Sunday, December 30, 2007

နှစ်သစ်..မင်္ဂလာ

ခပ်တည်တည်ပဲ....ကုန်လွန်ခဲ့တဲ့
အချိန်ကာလကို
နောက်လှည့်ကြည့်လိုက်တော့

အော်...ဘာလိုလိုနဲ့
အသက်သာ တစ်နှစ်ကြီးသွားပြီး
လုပ်ချင်တာတွေ အမြောက်အများရှိခဲ့ပေမယ့်
မှတ်တမ်းတင်ခဲ့တဲ့ အရာတွေက
လက်တစ်ဖက်စာ ချိုးရေလို့ရတယ်

ဒါပေမယ့်....
တဖြည်းဖြည်း တော့...ကြိုးစားရမှာပေါ့
ဆိုတဲ့ ကိုယ့်ကိုကိုယ် အားတင်းရင်း
ပြောင်းလဲတော့မဲ့ ၂၀၀၈ ခုနှစ်ကို
ယုံကြည်ချက်တွေနဲ့ လှမ်းကြိုလိုက်ရင်း

“ မင်္ဂလာရှိသော...နှစ်သစ်ဖြစ်ပါစေ ”

မြန်မာဘလော့ဂ်ဂါ အစ်ကိုညီ...အစ်မညီမများခင်ဗျာ


Sunday, December 16, 2007

စိတ်ကူးရှိရာ

နှလုံးသား ပုပ်သိုး
ငါ့ အတွက် မျက်ရည်မိုးတော့
မသွန်းဖြိုးလိုက်ပါနဲ့.......

ရင်ခုန်သံပျောက်ဆုံး
ဟောဒီ...မင်း ဘယ်ဘက်ရင်အုံမှာ
ငါ့ မျက်ရည် သွေးလို စီးဖို့
မမျှော်လင့်ရဲတာတော့ အမှန်ပဲလေ

လူသားတိုင်း စကားမပြောတက်ပေမယ့်
စကားပြောတက်တဲ့ နှလုံးသားတွေတော့
ခဏ ခဏ ပျက်စီးဆုံးရှုံးခဲ့တာပဲ မဟုတ်လား

မင်း ပြောစမ်း....
ငါကို အရောင်ကင်းမဲ့တဲ့ ဦးနှောက်နဲ့
ပြောကြည့်လိုက်စမ်း.....
ရင်ခုန်သံကို ချစ်တာလား...အသက်ရှုသံကို ပိုင်ဆိုင်ချင်တာလားဆိုတာ

ငါ့မှာတော့ မြတ်နိးမှုတွေသာ ခဏခဏ အန်ချနေတာ
နှလုံးသားတောင် တကန့်ချင်း ပုပ်သိုးလို့
ဟင်...ဆိုပြီး လှည့်မကြည့်တက်တဲ့ သူတွေထဲမှာ
မင်း...ပါလာမှာကိုတော့ ငါကြောက်တယ်

ကောင်းပြီလေ
မစဲသေးတဲ့ ဒီမျက်ဝန်း တွေထဲ
မင်းက ခဏတဖြုတ် မိုးဝင်ခိုခဲ့သူလို့ ဆိုရင်
ငါ...မျက်ရည် သွေးလို စီးပါစေတော့....။

Saturday, December 15, 2007

မင်းသိရဲ့လား



သီချင်းကောင်း ကြိုက်တက်သူများ အတွက်..... စာမေးပွဲတွေ ကြားထဲက ဒီသီချင်လေးကို လက်ဆောင်
ပေးလိုက်ပါတယ်။ ခပ်ဆွဲဆွဲ ငင်ငင် ဆိုထားတဲ့ ဒီသီချင်းကို နားမလည်ပေမယ့် ကြိုက်နှစ်သက်မယ်လို့
မျှော်လင့်မိပါတယ်။ သီချင်းနာမည်က “မင်း သိရဲ့လားတဲ့ ”

ကိုယ်စိတ်နှလုံး သုံးပါးလုံး ချမ်းသာကိုယ်စိတ် မြဲပါစေ

ဆိုးသွမ်း

Friday, December 14, 2007

Merry Christmas





















ပျော်ရွှင်ကြပါစေ....

ဆိုးသွမ်း

Wednesday, December 12, 2007


သူငယ်ချင်း.....
ပခုံးချင်း ယှဉ်တွဲ...ကြမ်းလည်း
အတူတိုက်ခဲ့ဘူးတယ်....။

သူငယ်ချင်း.....
အပြစ်ရှိလို့....ဒဏ်ပေးခံ
မသက်သာတဲ့ ကြားက
စာနာနားလည်တက်တဲ့ စိတ်နဲ့
မင်း နဲ့ ငါ နာကျင်တဲ့ စိတ်ကို ဖျောက်ဖို့
အားတင်းရင်း .... ခိုးပြီး ရယ်နေခဲ့ကြဖူးတယ်.....။

သူငယ်ချင်း.....
တခါတခါ အဖြစ်ဆိုးတွေကြောင့်
အားငယ်မှုတွေကို...မင်းနဲ့ငါ
နားလည်မှုယူလို့
ယုံကြည်ချက်ကို ဆုပ်ကိုင်ထားခဲ့ကြတယ်......။

ငါမှာ စိတ်ညစ်စရာတွေကြုံလို့
မင်းကို ဖွင့်ပြောတိုင်း
မင်းကတော့ လူကြီးစတိုင်နဲ့
နားထောင်နေလိုက်တာ.......။

ငါက ဒီလူကောင်းတယ်ဆိုတော့ အင်းတဲ့
ငါက ဒီလူမကောင်းတော့ဘူးဆိုတော့လည်း အင်းတဲ့
တော်တော် ဟုတ်တဲ့ကောင်လေ.......။

မင်းနဲ့ငါ ညီအစ်ကိုဆို
တည့်မှာ မဟုတ်ပေမယ့်
သူငယ်ချင်း ဖြစ်တဲ့ ဒီဘ၀တော့
ငါတို့....မော်ကြွားကြတာပေါ့......။

ဘ၀ဆိုတာ....တိုက်ပွဲဆိုရင်
အားမာန်အပြည့်နဲ့ တိုက်နိင်ပါစေ.....

လောကဓံ ကံတရား မျက်နှာသာပေးတိုင်း
မာန်မာန မထားရှိနဲ့
လောကဓံ ကံတရား နှိမ့်ချဆက်ဆံခံရတိုင်း
အားတင်းလို့ ဇွဲမလျော့နဲ့

ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပေမယ့်
ပတ်ဝန်းကျင် နဲ့ လိုက်လျောညီထွေ
နေထိုင်တက်ပါစေ......

ရှင်သန်လာရ ဒီဘ၀မှာ
စာနာထောက်ထား အကောင်းမြင်စိတ်ထားလို့
လူသားအကျိုး သယ်ပိုးနိင်တဲ့
သူရဲကောင်း ဖြစ်ပါစေကွာ........။

(၂၄ နှစ်ပြည့် မွေးနေ့သို့ ........)




Monday, December 10, 2007



ရင်မှာ မေ့ထားလိုက်ပါကွယ်
ဘယ်လိုမှ သဘောမထားပါနဲ့...တစ်ချိန်မှာ ကိုယ်ကို ထားခဲ့လည်း
မင်းကို နားလည်မယ်...........

အချစ်ထက် အရေးကြီးတဲ့ အရာတွေ....တို့ဘ၀ကို ချုပ်ကိုင်နေတယ်
ကြိုတင်တွေးမြင် မထားနိင်တဲ့ ကန့်သက်ချက်များရယ်
ဘယ်လို ငါ ဆက်သွားရမလဲ....ဘာတွေ ငါဆက်လုပ်ရမလဲ
ရင်မှာ ကွတ်လပ်များစွာနဲ့ ....မင်းကို လွမ်းနေမယ်

ကိုယ့်ဘက် မင်း လှည့်မကြည့်ပါနဲ့...အခွင့်ရှိရင် တစ်နေ့ ပြန်ဆုံနိင်မယ်
ကွယ်ပျောက်မသွားနိင်တဲ့ ချစ်ခြင်း
မျှော်လင့်ထားရင်းနဲ့.................

( မင်း လာမယ်ဆို....အမြဲတမ်း အသင့်လေ
ကြိုနေမယ် တံခါးလေး ဖွင့်ရင်းလေ
ဘ၀ တစ်ခုရဲ့ ကန့်သက်ချက်တို့ အကြောင်းတွေ ငါ နားလည်
မင်း ပြန်မယ်ဆို မတားရက်ဘူးလေ.....ပျော်မယ်ဆို ထားရစ်ခဲ့ပေါ့လေ
မေ့ပစ်နိင်တယ်...ထားခဲ့နိင်တယ်
မင်း ကိုခွင့်လွှတ်မယ် )

ဘယ်လို ငါ ဆက်သွားရမလည်း...ဘာတွေ ငါဆက်လုပ်ရမလည်း
ရင်မှာ ကွတ်လပ်များစွာနဲ့...မင်းကို လွမ်းနေတယ်
ကိုယ့်ဘက် မင်းလှည့်မကြည့်ပါနဲ့....အခွင့်ရှိရင် တစ်နေ့ပြန်ဆုံနိင်မယ်
ကွယ်ပျောက်မသွားနိင်တဲ့ ချစ်ခြင်း...မျှော်လင့်ထားရင်းနဲ့

( မင်း လာမယ်ဆို....အမြဲတမ်း အသင့်လေ
ကြိုနေမယ် တံခါးလေး ဖွင့်ရင်းလေ
ဘ၀ တစ်ခုရဲ့ ကန့်သက်ချက်တို့ အကြောင်းတွေ ငါ နားလည်
မင်း ပြန်မယ်ဆို မတားရက်ဘူးလေ.....ပျော်မယ်ဆို ထားရစ်ခဲ့တော့လေ
မေ့ပစ်နိင်တယ်...ထားခဲ့နိင်တယ်
နားလည်နေပါမယ်...... )

Sunday, December 9, 2007

သမရိုးကျ တွေ့ဆုံမှုနဲ့ ခင်မင်ခဲ့တာပါ
ဒါပေမယ့် ဆန်းပြားခဲ့တာက
ငါ့ သံယောဇဉ်နဲ့ တွယ်တာမှုတွေ

ဘာမှန်းမသိတဲ့ေ၀၀ါးတဲ့ အနာဂတ်ထဲ
ဇွတ်တရွတ် ကလေးတစ်ယောက်လို
ဖြူစင်စွာ ခုန်ပေါက်ဝင်လာတဲ့....နင်
ငါ့ နှလုံးသားကို ......နင်ပျော်ရွှင်ဖို့
ဆက်သခဲ့တဲ့ အရုပ်လေးတစ်ခုလို
သဘောထားခဲ့တယ်........

နင် ကလူကျီစယ်လို့ ၀သွားရင်
ပေးဆပ်ရကျိုးနပ်ပါတယ်
ငါ့ အသည်းကို ခဏတွင်းချင်းပိုင်စိုး
လွှမ်းမိုးခဲ့တဲ့ .....နင့်စကားလုံးတွေ်

အိမ်မက်ထိ ထင်ကျန်
ငါ...ဘယ်တော့မှ မပြောတော့ဘူး။

Saturday, December 8, 2007

ထာဝရ အဆုံးထိ

ထာဝရ အဆုံးထိ ( ၀ိုင်ဝိုင်း )

ကိုယ် တို့နှစ်ယောက်ရဲ့ အသိမှာ
ကတိစကားတခွန်းမှ မရှိပါ...ဘာမှ မထူးဆန်းတဲ့ ကဗျာ
ဒီရေခဲမြစ်ရဲ့ တစ်ဖက်စီ..ကိုယ်မကြည့်မိသလို နေရင်း
တို့ နှလုံးသား တိတ်ဆိတ်နေခဲ့တာ........

ကမ္ဘာမြေခြောက်သွေ့တဲ့ နေ့ရက်တွေ
တကယ်တမ်းတော့ ငါ့ရင်မှာ...နင် တစ်ယောက်တည်းပဲ ရှိခဲ့တယ်
အို...ကြေကွဲရမဲ့ အဖြစ်တွေ နေခဲ့ရမှာ မြင်ပြီး
ကိုယ့်နှလုံးသား စိုးရွံနေခဲ့တာ......

ဒီမိုးတွေရွာတဲ့ မနေ့ ညက.....ငါ အိမ်မက်တယ်
မင်း ကို ရင်ဆိုင် ဖွင့်ပြောတော့မယ်
ထာဝရ အဆုံးထိ နုတ်မဆက်ပါကွယ်
ထာဝရဆုံးတိုင်..ကိုယ်တန်ဖိုးထားပါ့မယ်

မင်းလက်တွေ ဆုပ်ကိုင်
အခါခါ အဆက်ဆက်ပြောချင်တယ်
ဒီတသက်လုံး “ နင် တစ်ယောက်တည်း ချစ်ပါမယ် ”

ဆိုးသွမ်း

Thursday, December 6, 2007

စာကြောင်းတစ်ခု

သူမ က ကျွန်တော့်ရဲ့ Subject
ကျွန်တော်ကသူမရဲ့  Object
အချစ်ကတော့ Main Verb ပေါ့
သစ္စာနဲ့ မေတ္တာ က Helping Verb
သံယောဇဉ်က Conjection
ကောင်းမွန်သော ကံတရားကသာ Situation ဖြစ်မယ်ဆိုရင်
အနာဂတ် အတွက် လုံလောက်တာမို့  Full Stop....

မမြင်နိင်သောအရာ


ရင်ခုန်သံတစ်ချက်
ငါ ထိန်းချုပ်ဖို့ မေ့သွားတယ်....
နင့်ရဲ့ ဖြူစင်တဲ့ မေတ္တာပေါ်
ပြစ်မှားခဲ့မိတယ်လေ....
ဒါပေမယ့် သူငယ်ချင်းရယ်
သံယောဇဉ်တွေ ပိုလာခဲ့လို့
ရင်ထဲက တိတ်တိတ်ကလေး
ခိုးချစ်မိတာ
ငါ ဘာတက်နိင်မှာလဲ
နင် မသိလည်း ငါ့စိတ်ထဲဝယ်
ရှေ့မတိုးရက် နောက်ဆုတ်ခက်နဲ့
နင် နဲ့တွေ့လျှင်
ရင်တွင်း စစ်ပွဲ ငါလွန်ဆွဲတယ်.....။

အမည်မသိ

အသိမဲ့

ခေါ်သံမဲ့ ၊ ခေါက်သံမကြား
ဇွတ်တရွတ်နဲ့ဝင်လာခဲ့တဲ့ ဒီအချစ်ကို
မနှင်ရက်လို့ ပိုက်ထွေးထားခဲ့
ကြေကွဲဇာတ်လမ်း ဖြစ်မှာကိုလည်း
စိုးထိတ်ရင်းပေါ့
ဇတ်လမ်းတခုမြုပ်နှံခဲ့တာ
မင်းအတွက်ပါ တသက်တာအတွက်
သိစမ်းချင်တယ်…ချစ်သူရယ် ။
လားခူဖေါ

အဝေး

သိပ်သိပ်သည်းလို့
နက်မှောင်လွန်းတဲ့ တိမ်ထုလွှာကို
ထိုးကာဖေါက်လို့ မိုးမြင့် ပျံသန်း
မွန်းကျပ် စိတ်အတွက်
ထွက်ပေါက် တခုရှိလေ မလား
ဖြေစေသားလို့
ကြိုးစား ပျံသန်းကြည့်ချင်သေးရဲ့။
လားခူဖေါ

မာန

ရင်ခွင်တခုလုံး ဖုံးကာလွှမ်းထား
မာနတရား
အခွံလည်း မာ ၊ ခွဲရန်ခက်ခဲ
သစ်ကြားသီးနဲ့သဏ္ဍာန်လားလား
တူတယ်တဲ့
ပျော့ပြောင်းအသား ၊ နူးညံ့စွာနဲ့
ချို မြ ထုံအီ ၊ ဆိမ့်ဆိမ့် ချိုတဲ့ အရသာက
ခွဲကြည့် စားကြည့် ၊ ခံစားဘူးမှ
သိနိုင်တယ်တဲ့
ကိုယ့် ရင်မှာလည်း ၊ မာနတရားဖုံးကာထားလို့
မကွဲဘူးအသည်း ၊ ခံစားချက်မဲ့တယ်
တင်းခံပေမဲ့ ၊ ပျော့ပြောင်းနူးညံ့ ၊ အသည်းနှလုံးက
ညစဉ်ငိုကြွေး ၊ မျက်ရည်မခမ်းတာ
မင်းနဲ့ခွဲမှ
ထင်းလင်း ရှင်းကာ သိလိုက်ရတယ် မောင်….
လားခူးဖေါ
ကျွန်တော့်အစ်မရဲ့...ကဗျာတွေနဲ့ ဘလော့ဂ် ညီအစ်ကို မောင်နှမတွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ နောက်ဆို ရင်လည်း အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးမှာပါ။ အားပေးကြပါဦး။

Wednesday, December 5, 2007

မရှိခဲ့တဲ့....သူ

မကြင်နာလို့ မမြင်သာတဲ့
နေရာကလည်း ငေးကြည့်ခဲ့ဘူးတယ်......။

မတွယ်တာလို့ ဖြေစရာမရတဲ့ ဘ၀မှာ
ခေါင်းငိုက်စိုက် ကျလို့ လှည့်ပြန်ခဲ့ဘူးတယ်......။

လှောင်ပြောင်နေကြတဲ့ သူစိမ်းစကားသံတွေကြား
နင့် အတွက် မထားတက်တဲ့ မာနကို
အခါအခါ ထုတ်သုံးဖို့ ကြိုးစားခဲ့ပေမယ့်
အလေ့အကျင့်ကိုက နည်းခဲ့လေတော့
ငါ ပဲ ကျဆုံးခဲ့ရပြန်တယ်......။

နင့် အပြုံးတွေ ငါ့အတွက် မပြုံးမှန်း
နင့် အမုန်းတွေ ငါ့အတွက် အရှုံးမှန်း
ကြိုသိနေခဲ့ပေမယ့်
တခါတခါ နောက်ဆုံးအကြိမ်လေးများ
လင်းလက် လာမလားလို့
စိုးရိမ်တကြီးနဲ့ စိုက်ကြည့်နေခဲ့ပေမယ့်
ငါ့ အတွက် မီးအိမ်မှာ အစကတည်းက ဆီကုန်နေခဲ့ပြီလေ...။


ဆိုးသွမ်း


ကျောင်းသား အရွယ်ထဲက...ကြိုက်နှစ်သက်ခဲ့ရပြီး အလွမ်းအဆွေး သီချင်းများကို ဦးစားပေး သီဆိုတက်တဲ့
အဆိုတော် ၀ိုင်းဝိုင်းရဲ့ သီချင်းခွေအသစ်ထွက်ရှိလာပါပြီ။ ကဲ...ကျွန်တော်၏ ချစ်လှစွာသော ဘလော့ဂ်ဂါ ညီအစ်ကို မောင်နမများ အတွက် ၀ိုင်ဝိုင်းရဲ့ နောက်ဆုံးထွက် ရှိသော “ ထာဝရ ”ဆိုတဲ့ သီချင်းခွေကို တင်ပေးလိုက်ပါတယ် ခင်ဗျာ။ အကယ်၍ အင်တာနက် ကော်နက်ရှင် နှေးလို့ ချလို့မရဘူး ဆိုလျှင်တော့ စီပုံးမှာသာ အော်ခဲ့ပါ။ တပုဒ်ချင်း တင်ပေးပါ့မယ် ။ ကျွန်တော်တို့ ၀ိုင်ဝိုင်း ကြီးက ဒီတခါလည်း အဆွေးသီချင်း များကို မွေးထုတ်လိုက်ပြန်ပါပြီ။ နားဆင်ခံစားကြည့်ပါစို့။ တော်တော်များများ ကြိုက်မယ်လို့ ယူဆမိပါတယ်။

http://depositfiles.com/files/2599809

http://rapidshare.com/files/74461272/Y_Wine.rar.html

http://rapidshare.com/files/74462455/Y_Wine.rar.html

http://uploaded.to/?id=ft95f5

ဆိုးသွမ်း

Tuesday, December 4, 2007

ဝေသမျှ မကြွေတဲ့ ပန်းပါ
မင်း....မနမ်းချင်လည်း ပွင့်ခဲ့ပြီလေ ။

စိမ့်ထွက်သမျှ မခမ်းတဲ့ စမ်းပါ
မင်း..... မသောက်ချင်လည်း စီးခဲ့ပြီလေ ။

ဆိုနေသမျှ မဆုံးတဲ့တေးပါ
မင်.....မကြားချင်လည်း သီခဲ့ပြီလေ ။

မြူတိမ်ကင်းပြီး သာတဲ့ “လ” ပါ
မင်း....အိပ်နေလည်း လင်းခဲ့ပြီလေ ။

တောင်ထိပ်က သစ်ပင်ရိပ်ထက်
တောင်ခြေက ချောင်းငယ်တခုဖြစ်ချင်ပါတယ်။
မျက်နှာမသစ်တောင်မှ
(မင်း...မောတဲ့အခါ )
ခြေဆေးလို့ ရအောင်ပေါ့....။

အမည်မသိ

Monday, December 3, 2007

သံစဉ်လှိုင်း

သံစဉ်လှိုင်း

ကိုရန်အောငရဲ့ ဘလော့ဂ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့...သံစဉ်လှိုင်းဆိုတဲ့ သီချင်းကောင်းတွေ စုစည်းထားတဲ့
ဘလော့ဂ်လေးကို ဖိတ်ခေါ်ပါရစေ။ အခွေလိုက်မဟုတ်ဘဲ....ကောင်းနိးရာရာ များကို ရွေးချယ်ဖော်ပြ ပေးထားလို့ နားထောင်မိတဲ့ သူအပေါ် ကျေနပ် ပျော်ရွှင်စေမှာ ဖြစ်ပါကြောင်း အာမခံပါရစေ။ ( မှတ်ချက် ။ ကြော်ငြာခ မရပါ ) ကိုရန်အောင် မပေးလို့။ အဆိုတော် တော်တော် များများရဲ့ သီချင်းကောင်းများကို စုစည်းထားတာကြောင့် လာရောက်နားဆင်နိင်သလို ဒေါင်းလုပ်လည်း ပေးထားပါတယ်။ ကံပိုကောင်းရင်တော့ lyric လေးပါ ထည့်ပေးထား ပါတယ်။ သီချင်းဆိုတာ ခံစားချက်ရှိရှိ မရှိရှိ လူတိုင်းနားထောင် တက်ကြပါတယ်။ အင်တာနက်မှာ ဒေါင်းလုပ်ဒ် အလကားပေးထားတဲ့ အင်္ဂလိပ် သီချင်းဆိုက်ဒ်တွေ ၊ မြန်မာသီချင်းဆိုက်ဒ်တွေ ရှိနေပေမယ့် ဒီဘလော့ဂ်လေး ကတော့ နားဆင်၍ နှစ်သက်နိင်မဲ့ သီချင်းကောင်းလေးတွေ ရှိနေတာကြောင့်
အလည်လာဖို့ ဖိတ်ခေါ်ပါရစေ။ ဒီဘလော့ဂ်လေးမှာ မြန်မာ သီချင်း ၀က်ဆိုက်ဒ်များ ၊ အင်္ဂလိပ်သီချင်း
ဆိုက်ဒ်များ လင့်ခ်တွဲပေးထားပါတယ်။

နောက်တစ်ခုက...အကယ်၍များ လူကြီးမင်းတို့ဆီမှာ သီချင်းကောင်းများ ရှိနေမယ်ဆိုလျှင် ၊ ပြည်ပရောက်
တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အချင်းချင်း အပြန်အလှန် နားဆင်မျှဝေ နိင်ရန်အတွက် သီချင်းများ တင်ပေးချင် လျှင်လည်း...ကိုရန်အောင် နှင့်အတူ ကျွန်တော်တို့ သံစဉ်လှိုင်း အဖွဲ့သားများမှ နွေးထွေး ပြူငှာစွာလက်ခံ ကြိုဆိုလျက် ရှိပါကြောင်း ၊ လူကြီးမင်းတို့ ဂျီတော့ နစ်များကို စီပုံးတွင်ချန်ထား၍ အင်ဗိုက်လုပ်ပေးမည် ဖြစ်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။ ပရဟိတ ဘလော့ဂ်များ ဖြစ်နိင်ကြပါစေ။

ရွှင်လန်း ချမ်းမြေ့ကြပါစေ။

ဆိုးသွမ်း

သူငယ်ချင်း

သူငယ်ချင်း ဆိုတာ
ပျော်ရွှင်မှုကို နှစ်ဆ
ကြေကွဲမှုကို တ၀က်ဖြစ်စေတက်သူပါ....

သူငယ်ချင်း.....
င့ါအကြည့်တွေကနေ ငါ့စိတ်ကူးကို မင်းမြင်ပါ
ငါ့ရယ်သံတွေကြားကနေ ရင်ထဲက သံစဉ်ကို နင် နားထောင်ပါ
နင့်ရဲ့ စိတ်ကတဆင့် ငါ့ရဲ့ ရင်တွင်းပြတိုက်ကို လှမ်းကြည့်ပါ....

“နင်” ဆိုတဲ့ တည်ရှိနေမှုဟာ
ငါ့အတွက်တော့
မျက်ရည်မိုးတွေ ကြားကတောင် ပြုံးမိစေတက်တာပါ...
တကယ်တော့... နင် နဲ့ ငါ
တွေ့တိုင်း ရန်ဖြစ်နေပေမယ့်
နင်ဟာ ငါ့ရဲ့“ အချစ်ဆုံး သူငယ်ချင်း ” ဆိုတာ
နားလည်စေချင်လိုက်တာ.....။

သူငယ်ချင်းတစ်ယောက်ဆိုက်ဒ်က ရတဲ့...ကဗျာလေး တစ်ပုဒ်ပါ။ သူငယ်ချင်းဆိုတဲ့
အဓိပါယ်ကို ဖော်ဆောင်ရမှာ ပေါ်လွင်စေလွန်းပါတယ်။ အနစ်နာခံ..ခွင့်လွှတ်သည်း
ခံတယ်ဆိုတဲ့ စကားလုံးတွေ မသုံးထားပေမယ့် သူငယ်ချင်းရဲ့ စိတ်ထားကောင်းပုံကို
မြင်ယောင်စေပါတယ်။ အဲဒီလို သူငယ်ချင်းမျိုးတွေနဲ့ ဆုံတွေနိင်ကြပါစေ....ဆုတောင်းရင်း

ဆိုးသွမ်း



Sunday, December 2, 2007

လရိပ်ချို

LaYateCho

လူတိုင်းမှာ အမှတ်တရ တခုစီတော့ ရှိတက်ကြတာပဲ..... ဒီတော့ ကျွန်တော့မှာလည်း ရှိတယ်
ဒီသီချင်းက ကျွန်တော့်ဘ၀မှာ အရေးပါဆုံး အမျိုးသမီးလေး တစ်ယောက်အတွက်ပါ
ဘယ်လောက်ထိ မျှော်လင့်ခဲ့မိလည်းဆိုတော့..ကိုယ့်ကိုကိုယ်တောင် ပြန်ပြီး မသိခဲ့ဘူး
နောက်ဆုံးတော့လည်းလေ.....

( သူစိမ်းလိုလည်း မနေချင်ဘူး....ဒါပေမယ့် ချစ်သူ ငါ မဟုတ်ဘူး အဝေးမှာလည်း မနေလိုဘူး
ဒါပေမယ့် မင်း နဲ့ ငါ မနီးဘူး... သူငယ်ချင်းလေး တစ်ယောက်လိုနေဖို့ လွယ်လွယ်လေးနဲ့
ဖြက်ခဲ့လို့ ရေအိုင်ထဲက လရိပ်ချို ).....။




ကျွန်တော် အမေနဲ့ဆို ကျွန်တော့် သူငယ်ချင်းက မောင်နှမ (၂)၀မ်းကွဲ တော်စပ်တယ်။ ကျွန်တော် နဲ့ သူနဲ့ကျတော့ ဦးလေး (၂) ၀မ်းကွဲပေါ့။ ဒါပေမယ့် ဒီကောင်က ကျွန်တော့်ထက်တော့ မွေးတာ ရက် ( ၂၀ ) နောက်ကျတယ်။ လကတော့ ဇူလိုင်မှာ အတူတူမွေးတာပါ။ ကျွန်တော်တို့ မြန်မာတွေတင် အမျိုးရှုပ်တာ မဟုတ်ပါဘူး...တခြားတိုင်းရင်းသား ညီအစ်ကို မောင်နှစ်မတွေလည်း ဆွေးမျိုးစပ်ရတာ ရှုပ်ကြတယ်။ ထားပါတော့။ ဆက်ပြောရအောင်ဗျာ။ ဒီကောင်နဲ့က ကလေးဘ၀ထဲက အတူတူ ၊ နိ့စို့ဖက်ဆိုလည်း ဟုတ် ၊ ဘောလုံးကန်ဘက် ၊ ရန်ဖြစ်ဘက် ၊ ကျောင်းပြေးဘက် စုံနေတာပါပဲ။ မလုပ်ဘူးတဲ့ အလုပ်ရယ်လို့ မရှိခဲ့ဘူး။ ငယ်ငယ်လေး ကတည်းက ကျူရှင်တက်လည်း အတူတူပဲ။ ကျောင်းပြေး ဘောလုံးကန်လည်း အတူတူပဲ။ ဘာမှမတူတာမရှိဘူး။ ဒါပေမယ့် ဒီကောင်က နည်းနည်း ရှက်တက်တယ်။ ရုပ်ကတော့ ဟက်ကက်နဲ့ တူသလိုလိုတော့ ရှိသား။

ကလေးဘ၀ထဲက အတူတူ ပေါင်းလာလိုက်တာ။ ကျောင်းတက်တော့လည်း အတူတူ ။ ကျူရှင်ယူတော့လည်း အတူတူ။ ၁၀ အတန်းအထိပေါ့။ ၁၀ တန်း အောင်တော့မှာပဲ လျှောက်တဲ့လမ်းတွေ ကွဲသွားတာ။ ငယ်ငယ်တုန်းက ကျွန်တော်တို့ သူငယ်ချင်း ( ၃ ) ယောက်လုံး ရည်ရွယ်ထားတဲ့ ဘ၀လမ်းတွေမှာ ကျွန်တော် တစ်ယောက်ပဲ ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိင်ခဲ့တဲ့ အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ပြန်တိုင်လည်း ဒီအကြောင်းကို အမြဲ တမ်းပြောဖြစ်ကြတယ်။ ကျွန်တော့်သူငယ်ချင်း အကြောင်းဆက်ပြောရရင် ဒီကောင်က စာလည်းတော်တယ် ၊ ဒါပေမယ့် စိတ်တော့ နည်းနည်းပုပ်တယ်။ ကျွန်တော်စာမေးရင် ဘယ်တော့မှ မပြောဘူး။ သိပ်လျိုတဲ့ကောင်လေ။

ဒါပေမယ့် ဘောလုံးကန်တော့ ကောင်းသား။ ဒီကောင့်မှာ အမွှာညီအစ်ကို နှစ်ယောက်အကြီးနဲ့ အမကြီး (၂ ) ၊ အစ်ကိုအကြီးဆုံး ရှိပါတယ်။ ဘောလုံးနဲ့ ပတ်သတ်ရင် ငယ်ငယ်လေးကတည်းက သူ့အစ်ကိုတွေလည်း တော်တာ။ ကျွန်တော်ဆို ဒီကောင်တွေ ညီအစ်ကိုတွေကို အမြဲတမ်း အားကျခဲ့ရတယ်။ အမေ့ကိုတောင် မိန်းခလေးတွေပဲ မွေးရမလားလို့တောင် အပြစ်တင်ခဲ့သေး တယ်။ သားလိမ်မာဆိုတော့ အဲဒီလို။ ရပ်ကွက်ထဲမှာ ကျွန်တော်တို့ အရွယ် ၁၃ နစ်လောက်ထဲမှာတင် မကဘူး ....ကိုယ့်ထက်ကြီးတဲ့ ၁၇ ၊ ၁၈ တွေထက်တောင် ဒီကောင်က ဘောလုံးအစွမ်းပြတယ်။ ကျွန်တော်တို့ ရန်ကုန်မှာဆို ညနေဘက်တွေ ဆို လမ်းထဲမှာ W လို့ခေါ်တဲ့ ဘောလုံးကို ကော်နဲ့ နှစ်ထပ်စွပ်ပြီး ကန်ကျတယ်။

သူကန်လိုက်လို့ ကွဲသွားတဲ့ အိမ်ရှေ့ဝရန်တာက မီးသီးတွေ ၊ စည်ပင်က တပ်ထားတဲ့ လမ်းမီးချောင်းတွေ ဖြက်သွားဖြက်လာ လုပ်တဲ့ လူတွေရဲ့ ကိုယ်တွေ ၊ အကြော်သည်ရဲ့ အကြော်ဗန်းတွေ အကုန်ထိ။ လျှော်လိုက်ရ တာလည်း မပြောနဲ့။ (၄) တန်းတုန်းက မုန့်စားဆင်းချိန် ဘောလုံးကန်တော့...ဗိုက်ကြီးသည် ဆရာမက ကျောင်းအပေါက်ဝမှာ ထိုင်နေတာလေ။ ကံက ဆိုးချင်တော့ ဒီကောင် ကစ်ထည့်လိုက်တာ ဂိုးမ၀င်ဘဲ ဆရာမ ဗိုက်သွားမှန်တာလေ။ စိတ်တွေဆိုး ၊ ဒေါသတွေထွက်ပြီး ဘောလုံးသိမ်းသွားတာ တော်သေးတယ် ကျောင်းအုပ်ဆရာကြီးက ပြန်တောင်းပေးလို့။ အဲဒီလို ဆိုးတာ။ ဒီကောင် ဖြစ်သမျှ ကျွန်တော် အဆစ်ပါပါသွားတယ်။ ကျွန်တော်လည်း နင်လားငါလားပေါ့။ ကျောင်းကပြန်လာတာနဲ့ ကျွန်တော်တို့ နှစ်ယောက် လွယ်အိတ်ကို အိမ်ရှေ့ ကနေ ဘုန်းခနဲ လျှောတိုက်ပြီး ပစ်လိုက်တာ။ ပုဆိုးဆွဲချွတ်ပြီး ပစ်တင်လိုက်တယ်။ ပြီးတာနဲ့ အိမ်အောက်က ဘောလုံးကို ထုတ်ပြီး ကွင်းကိုပြေးတာ ။ ကျောင်းစိမ်းအကျီင်္တောင် မလဲဘူး။ ကန်မယ်ဆိုတာ ကြီးပဲ။ တခါ ( ၈) တန်းတုန်းက ဆရာမက သင်္ချာ သင်နေတုန်း..သူက ဘာသာရေး အကြောင်းတွေ ရှင်းပြနေတာ။ ကျွန်တော်က ဘောလုံး အကြောင်း စဉ်စားနေရင်း စိတ်က လွတ်သွားတာ ဘာပြောလိုက်လည်းဆိုတော့...

“ ဘောကို ချစ်တယ်...ဘောကို မြတ်နိးတယ်...ဘောလုံးကို တွယ်တာတယ်နဲ့ ”

ဒါတောင် ဆရာမ အော်လိုက်လို့ ရပ်သွားတာ။ ဘယ်က ဘယ်လို ထွက်သွားမှန်း မသိလိုက်ဘူး။ အဲဒီလောက်ထိလည်း ကျွန်တော်တို့ စွဲလန်းခဲ့ကြတာ။ ကျောင်းမှာဆိုလည်း ၁၀ တန်းရောက်တော့ ဆရာမ မလာတဲ့ အချိန်ဆို စာသင်ခန်း အလွတ်တွေမှာ သွားကန်တာ။ တခါအကန်ကောင်းလို့ ကျောင်းအုပ်ဆရာမကြီး လာတာနဲ့ တန်းတိုးတာ ထွက်ပြေးတာ မြန်ပေမယ့် အခန်းထဲရောက်တော့ ဆရာမက ယမထာ ရွှေကြိမ်လုံးနဲ့ ဆီးပြီးကြိုတယ်။ ၂ လုံးပြူးနဲ့ဆိုတော့ ကြိမ်ကလည်း လိမ်ထား တာဆိုတော့ အားပါးပါး...တော်တော် ခံလိုက်ရတာ။ ကျွန်တော်က ချွေးအရမ်းထွက် သန်တော့.....ဆရာမက

“ မင်းက ဘောလုံးကန်လာတာလား ရေချိုးလာတာလား ” ...လို့တောင်

အပြောခံလိုက်ရသေးတယ်။ ရပ်ကွက်ထဲမှာတော့ ကျွန်တော်တို့ ၂ ယောက်က ရွယ်တူ တွေ ကြားထဲမှာ အောကြောလန်ပါ။ မတော်လိုက်ရတဲ့ ယောက္ခမက သူ့သမီးကို ဘာပြောလည်း ဆိုတော့ အဲဒီကောင်လေးကိုကြည့်ထားတဲ့။ ကျွန်တော်ကိုပြောတာပါ။ ကြီးလာရင် ဘယ်တော့မှ မကြိုက်မိစေနဲ့တဲ့။ လူဆိုးဖြစ်မဲ့ကောင်တဲ့။ သူ့သမီးကိုယ်တိုင် ပြန်ပြောတာလေ။ အခုတော့လည်း အိမ်ထောင်ကျသွားပါပြီ။ ကျွန်တော်နဲ့ မပေးစားလိုက် ရလို့ တော်တော်တော့ ပျော်နေမယ်ထင်တယ်။ ကျွန်တော်တို့ အချင်းချင်းလည်း တခါတလေ မတည့်ပါဘူး။ တခါ သူ အရုပ်ကြေး ဒိုးဆက် ဆော့တော့ ကျွန်တော်က ၀င်ပါတယ်လေ။ ဒီကောင်က ဒိုးဆက်တော့ ကျွန်တော့်လောက် မကျွမ်းဘူး။ သူက ကျွန်တော်ပါရင် ရှုံးတော့မှာသိတော့ အပါမခံဘူး။ ကျွန်တော်ကလည်း မပါရတာ့ ဒိုးဆက် တွေယူပြီး လွှင့်ပစ်လိုက်တာ။ ဒီတော့ ဒီကောင်က အမေ့ကိုသွားတိုင်ပါလေရော ။ အမေလည်း လာရိုက်ရော ဘာပြောကောင်းမလည်း ၀ါလုံးယူပြီး ဒီကောင့်ကို လိုက်ရိုက်တာ။ အပြေးမြန်ပြီး အဆွဲကောင်းလို့ ။ မှတ်မှတ်ရရ အဲဒီတခါလောက်ပဲ ရန်ဖြစ်ဘူးတယ်။

၁၀ တန်းနှစ်မှာ သူများတွေက ဆေးလိပ်သောက် ၊ အရက်သောက်တဲ့ အချိန်မှာကျွန်တော်တို့ကတော့ လိုင်းပြောင်းသွာတယ်။ ကျူရှင် ပုံမှန်မတက်ဘူး ၊ ကျူရှင်လခလည်း မှန်အောင်မပေဘူး။ အဲဒီပိုက်ဆံတွေနဲ့ ဘောလုံးချိန်းကန်တယ် ၊ အကျီတွေ အားကစား ပစ္စည်းတွေဝယ်တယ်။ ငယ်ငယ်လေးကတည်းက ဘောလုံးသမား သိပ်ဖြစ် ချင်တော့လည်း ကျွန်တော်တို့ ကြိုစားခဲ့ကြတယ် ။ လွတ်လပ်ရေးနေ့တွေမှာ ဘောလုံး
အသင်းဖွဲ့ပြီး ကန်တယ်။ ဒီကောင်က ပါရမီရှိတယ်လေ။ သူကတိုက်စစ်မှုးပဲ။ ဂိုးသွင်းကောင်းတယ် ။ အလိမ်အခေါက်ကတော့ မပြောနဲ့။ ကျွန်တော့်ဆရာက သူပဲ။ ဒီကောင် လုပ်တာ ကျွန်တော် အကုန်လိုက်လုပ်ပြီးကျင့်တယ်။ ၁၀ တန်းစာမေးပွဲဖြေပြီးတော့ ဒီကောင်က လိုင်းနည်းနည်း ပြောင်းသွားတယ်။ ဘောလုံးသိပ်မကန်တော့ဘူး ။

ဒီတော့ ကျွန်တော် (၁) ယောက်တည်း ဘောလုံးကွင်းထဲ ဦးလှည့်နေရတယ်။ ဒီကောင်က ရုပ်ချောတော့ ကောင်မလေးတွေ ကြောင်နေပြီလေ။ ကျွန်တော်ကတော့ ကွင်းထဲမှာ မျိုးလိုင်ဝင်းကို အားကျတုန်း။ ကျွန်တော်ကြိုးစား အားထုတ်မှုကြောင့် လားတော့မသိဘူး အသက် ၁၉ နှစ်အောက်မှာ ကျွန်တော်က စမ်းချောင်းမြို့နယ် လက်ရွေးစင်အဖြစ် ရွေးခံရတယ်။ ဒီတော့မှ ဆရာက ဘောလုံးဘက်ပြန်လှည့်လာတာ။ ဒီလိုနဲ့ ကျွန်တော်တို့ ဘ၀လမ်းတွေ ရွေးကျရင်း လမ်းတွေခွဲခဲ့ရတာပါပဲ။ အခုထိတော့ အဆက်အသွယ်ရပါတယ်။ ဘာလိုလိုနဲ့ ကျွန်တော်တို့တွေ ခွဲလာတာ အခုဆိုရင် (၈) နှစ်တောင် ရှိခဲ့ပြီ။ ဘာပဲပြောပြော ကျွန်တော်ပြန်လာတိုင်း ရှမ်းလမ်း ညဈေးမှာ လက်ဖက်သုပ်နဲ့ထမင်း ကို တ၀ကြီး သွားသွား စားကြတာကို သတိရတယ်။ ဆုရရ မရရ ၀င်ကန်ခဲ့တဲ့ ဘောလုံး ပြိုင်ပွဲတိုင်းမှာ အတူတူကန်ခဲ့ကြတာကို မှတ်မိတယ်။ ညဘက်တွေ ဘောလုံးပွဲတွေ အတူ သွားကြည့်ခဲ့တာကို ပြန်လိုချင်မိတယ်။

ကဲ....ညီမလေး အိုကီဆုရေ။ အစ်ကိုရေးပြီးပြီနော်။


အသက်ပါတဲ့
ရင်ထဲက စကားလုံးတွေပါ
နားမခါးလိုက်ပါနဲ့
ကောင်မလေးရယ်.......။

အချစ်ရဲ့ ဆန်းကြယ်မှု့ကို
မင်း မသိမခြင်းတော့
ငါ့ ရဲ့စကားလုံးတွေဟာ မင်း အတွက်
နားခါးစရာ ဖြစ်နေမှာပါ.......။


မယုံကြည်တက်တဲ့
သူ တစ်ယောက်အတွက်
သူဌေးတောင်မှ
သူခိုးဖြစ်နိင်သေးတာပဲလေ.....။

အချစ်ရဲ့ ဆန်းကြယ်မှုတွေကို
မင်း သိလာတဲ့ တစ်နေ့မှာ
ငါ့ရဲ့ စကားလုံးတွေဟာ
ချိန်မြိန်ပြီး ရနံပြင်းတဲ့ ချစ်ခြင်းဖြစ်လာမှာပါ....။