရော



8 comments:

Anonymous said...

မျှော်လင့်ချက်၊ ခံစားမှု၊ အမြင်၊ အတွေး၊ တွေအားလုံးရှိတာချင်းတူပေမဲ့
ခံယူချက်၊ ဘဝပေး၊ ယုံကြည်မှု့တွေကွဲပြားတတ်တာ သဘာဝဘဲ အဲဒါတွေကြောင့် အမှန်တွေများလာပြီး ပဠိပက္ခဆိုတာ များလာ၊ ရန်တွေဖြစ်၊ စစ်တွေတိုက်၊ လူတွေသေ၊ ငတ်ပြတ်မှု့တွေ ဖြစ်လာတာ ပေါ့ ကဗျာဆရာရဲ့ဟိ၊

Anonymous said...

စာရေးသူရဲ့ စိတ်ထဲကို မြင်သာနိုင်အောင် ကြိုးစားဖတ်သွားတယ်

မရေရာလို့ သေချာချင်တဲ့ ပစ္စုပ္ပန်ရဲ့ ၊ အတွေးတွေ ရှိမယ်
အစ်ကို့မှာရော ၊ ကျွန်တော့်မှာရော :)

ဟန်လင်းထွန်း said...

မတူချက်ကတော့ဗျာ။ စိတ်ညစ်တယ်

Anonymous said...

“အတူတူ ကြည့်တာတောင် ထပ်တူညီချင်မှညီမယ့် မျက်လုံးတစ်စုံရဲ့ ၊ အမြင်တွေ ရှိမယ်” ဒီစာသားလေးကို သဘောကျတယ် ... ဘာလို့လဲဆိုတော့ လူတွေက အဲ့ဒီသဘောကိုမေ့နေတတ်ကြလို့ ... မတူတာကို လက်မခံပဲ အတင်းလိုက်တူအောင်လုပ်ကြလို့ ... ဒီကဗျာကို အဲ့လိုလူတွေဖတ်ဖို့ကောင်းတယ် ...

လင်းဒီပ said...

ဟုတ်တယ်..ခင်ဗျာမှာလည်း လုပ်စရာတွေနဲ့
ကျုပ်မှာလည်း လုပ်စရာတွေနဲ့..
မသေမချင်း မပြီးဘူး..

Anonymous said...

ဟုတ်တယ်အကိုရေ..ကောင်းတယ် အားပေးလျက်ပါဗျာ
အဆင်ပြေပါစေ

Anonymous said...

ကျွန်တော်ဘက်ကကြည့် လက်ဖ၀ါး
ခင်ဗျားဘက်ကကြည့် လက်ဖမိုး
တူညီမယ့် လက် ဆိုတဲ့ဝေါဟာရနဲ့ပဲ
လက်ဆွဲနှုတ်ဆက်ပါရစေ ... ။

ကဗျာ သိပ်ကောင်းတယ် ... ။

mynewlife2008 said...

ကျွန်တော်လည်းပြောစရာရှိတယ်
ကူသွားပါပြီ http://futuredream.ning.com မှာတင်မလို့ Link လေးနဲ့ နာမည်လေးကိုပါထဲ့ပေးမှာပါ
ထာဝရလေးစာလျှက် ( စာရေးတဲ့စိတ်အား )
နောက်လည်းလာလယ်အားပေးပါမည်
ကျွန်တော်လည်လုပ်စရာလေးတွေ လုပ်ပါအုံးမည်
ထာဝရလေးစာခင်မင်လျှက်

နတ်လူမုန်း