Monday, December 1, 2008





ဘ၀မှာ သူနဲ့ ပတ်သက်လာလျှင်
ဆွေမျိုးမရှိဘူး ၊ ညီအစ်ကိုမရှိဘူး
သူငယ်ချင်းမရှိဘူး ၊ မိတ်ဆွေ မရှိဘူး
မောင်နှမ မရှိဘူး ၊ တခါတလေဆို အဖေအမေတောင် မရှိချင်ဘူး

သူကလည်း အဲဒီလို မရှိအောင်
သူ့သိက္ခာကို ထိန်းတယ်
သူ့ကြောင့် လူတွေ မျက်ရည်ကျတာကို ကြည့်ပြီး ၀မ်းသာတယ်
သူ့ကြောင့်လူတွေ ပျော်ရွှင်တာကိုကြည့်ပြီးလည်း ၀မ်းနည်းပြန်သေးတယ်

သူ့ကို လွယ်လွယ်ကူကူ မရရှိနိင်ပေမယ့်
သူကတော့ လွယ်လွယ်ကူကူပဲ ဖျက်ဆီးနိင်တဲ့ အစွမ်းရှိတယ်

တုတ်ဆွဲ ၊ ဓါးဆွဲ ၊ သေနတ်ဆွဲ
လက်သီးချင်း ၊ လက်ဝါးချင်း တွေမှာလည်း သူပါတယ်
လောကမှာ သူသာလျှင် အရေးအကြီးဆုံးလို့
သူ့ကိုယ်သူထင်နေတယ်

ဘယ်သူက သူ့ကို လူ့လောကထဲ ခေါ်လာခဲ့တာလဲ
လောကမှာ တစ်စုံတရာကို တန်ဖိုးသတ်မှတ်ဖို့
သူ့ကိုမှ ဘာလို့ ရွေးချယ်ခဲ့ကြရတာလဲ

ကမ္ဘာကြီးမှာ သူ့ကို အိတ်ထဲခေါ်ထားနိင်တဲ့ လူမှန်သမျှ
လုပ်ချင်ရာကို လုပ်ဖို့ သူကခွင့်ပြုထားတယ်
သူ့မှာ တရားတာ ၊ မတရားတာ
သစ္စာရှိတာ ၊ ဖောက်ပြန်တာတွေ မရှိဘူး
သူ.....သူ.....သူ

မပတ်သက်ချင်လည်း ပတ်သက်နေရဦးမယ်
သူနဲ့ မပတ်သက်ရင်လည်း ဘယ်သူမှ ကိုယ်နဲ့လာပြန် ပတ်သက်မှာ မဟုတ်တော့
လောကမှာ သူမရှိရင်ကောင်းမယ်လို့ ဆုတောင်းပေမယ့်
သူဆိုတဲ့ “ ငွေ ” ကိုတော့ ပတ်သက်ရဦးမယ်




3 comments:

ဟန်လင်းထွန်း said...

ဖြစ်နိုင်ရင်တော့ မပတ်သက်ချင်ဘူးဗျာ။ တကယ်ပါ။

Anonymous said...

ကောင်းတယ်ဗျာ....အားပေးလျက်ပါ
အဆင်ပြေပါစေ

Anonymous said...

သူ့အကြောင်း ကျနော် ကဗျာတစ်ပုဒ်ရေးဖူးတယ် အစ်ကိုရေ့
“သူ...............
ပါးလွှလွှနဲ့  မော်ကြွားတယ် ၊ခက်ထန်တယ်
မာနတစ်ခွဲသားနဲ့ 
လူတိုင်းပါစပ်ဖျားမှာ ရေပန်းစားတယ်
တစ်ချို့ အတွက်
ကိုယ်ကွယ်ရာ အရှင်သခင်
တစ်ချို့ အတွက်
ကြောက်စရာကောင်းတဲ့ သေမင်း
ကြားခံအရာလေးတစ်ခုပေမယ့်
သူ့ ကြောင့်ပျော်ရွှင်စရာ အတိတ်တွေကို စတေးခဲ့ရပြီး
ကြမ်းတမ်းတဲ့ ပစ္စုပ္ပန်ကို ယိုင်နဲ့ နဲ့ အသက်ရှင်
အနာဂတ်ဆိုတာလည်း ဆောင်းမနက်ခင်းတွေလို မှုန်ဝါးဝါး
ချစ်ခြင်း မုန်းခြင်းတွေကို
မသိချင်တော့လောက် အောင်မုန်းတယ်
သူ .........မရှိမကောင်း ရှိမကောင်း
သူ့ ကြောင့်ပေါ့ သူ့ ကြောင့်
ဟော့ဒီမှာလေ လူတစ်ကိုယ်လုံး ပူလောင်ပြီး
ဆံပင်တွေတောင် ကျွတ်ကျကုန်တယ်”

သူ့ကို ကျနော် မသိဟန်ဆောင်လိုက်တော့ အစာအိမ်က ဆန္ဒပြကောဗျ ဘယ်လိုလုပ်ရမလဲမသိတော့း)