Wednesday, December 3, 2008



သူကျဆုံးခဲ့သည် ၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့မှ ၊ ဒီနေ့ထိဆို နှစ်ပေါင်း ( ၄၁ ) နှစ် ရှိလေပြီ။ သူကား ဆရာဝန်တစ်ဦး။ သို့သော် မောင်ပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။

“ လူတစ်ယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲအစည်းအလိုက် ခံစားရတဲ့ ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ် ”

ဟု သူပြောခဲ့သည့် စကားဖြစ်၏။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီ ( ၁ ) ရက်နေ့က ကျူးဘားနိင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်း ဖြစ်ပါသည်။

၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်ကား အတည်ပြုနိင်သည်က အောက်တိုဘာလ ( ၁၅ ) ရက်နေ့ ဖြစ်သည်။ ကျူးဘား သမ္မတ ရဲဘော်ကြီး ဖီဒယ် ကတ်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ ယူလာခဲ့သည် လက်မောင်ရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်း ဖြစ်သည်။ သူ၏ အလောင်းကိုမှု မတွေ့ခဲ့ကြရ။ နှစ်ပေါင်း ( ၃၀ ) အထိ ပျောက်ဆုံးနေခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ( ၁၂ ) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော် ရရှိခဲ့သည်။

ဘိုးလီးဗီးယားနိင်ငံ “ ဗယ်ရီဂရန်ဒေသ ” လေယာဉ်ကွင်းငယ်လေး အနီး၌ ကျင်းငယ်လေး တစ်ခုအတွင်း ရုပ်အလောင်း အရိုးစု ( ၇ ) စုအား တွေ့ရ၏။ အရိုးစု အမှတ် ( ၂ )က လက်မောင်းရင်းမှ နေ၍ တိုက်ဖြက်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ DNA စစ်ဆေးမှုပြ၍ သူဖြစ်ကြောင်းကို အတည်ပြုနိင်ခဲ့ကြသည်။ ထိုကြောင့် နှစ်ပေါင်း (၃၀) ကျော်ကြာမှပင် ကျူးဘားနိင်ငံ “ ဆန်တာကလာရာမြို့” ရှိသူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့သည်။

သူနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်၏ မှတ်ချက် အမြင်များ


“ ကျနော်တို့ခေတ်ရဲ့ အပြီးပြည့်စုံဆုံး လူသား ”

ယန်ပေါဆက် ( ပြင်သစ်တွေးခေါ် ပညာရှင် )

“ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု၏ သင်္ကေတ တခု ”

အမေရိကန်ပြည်ထောင်စု ( မေရီလင်း အင်စတီကျု )

“ သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ ၊ သူရဲ့ စိတ်ဓာတ် ၊ သူ့ရဲ့ကြံခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အား ထက်သန်မှုတွေကို ထားရစ်ခဲ့တာ ဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာ ဖြစ်တယ် ”

ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရို





ဘ၀ဇာတ်ကြောင်း

သူ့အား အာဂျင်တီးနား နိင်ငံ၏ မြို့တော် “ ဗွေနိုဇာရီမြို့ ” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ ရိုစာရီယိုမြို့ ” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယိုမြို့ ” က “ ပါရာနာ ” မြစ်၏ မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိခဲ့သည့်မြို့ ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေပါသည်။ ၁၉၂၈ ခုနှစ် ဇွန် ( ၁၄ ) ရက်တွင် နေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ( ၅ ) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး မိခင်နာမည်က စီလီယာ ဆာနာဖြစ်ပါသည်။ သူကား ငယ်စဉ်က ကျန်းမာရေး ချူချာ၏။ ပန်းနာ ရင်ကြပ်သည် တစ်ဦးလည်း ဖြစ်သည်။ ရာသီဥတုအေးလျှင် ပန်းနာဝေဒနာက ထထဖောက်တက်သည်။

သို့သော် အားကစားဖက်တွင် ထူးချွန်ခဲ့သည်။ “ ရဂ္ဂဘီပွဲ ” များတွင် ခပ်ကြမ်းကြမ်း ကစားတက်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်းတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ တဖက်တွင်လည်း ငယ်စဉ်ကပင် စာအုပ်ပုံ အကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ သူ့ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ “ ဂျက်လန်ဒန် ” “ ဂျုးလဘန်း ” “ ဆစ်ဂမန်ဖရိုက် ” “ ဘာထရန်ရပ်ဆဲလ် ” အစရှိသည့် စာရေးဆရာတို့၏ စာအုပ်များအား ငယ်စဉ်ကပင် ဖတ်မှတ်ခဲ့ရသည်။

ဆက်ရန် ။

4 comments:

Anonymous said...

ကိုဆိုးသွမ်းရေ ... “ ရဂ္ဂဘီပွဲ ” ဆိုတာလေးကို မသိလို့ ဘာကစားနည်းးလည်း ဆိုတာ ပြောပြပေးပါ ... နောက်ပြီး ဗဟုသုတရစေတဲ့ ပိုစ့်လေးအတွက် အထူးကျေးဇူးပါလို့ ပြောကြားရင်း ... ။

ခင်မင်လေးစွားမှုများစွာဖြင့်

ZT said...

ချေဂွေဗားရား ကွ။ ဖတ်ချင်နေတာနဲ့ အတော်ပဲ။

ဟန်လင်းထွန်း said...

ဆက်လုပ်၊ စောင့်နေတယ်။

minn thuka said...

မထင်ဘူးဗျာ..ဖတ်စရာမရှိလို့ ဝင်ဖတ်တာ..ဒိုင်ယာရီတွေအန်ထုတ်တာ..ချဉ်ဖတ်နံ့ လုံးဝမရဘူး..
ချက်ရေဂါ(လေတပ်ဗိုလ်ချုပ်..usa)အကြောင်းလေးလဲ ရေးသင့်ပါတယ်..ကျွန်တော်အရမ်းအားကျခဲ့တာ..ကိုဆိုးသွမ်းလဲ..သဘောကျမှာပါ..ကောင်းတယ်ဗျာ..ခင်ဗျားဆီက ပေးဆပ်ချင်းသက်သက်နဲ့ ဆီဆင်းတဲ့လူတွေအကြောင်း..ကြွေမှာသိပေမဲ့ အလှပဆုံးဝေခဲ့တဲ့ ပန်းလေးတွေရဲ့..ဒိုင်ယာရီ..
ထပ်လာကြည့်မယ်..ကျေးဇူးဗျာ၊၊