Friday, February 15, 2008

ညီမလေးရဲ့ သီချင်း

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါ့နားနဲ့ စိမ်းနေတဲ့...ဂီတ အမျိုးအစားပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါမတီး ခက်တက်တဲ့ သံစဉ်တွေနဲ့
တည်ဆောက်ထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
ငါအဓိပါယ် မဖွင့်ဆိုတက်တဲ့ စကားလုံးတွေနဲ့
ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
မလုံခြုံတဲ့ ငါ့အသံသေတ္တာထဲ
ဖမ်းဆုပ်ထည့်ယူဖို့ မသင့်တဲ့
အပြင်းစား သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ
မင်းဆိုနေတဲ့ သီချင်း...မင်းဘ၀ရဲ့ သီချင်းဟာ
အသံထွက် ညံလွန်းမက ညံနေတဲ့ ငါ့အဖို့
ပါးစပ်တောင်မှ မဟ၀ံ့တဲ့
“ကီး” မြင့်မြင့် သီချင်းတစ်ပုဒ် ဖြစ်နေခဲ့တာ
မင်း မသိခဲ့ပါလား...မင်းမသိခဲ့တာလား
ညီမလေး ရယ် ။ ။

စိုင်းဝင်းမြင့်

0 comments: