Saturday, October 25, 2008


လူကို အားလုံးမတူ ယူဆသော် လွဲချော်နေပါပြီ။ တူသည်ဟု ပုံသေ ယူဆပြန်သော် လွဲချော်မှု တစ်မျိုး ထပ်ဖြစ်ပြန်ပြီ။ လူ့တန်ဖိုးကို သတ်မှတ်ရာတွင် သဘောကြီး နှစ်မျိုးရှိပါသည်။

( ၁ ) ငွေကြေးနှင့် အရှိန်အ၀ါ


အပေါ်ယံ ပကာသနတို့ကို အကြောင်းခံလျက် လူ့တန်ဖိုး သက်မှတ်ခြင်း သဘောဖြစ်ပါသည်။ လူတစ်ယောက်ကို ငွေကြေးကြွယ်ဝ ချမ်းသာရုံမျှဖြင့် ၊ အရှိန်အ၀ါ အပေါ်ယံ ပကာသန အားကောင်းရုံမျှဖြင့် တန်းပြီး ဦးညွှတ်သော သဘောဖြစ်သည်။ ခင်မင်သွားသည် ၊ အထင်ကြီးသွားသည်။ ပတ်သက် ရင်းနှီးချင်မိသည်။ ဒီတော့ စကားပုံက ဒီလို ထွက်လာသည်။ “ မျက်နှာကြီးရာ ဟင်းဖက်ပါ ” တဲ့။ ထိုလူတွေနှင့် ပေါင်းသင်းမိသည့် လူများကိုလည်း အချင်းချင်းက “ အကျိုးလိုလို့ ညောင်ရေလောင်း ” တဲ့။ ထိုအရာတွေ အားနည်းသလောက် တန်းပြီး အထင်သေးသော သဘောဖြစ်သည်။ အနှစ်ကို မကြည့် ၊ အကာကိုကြည့်လျက် အောက်ခြေလွတ်နေသော စရိုက်ပျက် ၊ စရိုက်ဆိုးမျိုး ဖြစ်သည်။ နောက်တစ်မျိုးက




( ၂ ) အနှစ်ကို အကြောင်းခံသော သတ်မှတ်မှု


လူတစ်ယောက်သည် ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းမွန်သလဲ ၊ ဘ၀တူ လူသားချင်း အပေါ် ဘယ်လောက် မေတ္တာထားနိင်သလဲ ( ဆင်းရဲသူ အချင်းချင်း ၊ ချမ်းသာသူ အချင်းချင်းပေါ် ထားသည့် စိတ်ဓတ်မဟုတ် ၊ လူဆိုသည့် သက်ရှိအချင်းချင်းအပေါ် ထားသည့်စိတ်ထားကို ဆိုလိုပါသည် ) ၊ ကိုယ့်နိင်ငံ ကိုယ့်ကမ္ဘာအတွက် ဘယ်လောက် စွမ်းဆောင် ကြိုးစားသလဲ ၊ ဘ၀ အမြင်မှန်ကန်မှု ဘယ်လောက် စွမ်းရည်ရှိသလဲ ၊ ကိုယ်နှင့် သက်ဆိုင်ရာ ပညာရပ်ကို ဘယ်လောက် ကျွမ်းကျင်သလဲ ဒီအပေါ် မူတည်လျက် လူ့တန်ဖိုးကို သတ်မှတ်ခြင်း ဖြစ်သည်။ ထိုသတ်မှတ်မှု မျိုးသည် မေတ္တာနှင့်ပညာ ပေါင်းစပ်သော သဘောဖြစ်သည်။ ဗြဟ္မစိုရ်တရားနှင့် အသိဥာဏ် အလင်းပေါင်းစပ်သော သဘောဖြစ်သည်။ လောက၏ ကောင်းမှုကို တည်ထောင်သော ၊ ဝေဆာစေသော ၊ လောက၏ ဆိုးကျိုးကို ကာကွယ်သော စရိုက်မျိုး ဖြစ်ပါသည်။


4 comments:

Anonymous said...

ထိမိရှင်းလင်းတဲ့ တင်ပြချက်တွေနဲ့ လူ့တန်ဖိုးကိုသတ်မှတ်ချက်ကို သုံးသပ်မှတ်ချက်ပြုသွားတာကို အလွန်တရာပဲ လေးစားထောက်ခံမိပါတယ် ကိုဆိုးသွမ်း၊ ကျွန်တော့်အနေနဲ့ လူ့တန်ဖိုးကို သုံးသပ်တဲ့ အမြင်ကို ပြောပြရမယ်ဆိုရင် ဒုတိယအချက်ဖြစ်တဲ့ အနှစ်ကို အကြောင်းခံသော သတ်မှတ်မှု ကို စံအဖြစ်ထားပြီး သတ်မှတ်မိပါတယ်၊ ဒီလောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာဖြစ်တဲ့အတွက် လူ့တန်ဖိုးသတ်မှတ်ချက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီ ကွဲပြားနေမှာပဲလို့ ယူဆမိရင်း လေးစားစွာ ကွန်မန့်ပွတ် မှတ်ချက်ချန်ခဲ့ပါကြောင်း။

ခင်မင်လေးစားစွာဖြင့်

Anonymous said...

လူ့တန်ဖိုး သတ်မှတ်တဲ့... သဘောတရားတွေကို ကိုယ်ပိုင်အမြင်နဲ့ ခုလို ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးသားထားတာ ဖတ်ခွင့်ရလို့... သိုင်းကျူး...း)အတွေးအခေါ်ရင့်ကျက်ပါပေ့... ဆိုးကြီး။ ငါ့ညီ စာပေအတွက် ဆက်လက်ရဲရင့်နိုင်ပါစေ...

Chaos said...

ဆိုးသွမ်းရေ
လူ့တန်ဖိုးသတ်မှတ်ချက်လေးတွေကို
လာဖတ်သွားတယ်။

စိုးအောင်ထွန်း said...

အင်း အနော် ကတော့ ငွေ မမက် လူမက် တဲ့ ကောင် ဆိုတော့ နံပတ် ၂ ကိုကြိုက် တယ် ဗျာ
ငွေကိုလူကနိုင် ယင် ပြသနာ မရှိပါဘူး
အင် ငွေကလူကိုနိုင် ယင် တော့ .....